သတင်း

အသားမကြိုက်တဲ့ကလေးကို အာဟာရဓာတ်လုံလောက်အောင် ဘာတွေကျွေးရမလဲ

အသားမကြိုက်တဲ့ကလေးကို အာဟာရဓာတ်လုံလောက်အောင် ဘာတွေကျွေးရမလဲ
—————————————————-

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

အိမ်က သမီးလေးကလေ အသားဆိုမစားဘူး။ အသီးအရွက်လေးနဲ့မှ ထမင်းကျွေးလို့ရတယ် ဆိုတာမျိုး တချို့မေမေတွေဆီက ကြားရတတ်ပါတယ်။ တကယ်လည်းဟုတ်တယ်။ တချို့ကလေးတွေက ထမင်းစစားကတည်းက အသီးအရွက်ပဲကြိုက်တာ၊ အသားတွေ၊ ငါးတွေ လုံးဝမကြိုက်၊ ထွေးထုတ်တတ်တယ်။ ဒါပေမယ့် အဲလိုဘာမှကျွေးမရတဲ့အခါ တချို့မိဘတွေက ဒီအတိုင်းထားလိုက်တယ်၊ နောက်တော့ စားလာမှာပေါ့ ဆိုပြီးလေ။ သူစားတာလေးလိုက်ကျွေးပြီး ဒီအတိုင်းစောင့်နေတဲ့နည်းက မှန်ရဲ့လား မေမေတို့ ပြောကြည့်ပါဦး။

အသားမကြိုက်တဲ့ကလေးကို အသားပါအောင်၊ အသားဓာတ်ရအောင် အတင်းထည့်ကျွေးတာမျိုး မလုပ်ဘဲနဲ့ အသားဓာတ်ရအောင် လုပ်ပေးလို့ရတဲ့နည်းတွေရှိပါတယ်နော်။ ဖွံ့ဖြိုးဖို့အရှိန်ယူဆဲအရွယ် ကလေးတွေအတွက် အာဟာရဓာတ်မျိုးစုံကို အလုံအလောက်ရနိုင်ဖို့ စီစဉ်ပေးသင့်တာမို့ ကလေးစားတာလေးကျွေးပြီး အလွယ်လမ်းမှာငြိမ်မနေပါနဲ့။ ခုနေခါ ကလေးရဲ့ကျန်းမာရေးနဲ့အာဟာရမှာ မိဘရဲ့ဂရုစိုက်မှုက ကြီးပြင်းလာတဲ့အခါ ရလဒ်အနေနဲ့ သက်ရောက်စေမှာဖြစ်လို့ပါ။ သက်သတ်လွတ်စားတယ်ပဲထားဦး၊ သေချာဂရုစိုက်စီစဉ်ပေးရင် အသားဓာတ်ရနိုင်တဲ့အပြင် တခြားမရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တွေကိုပါ အပြည့်အဝရရှိနိုင်ပါတယ်။

ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်းနဲ့ သံဓာတ်က မပါမဖြစ်ဆိုတော့ ကလေးအာဟာရပြင်ဆင်တဲ့အခါ သတိထားသင့်တဲ့ ဒီအချက်တွေ သေချာဖတ်ကြည့်လိုက်ပါဦး။

တစ်နေ့တာမှာ အသီးအရွက်ပရိုတင်းရနိုင်တဲ့ ပဲနီလေး၊ ပဲပိစပ်နဲ့ တခြားပဲအမျိုးမျိုးကို စားသုံးမိအောင် ဂရုစိုက်ထည့်သွင်းပါ။ ပဲမှာ ပရိုတင်းကြွယ်ဝတာကြောင့် ကြီးထွားဖွံ့ဖြိုးမှုနဲ့ ဆဲလ်တွေကျန်းမာရေးအတွက် အဓိကအားဖြည့်ပေးပါတယ်။


အမျှင်ဓာတ်တွေချည်း အများကြီးမစားမိပါစေနဲ့။ တခြားလိုအပ်တဲ့အာဟာရတွေ မစားနိုင်ဘဲ ဗိုက်ပြည့်တင်းတိမ်သွားပါလိမ့်မယ်။ အသီးအနှံတွေနဲ့အသီးအရွက်တွေက ကလေးအာဟာရမှာ တကယ်ကိုကောင်းကျိုးပြုတယ်ဆိုပေမယ့် သူတို့မှာ ကယ်လိုရီပါဝင်မှုနည်းပြီး ခွန်အားပြည့်ဖို့လည်း မလုံလောက်ပါဘူး။ ကယ်လိုရီနဲ့ တခြားဓာတ်တွေအစုံပါဝင်တဲ့ အစားအစာနဲ့ တွဲကျွေးပါ။ ဥပမာ ထောပတ်သီး၊ နွားနို့၊ နို့ထွက်ပစ္စည်း စတာတွေ။


သံဓာတ်ကလည်း အရမ်းအရေးပါတယ်နော်။ ကလေးရဲ့ခန္ဓာကိုယ်အနှံ့ကဆဲလ်တွေအတွက် အောက်ဆီဂျင်သယ်ဆောင်ပေးတဲ့ ဟေမိုဂလိုဘင်ထုတ်လုပ်မှုအတွက် လုပ်ဆောင်ပေးတာကြောင့်ပါ။ သံဓာတ်ရအောင်လို့ အာလူးမီးဖုတ်၊ တို့ဖူး တို့လို စားစရာတွေအပြင် ပန်းဂေါ်ဖီစိမ်း၊ ရုံးပတီသီး၊ ဟင်းနုနွယ်တို့လို အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေ ပါအောင်ကျွေးပါ။


ဗီတာမင် C က သံဓာတ်စုပ်ယူမှုကိုအားကောင်းစေလို့ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး နဲ့ အပေါ်ကအချက်လို အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေကို အားကိုးလိုက်ရင်အဆင်ပြေပါတယ်။ သရေစာအဖြစ်နဲ့ အသီးအနှံတွေကို ဒီအတိုင်းရော၊ ဖျော်ရည်အဖြစ်နဲ့ပါစီစဉ်ပေးလို့ရပါတယ်။


ကြက်ဥမှာ ဗီတာမင် B12 အပြည့်အဝပါဝင်တဲ့အတွက် သက်သတ်လွတ်ထမင်းပွဲမှာ ပါဝင်သင့်တဲ့ အာဟာရတစ်မျိုးပါ။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင် သံဓာတ်လည်းပါဝင်တယ်လေ။ B12 က ကလေးရဲ့ခန္ဓာကိုယ်မှာ စားလိုက်တဲ့အစားအစာတွေကို ခွန်အားအဖြစ်ပြောင်းလဲပေးနိုင်ဖို့ လုပ်ဆောင်ပေးတဲ့အတွက် သွေးနီဥဆဲလ်တွေဖြစ်ပေါ်မှုနဲ့ အာရုံကြောစနစ်ကျန်းမာရေးအတွက် မရှိမဖြစ်ပါ။ ကလေးကိုကျွေးတဲ့ ကြက်ဥ၊ဘဲဥကို သေချာကျက်အောင်ချက်ပြုတ်ထားဖို့တော့လိုပါတယ်။


ဒိန်ချဉ်နဲ့ ချိစ်မှာ ကယ်လ်စီယမ်နဲ့ပရိုတင်းဓာတ်ပါဝင်မှုများလို့ ကလေးရဲ့အရိုးနဲ့ကြွက်သားကျန်းမာဖွံ့ဖြိုးရေးအတွက် အားထားစရာတွေဖြစ်ပါတယ်။


အုတ်ဂျုံ၊ ဂျုံပြောင်းနှံတွေလည်း လိုအပ်တာကြောင့် ကွေကာအုပ်ကို နွားနို့လေးနဲ့ဖြစ်ဖြစ်၊ အာဟာရနို့မှုန့်တွေနဲ့ဖြစ်ဖြစ် စီစဉ်လုပ်ကျွေးပါ။ အသင့်စားကွေကာတွေက သကြားပါဝင်မှုများတာကြောင့် သတိတော့ထားပါ။ ဖြစ်နိုင်ရင် ကွေကာသီးသန့်ဝယ်ပြီး ကိုယ်တိုင်လုပ်ကျွေးတာပိုကောင်းပါတယ်။


နွားနို့မှာ ကယ်လ်ဆီယမ်၊ ဗီတာမင် D နဲ့ ပရိုတင်းကြွယ်ဝတာကြောင့် အရိုးကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးကြီးပါတယ်။ ဒါ့ကြောင့် တစ်နှစ်အထက်ကလေးတွေကို နွားနို့ကိုပုံမှန်တိုက်ကျွေးသင့်ပါတယ်။ ထမင်းမစားခင်တော့ မတိုက်မိဖို့ ဂရုစိုက်ပါ။ နွားနို့အစား ကလေးတွေကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုတဲ့ အာဟာရနို့မှုန့်တွေ တိုက်ကျွေးရင်လည်း အထက်မှာပြောခဲ့တဲ့ အရေးပါတဲ့အာဟာရဓာတ်တွေအတွက် တစ်ချက်ခုတ်နှစ်ချက်ပြတ်ပါပဲ။


သက်သတ်လွတ်စားတိုင်း အားမပြတ်ပါဘူးနော်။ မေမေတို့လက်ထဲမှာ ပုံသွင်းသလို ကြီးပြင်းလာမယ့် ကလေးတွေရဲ့ကျန်းမာဖွံ့ဖြိုးမှုအတွက် ဂရုစိုက်ကြိုးစားပေးလိုက်ပါ။

#Hello Health Group

Leave a Reply

Your email address will not be published. Required fields are marked *