သတင်း

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း လေ့ကျင့်မှုစတင်ပြုလုပ်

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း လေ့ကျင့်မှုစတင်ပြုလုပ်
=======================================
နေပြည်တော် မတ် ၅

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် မတ် ၅ ရက် နံနက်ပိုင်းမှစ၍ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။ မြန်မာ အမျိုးသမီးအသင်းကို ပြီးခဲ့သည့်လက ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး နည်းပြချုပ်သစ် ဦးဝင်းသူမိုးက ကိုင်တွယ်လျက်ရှိကာ တစ်နေ့ လျှင်နှစ်ကြိမ် လေ့ကျင့်လျက်ရှိသည်။

မြန်မာအမျိုးသမီးအသင်းသည် ယခုနှစ်ယှဉ်ပြိုင်ရမည့် ၂ဝ၁၈ အာဆီယံအမျိုးသမီးပြိုင်ပွဲအတွက် ပြင်ဆင်ခြင်းဖြစ်ပြီး ယင်းပြိုင်ပွဲကျင်းပမည့် ကာလအပေါ်မူတည်၍ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ၂ဝ၁၈ အာဆီယံ အမျိုးသမီး ပြိုင်ပွဲကို မူလက ဇူလိုင်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း အိမ်ရှင်နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံက မေလသို့ ပြောင်း လဲကျင်းပခွင့်ရရန် တောင်းဆိုထားရာ မတ် ၁၁ ရက်တွင် သြစတြေးလျနိုင်ငံ၌ ကျင်းပမည့် အာဆီယံဘောလုံးအဖွဲ့ချုပ် ကောင်စီအစည်းအဝေးတွင် အတည်ပြုမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း သည် ပြိုင်ပွဲကျင်းပမည့်ရက် အတည်ပြု ပြီးမှသာ နိုင်ငံတကာခြေစမ်းပွဲ ကစား မည့် အစီအစဉ်များအား ဆောင်ရွက်နိုင် မည်ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းနည်းပြ ချုပ် ဦးဝင်းသူမိုးက ” အသင်းက အခုမှ စတင်လေ့ကျင့်တာဖြစ်လို့ ပထမနှစ်ပတ် မှာ ကြံ့ခိုင်မှုကို ဦးစားပေးလုပ်ဆောင်မှာ ပါ၊ ကြံ့ခိုင်မှုလေ့ကျင့်ပြီးမှ ကစားကွက်၊ နည်းဗျူဟာအပိုင်းတွေကို ဆက်လက် လေ့ကျင့်မှာပါ၊ အသင်းမှာ အတွေ့ အကြုံရှိတဲ့ စီနီယာကစားသမားတွေရော လူငယ်အသင်းတွေက တက်လာတဲ့ လူငယ်ကစားသမားတွေပါ ပါဝင်ပါတယ်၊ ပြီးခဲ့တဲ့နှစ်လောက်ထိ လူငယ်နဲ့ လူကြီး ပေါင်းစပ်ရာမှာ အတွေ့အကြုံချင်းကွာခြား တာကြောင့် အခက်အခဲရှိခဲ့ပေမယ့်လူငယ် တွေလည်း ထိုက်သင့်တဲ့ အတွေ့အကြုံ ရလာပြီဖြစ်တာကြောင့် ပေါင်းစပ်ဖွဲ့စည်း ရတာ လွယ်ကူလာမှာပါ၊ ပြိုင်ပွဲကျင်းပ မယ့်ရက်အပေါ် မူတည်ပြီး နိုင်ငံတကာ ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ကစားမှာပါ။

”လာမယ့်တစ်ပတ်ကစပြီး ပြည်တွင်း လူငယ်အမျိုးသားအသင်းတွေနဲ့ ခြေစမ်း ပွဲကစားဖို့ စီစဉ်ထားပါတယ်၊ ဒဏ်ရာရ နေတဲ့ ကစားသမားတချို့ကိုလည်း စောင့်ကြည့်နေပါတယ်၊ အကောင်းဆုံး အနေအထားရအောင် လေ့ကျင့်သွား မှာပါ” ဟု ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းတွင် နည်းပြချုပ် -ဦးဝင်းသူမိုး၊ လက်ထောက်နည်းပြ- ဦးခင်မောင်ထွေး၊ ဒေါ်ဇင်မာဝမ်း၊ ဂိုးနည်းပြ-ဦးမြကိုမင်း၊ ကစားသမားများအဖြစ် ဂိုးသမား – ဇာဇာမြင့်(အားကစားနှင့် ကာယပညာ ဦးစီးဌာန)၊ သင်းသင်းစိုး (ဇွဲကပင်)၊ မေဇင်နွယ် (မြဝတီ)၊ မျိုးမြမြငြိမ်း (သစ္စာ အားမာန်)၊ နောက်တန်း – ဝေဝေအောင်၊ ခင်ပြည့်လင်း၊ အိရတနာဖြိုး(အားကစား နှင့် ကာယပညာဦးစီးဌာန)၊ ခင်သန်းဝေ (မြဝတီ)၊ အေးအေးမိုး (မြဝတီ)၊ ဇင်မာဝင်း (သစ္စာအားမာန်)၊ ဖူးပွင့်ခိုင် (သစ္စာအားမာန်)၊ ငယ်ငယ်ထွေး (သစ္စာအားမာန်)၊ နန်းဇူဇူထက်(မြဝတီ)၊ ဇွန်ယုယဦး (YREO) ၊ ခင်မျိုးဝင်း (အား/ကာသိပ္ပံ)၊ အလယ်တန်း – ခင်မာ လာထွန်း၊ သင်းသင်းယု၊ နန့်မေသဇင် (အားကစားနှင့် ကာယပညာဦးစီးဌာန)၊ ရူပါခိုင်၊ လှယဉ်ဝင်း၊ ခိုင်သဇင် (မြဝတီ)၊ နီလာမြင့်၊ ခင်မိုမိုထွန်း၊ သ္တာမိုး၊ နော်အားလိုဝါးဖော (သစ္စာအားမာန်)၊ သန်းသန်းထွေး(ဇွဲကပင်)၊ ရှေ့တန်း – နုနု၊ ရီရီဦး (အားကစားနှင့် ကာယပညာ ဦးစီးဌာန)၊ ဝင်းသိင်္ဂထွန်း (မြဝတီ)၊ ဂျူလိုင်ကျော်၊ ခင်မိုးဝေ၊ နီလာဝင်း (သစ္စာအားမာန်)တို့ ပါဝင်ကြသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်

Leave a Reply

Your email address will not be published. Required fields are marked *