သတင်း

ပုစွန်ခြောက် အခွံခွာစက် မြိတ်မြို့နယ်တွင် တီထွင်ထုတ်လုပ်နေ

ပုစွန်ခြောက် အခွံခွာစက် မြိတ်မြို့နယ်တွင် တီထွင်ထုတ်လုပ်နေ

5 March 2018

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်မှာ ပုစွန်ခြောက် ထုတ်လုပ်တဲ့လုပ်ငန်းတွေမှာ အသုံးပြုတဲ့ အခွံခွာစက်တွေ တီထွင်ထားတယ်လို့ သိရပါတယ်။

မြိတ်ဒေသဟာ ပုစွန်ခြောက်လုပ်ငန်းတွေ အများဆုံး လုပ်ကိုင်နေတဲ့ ဒေသတခုဖြစ်ပြီး ပုစွန်ခြောက် အကောင်ကို အခွံခွာနိုင်ဖို့အတွက် ကိုယ်ပိုင်နည်းပညာနဲ့ စက်ကိရိယာတွေကို တီထွင်တာ ဖြစ်တယ်လို့ ပုစွန်ခြောက် အခွံခွာစက် တီထွင်သူ ဦးကိုင်ဇာဆီက သိရပါတယ်။

“မြိတ်ဒေသမှာ ပင်လယ်ပိုင် ကျေးရွာတွေမှာ ပုစွန်ခြောက်လုပ်ငန်းတွေ အများကြီးရှိပါတယ်၊ အများစုကတော့ ပုစွန်ခြောက်တွေကို နေလှန်းပြီး ရိုက်ဖွပ်ပြီးမှ အခွံကို ပြန်ချွတ်ရတာပါ၊ အချိန်ကုန် လူပင်ပန်းတာမျိုး ရှိတာပေါ့။ အခုဆိုရင် နည်းပညာအားကိုးနဲ့ နေလှန်းပြီးသား ပုစွန်ခြောက်တွေကို စက်ထဲထည့်ပြီး အခွံချွတ်လို့ရအောင် ဆိုပြီး ရည်ရွယ် ထုတ်လုပ် ဖြစ်တာပါ။”

ပုစွန်ခြောက် အခွံခွာစက်ကို သံထည်နဲ့ စတီးထည် အမျိုးအစား နှစ်မျိုး ထုတ်လုပ်နေပါတယ်။ သံထည်စက်တလုံးကို ၈ သိန်းခွဲနဲ့ စတီးထည် စက်တလုံးကို ၁၈ သိန်းကျပ် အထိ ဈေးနှုန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။

“စက်ကတော့ သီးခြားထုတ်လုပ်ရောင်းချတာမျိုးတော့ မရှိပါဘူး၊ လာရောက် မှာယူမှ ထုတ်လုပ်ပေးတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့်မှာက တခြားလုပ်ငန်းတွေဖြစ်တဲ့ အဲယာကွန်းလုပ်ငန်းနဲ့ သံထည်လုပ်ငန်းတွေကို အဓိကထား လုပ်နေတာဖြစ်လို့ ပုစွန်ခြောက် အခွံခွာစက်ကို သီးခြား ထုတ်လုပ်တာမျိုး မရှိသေးတာ” လို့လည်း ဦးကိုင်ဇာက ဆက်ပြောပါတယ်။

အဲဒီပုစွန်ခြောက်အခွံခွာစက်မှာ ပုစွန်ခြောက် အကောင်တွေကို ထည့်သွင်းပါက အကောင်နဲ့ အခွံတွေကို သီးခြားထုတ်လုပ်ပေးနိုင်တယ်လို့ သိရပါတယ်။

မြိတ်ဒေသထွက် လက်ဆောင်ပစ္စည်းအရောင်းဆိုင် ပိုင်ရှင်တဦးက “ဒီစက်ကို အသုံးပြုရတာ ကောင်းမယ်လို့ ထင်ပြီး သုံးပြုကြည့်ပါတယ်။ အဆင်မပြေမှုတွေ ရှိနေတာ တွေ့ရလို့ ထပ်မသုံးဖြစ်တော့ပါဘူး၊ ပုစွန်ခြောက် အကောင်တွေ ကျိုးတယ်၊ ကြေတယ်၊ အဲဒါကြောင့် ထပ်မသုံးဖြစ်တာပါ၊ စက်ကိုတော့ ငွေဆယ်သိန်းကျော်နဲ့ ရင်းနှီးထားပြီး အခုဆိုရင် ဒီအတိုင်း ပစ်ထားရတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ပုစွန်ခြောက် အခွံခွာစက် ၁၁ လုံးအထိ ထုတ်လုပ် ရောင်းချထားပြီး ပုစွန်ခြောက် လုပ်ငန်းအများစု လုပ်ကိုင်တဲ့ မြိတ်ကျွန်းစု၊ ရခိုင်နဲ့ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာဒေသတွေကို ရောင်းချပေးထားတယ်လို့ သိရပါတယ်။

သတင်း – ဇော်ဇော်(မြိတ်)
By ဒီဗွီဘီ

Leave a Reply

Your email address will not be published. Required fields are marked *