သတင်း

ရထားဘူတာတွင် ညတိုင်း သခင်ကို စောင့်မျှော်နေသည့် အထီးကျန်ခွေးမလေး

ရထားဘူတာတွင် ညတိုင်း သခင်ကို စောင့်မျှော်နေသည့် အထီးကျန်ခွေးမလေး

==================
==================

ညစဉ် တညပြီးတည ကုန်ဆုံးသွားတဲ့အထိ ရထားဘူတာရုံ တခုတည်းမှာ အထီးကျန်ဆန်ဆန် တယောက်ယောက်ကို စောင့်နေတဲ့ ခွေးမလေးတကောင်ရဲ့ အဖြစ်ဟာ စိတ်ဝင်စားစရာပါပဲ။

ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှာ ဖြစ်ခဲ့ပြီး ည ၁၁ နာရီဆိုရင် ခွေးမလေးဟာ အချိန်မှန် ရထားကို စောင့်နေခဲ့တာလို့ ဆိုပါတယ်။

သူဟာ သူ့ကိုချစ်တဲ့ သခင်ကို စောင့်မျှော်နေတာဖြစ်ပြီး အချိန်မှန် ရထားဖြတ်သွားချိန်ထိ ငေးမောပြီး ကျန်နေခဲ့တတ်တယ်လို့ သည်မွမ်ဘိုင်း မေရာသတင်းမှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဖော်ပြပါတယ်။

ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ မျက်မြင်တွေ့ရှိသူ ဒေသခံ ဆမ်မီယာ သိုရက်တ်က ရိုက်ယူထားခဲ့တာဖြစ်ပြီး သနားစရာကောင်းတဲ့ ခွေးမလေးရဲ့ ချစ်ခြင်းမေတ္တာကို ဖမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရထားရှိရာဆီ မျှော်လင့်ချက်ပါတဲ့အကြည့်နဲ့ ကြည့်နေခဲ့တဲ့ သူ့ရဲ့ပုံရိပ်ဟာ အင်တာနက် အသုံးပြုသူတွေရဲ့ ရင်ကို ထိခတ်စေခဲ့ပြီး ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ နာမည်ကြီးနေခဲ့တာပါ။

နေ့စဉ်တွေ့မြင်နေရတဲ့ ခွေးမလေးဟာ ရထားဘူတာရဲ့ ပြယုဂ်တခု ဖြစ်လာနေပြီး ခရီးသွားတွေဟာ သူနဲ့ သားပေါက်ကလေးတွေကို အစာကျွေးတာတွေ လုပ်လာခဲ့ကြပါတယ်။

သိုရက်တ်ကတော့ “ဒီခွေးမလေးကို ကျနော် အလုပ်ကအပြန်လမ်းမှာ သတိထားမိခဲ့တာဗျ။ သူစောင့်နေခဲ့တဲ့ပုံဟာ တနေ့တည်းလည်းမဟုတ်ဘဲ ညတိုင်းဖြစ်နေခဲ့တာ။ အမျိုးသမီးတွဲကို စူးစူးစိုက်စိုက် စောင့်နေခဲ့တာက သူ့ကိုထားခဲ့တဲ့ သခင်၊ ဒါမှမဟုတ် ပုံမှန်အစာကျွေးတဲ့သူကို စောင့်နေတဲ့ ပုံမျိုးပါပဲ” လို့ ပြောပါတယ်။

ပုံမှန်အစားအစာကျွေးလေ့ရှိတဲ့ ဆူရက်ဗ် ဗာမာကတော့ “ခွေးမလေးနဲ့ ခုတော့ မိတ်ဆွေတွေ ဖြစ်သွားကြပါပြီ။ နောက်ပိုင်းမှာတော့ သူ့ကို မွေးစားနိုင်မယ့်သူ ရှာဖွေပေးမှာပါ” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ခုလိုစောင့်မျှော်နေတာဟာ တကယ့်ကို ထူးဆန်းတဲ့ အပြုအမူအဖြစ် နာမည်ကြီးနေခဲ့တာ ဖြစ်ပါတယ်။

===========

DVB TV News

Leave a Reply

Your email address will not be published. Required fields are marked *