သတင်း

ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) တွင် အဝင်အထွက် စိစစ်

ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) တွင် အဝင်အထွက် စိစစ်

==========================
ကျောင်းဝင်းလုံခြုံရေးအတွက် မတ်လ ၅ ရက်မှစ၍ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)ဝင်းအတွင်း ကျောင်းသားကတ်နှင့် ဝန်ထမ်းကတ်များရှိမှသာ ဝင်ထွက် ခွင့်ပြုကြောင်း အဆိုပါတက္ကသိုလ်ထံမှ သိရသည်။

ကျောင်းသားများအနေနှင့် ထိုသို့ ဝင်ထွက်ခွင့် အပါအဝင် အပြင်လူ(ဧည့်သည်) များကိုလည်း ကျောင်းဝင်ပေါက်ရှိ ဧည့်မှတ်တမ်းတွင် လက်မှတ်ထိုးစေပြီးမှ ဝင်ခွင့်ပြုရန် မတ်လ ၅ ရက်မှစ၍ ကျောင်းလုံခြုံရေးများကို ညွှန်ကြားထားကြောင်း အဆိုပါ တက္ကသိုလ်ထံမှ သိရသည်။

“ကျောင်းသားလား၊ ဘာလား မသိရတဲ့သူတွေက ကျောင်းသူတွေကို လိုက်နှောင့်ယှက်တဲ့ကိစ္စတွေ မကြာ၊ မကြာ ဖြစ်နေလို့။ အဲဒါကြောင့် သတ်မှတ်လိုက်တာပါ”ဟု ရန်ကုန်တက္ကသိုလ် မော်ကွန်းထိန်း အဆင့်(၂) ဦးဇေယျာဦးက ပြောဆိုသည်။

ထို့ကြောင့် ဆရာ၊ ဆရာမများ၊ ကျောင်းဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝင် ထွက်ကတ်များ ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်းက ထုတ်ပေးထားကြောင်း ၎င်းကဆိုသည်။

“ကျောင်းသားဆောင်တွေနဲ့ ကျောင်းနဲ့က သွားရတာ နည်းနည်း လှမ်းတယ်။ ပြီးတော့ သွားတဲ့လမ်းမှာ လုံခြုံရေး မရှိဘူးဆိုတော့ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ကျောင်းသူတွေ ကိုယ်ထိလက်ရောက် နှောင့်ယှက်ခံရတယ်။ အဲလိုခံရတာ ကျောင်းသူ တော်တော်များတယ်”ဟု အဆိုပါ တက္ကသိုလ် ကျောင်းသားရေးရာ ကော်မတီဝင် ဦးအောင်ကောင်းဆက်က ပြောကြားသည်။

အဆောင်နေကျောင်းသား၊ ကျောင်းသူများ နေထိုင်သော မြတ်လေးဆောင်နှင့် ကေတုမတီဆောင်ဟူ၍ရှိပြီး အဆောင်မှ ကျောင်းသို့ ဆယ်မိနစ်ခန့် လမ်းလျှောက်ရပြီး ထိုလမ်းများသည် အများအားဖြင့် လူသွား လူလာ နည်းပါးကြောင်း ဆရာ၊ ဆရာမများထံမှ သိရသည်။

ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေကို နှစ်ပေါင်း ၂၀ ကျော် ပိတ်ထားခဲ့ရာမှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၄ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့ပြီး လက်ရှိ တက္ကသိုလ် တက်ရောက်နေသော ပထမနှစ် ကျောင်းသား၊ ကျောင်းသူ ၁၅၀၀ ကျော်ရှိရာ အဆောင်နေ ကျောင်းသား၊ ကျောင်းသူ ဦးရေ ၅၀၀ ကျော်ရှိကြောင်း အဆိုပါ တက္ကသိုလ်ထံမှ သိရသည်။

The Voice

ကို​ဖေ​အောင်

Leave a Reply

Your email address will not be published. Required fields are marked *