သတင်း

#သုတ်ပိုးတွေဘယ်လောက်ကြာကြာရှင်နေနိုင်သလဲ

#သုတ်ပိုးတွေဘယ်လောက်ကြာကြာရှင်နေနိုင်သလဲ

ယောက်ျားလေးရဲ့ သုတ်ရည်ထဲက သုတ်ပိုးဟာ ခန္ဓာကိုယ် အပြင်ဘက်မှာ အချိန်ဘယ်လောက် ကြာကြာနေနိုင်ပါသလဲ။ နောက်ပြီး သုတ်ပိုးဟာ ခန္ဓာကိုယ် အပြင်ဘက်ရောက်ပြီး အချိန် နည်းနည်းကြာမှ မိန်းမအင်္ဂါထဲကို လက်ကနေ တဆင့် အနည်းငယ် ကပ်ပါသွားခဲ့ရင်ရော ကိုယ်ဝန်ရနိုင်ပါသလား ခင်ဗျာ။

■ Sperm သုတ်ပိုးက ဘယ်မှာနေတာလဲ အရင်ကြည့်ရမယ်။ သူတို့နေစရာ အပေါ်မှာ မူတည်ပြီး ဘယ်လောက်ကြာကြာ ရှင်နိုင်သလဲ ကွာခြားသွားတယ်။

■ သုတ်ရည်ကို အမျိုးသမီးရဲ့ ဗဂျိုင်းနား ထဲမှာ ထုတ်လွှတ်ရင် အကြာဆုံး အသက်ရှင်နေနိုင်တယ်လို့ ပြောလို့ရတယ်။ ဗဂျိုင်းနား၊ သားအိမ်အဝနဲ့ သားမွေးအိမ်ထဲ၊ သားအိမ်ပြွန်နေရာတွေမှာ ၃ ရက်ကနေ ၅ ရက်အထိ ရှင်နေကြမယ်။

■ ဒါကြောင့် အမျိုးသမီးတွေဟာ တစ်လမှာ တစ်ရက်တည်းသာ မျိုးဥက ထွက်(ကြွေ)ပေမဲ့ မျိုးဥ မထွက်ခင် သုတ်ပိုးတွေက အရင် ရောက်နေလို့ ရှင်နေသေးရင် ကိုယ်ဝန် ရနိုင်မယ်။

■ အလားတူ မျိုးဥထွက်ပြီးနောက် မျိုးဥ ရှင်နေချိန်အတွင်း သုတ်ပိုးနဲ့ တွေ့ဆုံ ပေါင်းစပ်ရင်လဲ ကိုယ်ဝန် ရစေနိုင်တယ်။

■ လူ့ကိုယ်ခန္ဓာ ပြင်ပမှာ သုတ်ပိုးနဲ့အတူ ထွက်တဲ့ Semen (စီမင်) အရည်ထဲမှာဆိုရင် သုတ်ပိုးတွေက ရှင်နေနိုင်သေးတယ်။ နာရီအနည်းငယ်လို့ ပြောနိုင်တယ်။

■ (စီမင်) ကို အေးအောင် ထားရင် ပိုကြာကြာ ရှင်နိုင်တယ်။ ခဲအောင် လုပ်ထားရင် နှစ်နဲ့အထိ ရှင်နိုင်တယ်။

■ လူ့ကိုယ်ခန္ဓာပြင်ပမှာ သုတ်ပိုးတွေက မိနစ် ၂ဝ ကနေ ၁ နာရီအထိ ရှင်နိုင်တယ်။ သုတေသန တချို့က မိနစ် အနည်းငယ်မှ ၁-၂ ရက်လို့ပြောတယ်။

■ ဘာကွာသွားသလဲဆိုရင် အပူချိန်၊ အစိုဓါတ်၊ ပါတ်ဝန်းကျင် အခြေအနေတွေ ပေါ်မှာ မူတည်တယ်။ အက်စစ် အခြေအနေ၊ ဖိအား၊ စိုထိုင်းဆ စတာတွေပေါ့။

■ ကိုယ်ဝန်ရမှာ စိုးရိမ်ရင် သုတ်ရည်ကို ဗဂျိုင်းနားနဲ့ ဝေးလေကောင်းလေ ဆိုတဲ့ ဥပဒေသကို လိုက်နာသင့်တယ်။

■ တကယ်တန်း သုတ်လွှတ်ခြင်းဖြစ်စဉ် မတိုင်ခင်မှာ စိုစွပ်မှုပေးတဲ့ လိင်စိတ်ကနေ ဖြစ်စေတဲ့ အရည်ထဲမှာ သုက်ပိုးပါနေ-မနေ ကံသေကမ္မ ပြောမရပါ။ ရာခိုင်နှုန်း နည်းနည်းတော့ ပါကောင်း ပါနေနိုင်တယ်။

■ ပုဝါအစိုထဲ၊ အဝတ်စိုထဲ၊ ရေထဲ၊ ရေချိုးကန်ထဲမှာ ပိုနေနိုင်မယ်။

■ မ,မျိုးဥသက်တမ်းကတော့ ပိုတိုတယ်။ အမျိုးသမီး ခန္ဓာကိုယ်ထဲမှာသာ ရှိနေသော်ငြားလည်း မျိုးဥအိမ်ကနေ ထွက်လာပြီး နောက်မှာ ၁၂ နာရီကနေ ၂၄ နာရီ ထိသာ ရှင်တယ်လို့ သုတေသန အများစုက ဆိုတယ်။ တချို့ကတော့ ၇၂ ကနေ ၁၂ဝ နာရီအထိ နေနိုင်တယ်လို့ ပြောတယ်။

■ ရှားပါးပေမဲ့ ဖြစ်နိုင်သေးတာက အမျိုးသမီးတွေဟာ တစ်လတည်းမှာ မျိုးဥနှစ်ခုကို ၂၄ နာရီ အတွင်းမှာ ထွက်နိုင်တယ်။ တစ်ရက်ကျော်မှ ထွက်တာလဲ ပြောမရဘူး။ ထွက်လာရင် ၂ ရက်အထိ ရှင်နိုင်တယ်လို့ ဆိုတာလဲရှိပါတယ်။

■ ဒါကြောင့် အများဆုံးရက်တွေကို စုပေါင်းလိုက်ရင် တစ်လမှာ ကိုယ်ဝန်ရနိုင်ခြေက သုတ်ပိုး အသက် ၅ ရက်နဲ့ မျိုးဥအသက်၂ ရက်ဖြစ်လို့ (၅ + ၂ = ၇) ရက် ဖြစ်တယ်။

■ အကောင်းဆုံး ကိုယ်ဝန်ရစေနိုင်တဲ့ရက်ဟာ အမျိုးသမီး မ,မျိုးဥ မထွက်ခင် ၁ ရက် အလိုမှာ ယောက်ျားသုတ်ပိုး ဝင်လာစေတာ ဖြစ်​တယ်​။

သုတ်ပိုး အကြောင်း (အသေးစိတ်)ကို ဗဟုသုတ အနေနဲ့ နောက်ထပ် Post တင်ပြီး တင်ဆက်ပေးပါဦးမယ်။

အစဉ်အမြဲ ကြိုးစားတင်ဆက်လျက်
#ကျန်းမာရေးဆောင်းပါးများ

Leave a Reply

Your email address will not be published. Required fields are marked *