သတင်း

ယခုနှစ်အတွင်း အီတလီနိုင်ငံသို့ စိန်တစ်လုံး သရက်သီး တင်ပို့မည်

ယခုနှစ်အတွင်း အီတလီနိုင်ငံသို့ စိန်တစ်လုံး သရက်သီး တင်ပို့မည်

ရန်ကုန် မတ် ၅

မြန်မာနိုင်ငံမှ ပြည်ပသို့ စိန်တစ်လုံး သရက်သီး တင်ပို့ရောင်းချနေသော မြန်မာရွှေသစ်သီးဝလံ ကုမ္ပဏီလီမိတက်မှ ယခုနှစ် တွင် ပြည်ပဈေးကွက်သစ် အနေဖြင့် အီတလီနိုင်ငံသို့ တင်ပို့ရောင်း ချမည်ဖြစ်ကြောင်း မြန်မာရွှေသစ်သီးဝလံ ကုမ္ပဏီလီမိတက် အထွေထွေမန်နေဂျာ ဦးစိုင်းအောင်ကျော် ထံမှ သိရသည်။ ယခုနှစ်အတွင်း စိန်တစ်လုံး သရက်သီးကို ပြည်ပဈေးကွက်သစ်အနေဖြင့် အီတလီနိုင်ငံသို့ တင်ပို့နိုင်ရန် ပြီးခဲ့သည့်နှစ်က ယင်းနိုင်ငံမှ သစ်သီးကုန်သည်များနှင့် အစားအသောက် ထုတ်လုပ်သော ကုမ္ပဏီများသို့ အစမ်းတင်ပို့ခဲ့ခြင်းဖြစ်သည်။

စိန်တစ်လုံးသရက်သီးကို ဧပြီလဆန်းပိုင်းမှ စ၍ အီတလီနိုင်ငံသို့ ၎င်းတို့ဝယ်ယူရန် ကမ်းလှမ်းထားသော ပမာဏအတိုင်း ရောင်းချမည်ဖြစ်သည်။ ”ဈေးကွက်သစ်အနေနဲ့ အီတလီနိုင်ငံကို စိန်တစ်လုံးသရက်သီး တင်ပို့ရောင်းချတာ အဆင်ပြေရင် ဥရောပနိုင်ငံတွေကိုလည်း ထပ်မံတင်ပို့ ရောင်းချနိုင်ဖို့ အီတလီနိုင်ငံက ကုန်သည်တွေနဲ့ စားသောက်ကုန် ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေရဲ့ အကူအညီယူပြီး ဆောင်ရွက်မှာပါ။

ဥရောပနိုင်ငံတွေမှာ စိန်တစ်လုံးသရက်သီးကို ဈေးကွက်အခိုင်အမာ ရရှိမယ်လို့ မှန်းထားပါတယ်။ အီတလီနိုင်ငံကို စိန်တစ်လုံးသရက်သီး တင်ပို့ရာမှာ ဝယ်လိုအားပေါ် မူတည်ပြီး ဈေးနှုန်းသတ်မှတ် ရောင်းချမှာပါ” ဟု ဦးစိုင်းအောင်ကျော်ကပြောသည်။ ယခုနှစ်အတွင်း စိန်တစ်လုံးသရက်သီးကို အီတလီနိုင်ငံအပြင် တရုတ်နှင့် စင်ကာပူနိုင်ငံ တို့သို့လည်း တင်ပို့မည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *