သတင်း

ပိုထူးမယ့် ၂ဝ၁၈ ခုနှစ် မန်းသင်္ကြန်

ပိုထူးမယ့် ၂ဝ၁၈ ခုနှစ် မန်းသင်္ကြန်
••••••••••••••••••••••••••••••

ဘဦး

သင်္ကြန်လို့ ပြောလိုက်တာနဲ့ မန္တလေးသင်္ကြန်က ထူးခြားမှု အပြည့်ရှိနေတယ်ဆိုတာ လူတိုင်းသိပြီးသားပါ။ တကယ် တော့ မန္တလေးသင်္ကြန်၊ မန်းသင်္ကြန်ဟာ အခုမှ ထူးခြားမှု အပြည့်နဲ့ စည်ကားခဲ့တာမဟုတ်ပါဘူး။ ဦးလေးတွေ၊ အဒေါ်တွေခေတ်ကလည်း စည်ကားခဲ့တယ်။ အဘိုးတွေ၊ အဘွားတွေခေတ်ကလည်း စည်ကားခဲ့တာပါပဲ။ ဒါဆိုရင် ဒီနှစ်မှာ ဘာတွေများပိုပြီးထူးခြားဦးမှာမို့လဲ။
..
အနီးဆုံးပြောရမယ်ဆိုရင် မနှစ်က လမ်းလျှောက် သင်္ကြန်ကို မှတ်မိကြမှာပါ။ တကယ်ကိုထူးခြားမှုတွေနဲ့ ပြည့်နှက်နေတဲ့ မန္တလေးက လမ်းလျှောက်သင်္ကြန်လို့ ပြောမယ်ဆိုရင် ပိုတယ်လို့တော့ထင်ကြမှာ မဟုတ်ပါဘူး။ ရေကစားတယ်။ ဗိုက်ဆာရင် စတုဒိသာစားလို့ရတယ်။ သနပ်ခါးလိမ်းပေးတဲ့သူရှိတယ်။ ထီးတွေမိုးထားတယ်။ တစ်လမ်းလုံး မြန်မာမှုအရုပ်တွေ ချိတ်ထားတယ်။ လမ်းတစ်လျှောက် ကားတွေ၊ ဆိုင်ကယ်တွေမရှိတော့ လွတ်လွတ်လပ်လပ် သွားလာလို့ရတယ်။ လူကြီး လူငယ် ကလေးတွေပါမကျန် လာလည်ကြတာကို တွေ့ရတယ်။ မသန်စွမ်းကလေးတွေ ဝီးချဲနဲ့လာလည်ကြတာတောင် ရှိသေးတယ်။ သင်္ကြန်မှာ မလည်တာကြာပြီဖြစ်တဲ့ ဘိုးဘိုးဘွားဘွားတွေ၊ အိမ်တွင်းပုန်းအပျိုကြီးမမ တွေလည်း လာကဲကြသေးတယ်။ နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေလည်း ပျော်ပျော်ကြီးပါဝင်ဆင်နွှဲကြပြီး သင်္ကြန်ရဲ့ အရသာကို ကောင်းကောင်းသိသွားကြတယ်။ တကယ်ကို ပျော်စရာကောင်းခဲ့ပါတယ်။
..
ကျွန်တော်ကိုယ်တိုင်လည်း မိသားစုနဲ့အတူ လမ်းလျှောက်သင်္ကြန်မှာ ပါဝင်ဆင်နွှဲခဲ့တယ်။ နှစ်နှစ် အရွယ် သမီးလေးကို ချီပိုးလို့ လမ်းလျှောက်သင်္ကြန်မှာ စတုဒိသာဝင်တိုးတယ်။ သနပ်ခါးဝင်အလူးခံတယ်။ ရေပက်ခံတယ်။ လမ်းလျှောက်သင်္ကြန်မှာ ခွက်စုတ်နဲ့ ခွက်စောင်းခုတ်ရေပက်တာမရှိဘူး။ ရေဘောလုံးနဲ့ထုတာ မရှိဘူး။ မီးသတ်ပိုက်နဲ့အသကုန်ထိုးပက်တာမျိုးမရှိဘူး။ သပြေခက်နဲ့ရေကစားတယ်။ ရေဖလားနဲ့ရေလောင်း တယ်။ ရေပိုက်လေးတွေနဲ့ ရေပက်တယ်။ ကားတွေ၊ ဆိုင်ကယ်တွေ၊ စက်ဘီးတွေ အဝင်မခံတော့ ကလေးတွေ၊ လူကြီးတွေ၊ လူငယ်တွေအားလုံး ယာဉ်အန္တရာယ်မရှိဘူး။ လုံခြုံရေးကင်မရာတွေလည်း လမ်းတစ်လျှောက်လုံးမှာ တပ်ဆင်ပြီး စောင့်ကြည့်ပေးနေတယ်။ မန္တလေးသား တွေက လမ်းထိပ်ထွက်ပြီး တစ်ခုခုလုပ်စရာရှိရင်တောင် လမ်းမလျှောက်ဘဲ ဆိုင်ကယ်လေးနဲ့သွား ကြတာဆိုတော့ တစ်မိုင်ကျော်လောက်တော့ လမ်းလျှောက်နိုင်ဖို့အတွက် အတော်လေးကို ကြိုးစားကြရမယ်ထင်ခဲ့တာ။ ဒါပေမယ့် ပျော်ရင်းပါးရင်းနဲ့ပဲ မောရကောင်းမှန်းမသိ၊ လျှောက်လို့ လျှောက်မှန်းမသိဘဲ စိတ်လှုပ်ရှားမှုတွေနဲ့အတူ လမ်းလျှောက်သင်္ကြန်ကို ပျော်ပျော်ပါးပါးကြီး ဖြတ်သန်း ခဲ့ကြတယ်။
..
ဒီနှစ်မန္တလေးသင်္ကြန်ဟာ မနှစ်က သင်္ကြန်လိုပဲ လမ်းလျှောက်သင်္ကြန်ပါမယ်။ ဒါ့အပြင် သင်္ကြန်တွင်း နေ့ခင်းတွေမှာ ပျော်ပြီး ညပိုင်းမှာ သွားလည်စရာ နေရာတစ်ခုအဖြစ် တောသင်္ကြန်ညဈေးကို ဖန်တီးပေး ထားပါတယ်။
..
တောသင်္ကြန်ညဈေးမှာ မြန်မာ့ရိုးရာ အစားအစာ တွေ၊ အထူးသဖြင့် မန္တလေးဒေသက နာမည်ကြီး အစား အစာတွေ ရောင်းချတဲ့ဆိုင်တွေပါမယ်။ ရိုးရာအမှတ်တရ ပစ္စည်းတွေ ရောင်းတာတွေပါမယ်။ ပျော်ရွှင်ပွဲ၊ ကြည့်ချင်စရာတွေအနေနဲ့ ဟိုးရှေးတစ်ခေတ်က ရုပ်ရှင် ပိတ်ကားထောင်ပြီး ရှေးကရုပ်ရှင်ပြစက်နဲ့ ရှေးတုန်းက ဇာတ်ကားတွေကို ပြန်ပြတာမျိုး၊ ရုပ်ကြီးစင်၊ ဆင်က၊ ခြင်းလုံးအလှစတဲ့ ဧည့်ခံဖျော်ဖြေမှုတွေလည်း ပါမယ်။
..
တောသင်္ကြန်ညဈေးမှာ ဈေးရောင်းချင်သူတွေ အတွက် ဆိုင်တွေခင်းတာကို အခမဲ့ခင်းခွင့်ရကြမယ်။ ဆိုင်တွေအတွက် မီးတွေလည်း ထွန်းပေးထားမယ်။ တောသင်္ကြန်ညဈေးလုပ်မယ့် ၆၆ လမ်း၊ ၁၉ လမ်းကနေ ၂၄ ကြား အဲဒီလမ်းတစ်လျှောက်မှာ မီးရောင်စုံအလှတွေ လည်း ထွန်းညှိပေးဖို့ ပြင်ဆင်ထားပါတယ်။
..
တောသင်္ကြန်ညဈေးကို စီစဉ်ဖြစ်ပုံနဲ့ပတ်သက်ပြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ”မနှစ်က မန္တလေးမှာ လမ်းလျှောက်သင်္ကြန်လုပ်ပါတယ်၊ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေလည်း တော်တော်များများလာကြ တယ်၊ သူတို့က ဘာအကြံပြုသလဲဆိုတော့ ညပိုင်းမှာ သွားလာလည်ပတ်စရာ၊ မြန်မာ့ယဉ်ကျေးမှုကို လေ့လာ စရာတစ်ခုလောက် ထပ်ဖြည့်နိုင်ရင် ကောင်းမယ်လို့ အကြံပြုပါတယ်၊ ရပ်ဝေးကလာတဲ့ မြန်မာနိုင်ငံအတွင်းက မိတ်ဆွေတချို့လည်း ဒီနှစ်မှာ တစ်ခုခုထပ်ဖြည့်ပြီး လုပ်ပေး စေချင်တယ်လို့ အကြံပြုတာကို ဆောင်ရွက်တဲ့အနေနဲ့ အခုလိုသင်္ကြန်ညဈေးလေးကို ဖော်ဆောင်တာပါ”ဟု ပြော သည်။
..
ဒါနဲ့တင် သင်္ကြန်ကာလကို မန္တလေးမှာ ဖြတ်သန်းဖို့ အတွက် ရင်ခုန်စရာကောင်းနေပါပြီ။ မန္တလေးသင်္ကြန်က နန်းမြို့ရိုး ကျုံးပတ်လည်ကို အခြေပြုပြီး ခေတ်အဆက်ဆက် ရေကစားခဲ့ကြတာပါ။ ဟိုအရင်တုန်းက မြို့ထဲရပ်ကွက် တွေမှာ စင်မဏ္ဍပ်တွေထိုး၊ အုန်းလက်မဏ္ဍပ်တွေထိုးလို့ ရပ်ကွက်အလိုက် တပျော်တပါး ရေကစားခဲ့ကြတာ။ နောက်ပိုင်းမှာတော့ မန္တလေးသင်္ကြန်ဟာ နန်းမြို့ရိုး ကျုံးပတ်လည်မှာပဲ စည်ကားပြီး ကျုံးသင်္ကြန်ဖြစ်လာ တယ်။ အခုအစိုးရသစ်လက်ထက် မနှစ်တုန်းကလည်း ကျုံးပတ်လည်ကို အခြေပြုပြီး လမ်းလျှောက်သင်္ကြန် ဖော်ဆောင်ခဲ့တယ်။ ဒီနှစ်တော့ တောသင်္ကြန်ညဈေးကို ကျုံးအရှေ့ဘက်မှာ ဖော်ဆောင်ကြပါမယ်။
..
နောက်ပြီး မန္တလေးသင်္ကြန်မှာ မြန်မာကာတွန်းဆရာ တွေရဲ့ ကာတွန်းလက်ရာကောင်းတွေကို ပြသမယ့် အစီအစဉ်လည်းရှိပါတယ်။ ရေစိုခံကာတွန်းပြကွက်ကို လမ်းလျှောက်သင်္ကြန်မှာ စီစဉ်ထားတာပါ။ လာရောက် ကြည့်ရှုသမျှ ပရိသတ်အားလုံးကို ကာတွန်းစတုဒိသာ ကျွေးမွေးဧည့်ခံမယ်လို့ ဆိုသဗျာ။ ဓာတ်ပုံရိုက်ဝါသနာ ပါသူတွေအတွက်လည်းSelfie ရိုက်လို့ရမယ့် အမှတ် တရ နေရာလေးတွေကိုလည်း ဖန်တီးပေးထားဦးမှာပါ။ နန်းမြို့ရိုး ကျုံးအရှေ့ဘက် ၂၅ လမ်းကနေ ၂၆ လမ်းအထိ ဈေးဆိုင်တန်းတွေလည်း ရှိဦးမယ်။ ကျုံးအနောက်ဘက်နဲ့ မြောက်ဘက်မှာ မိသားစုရေကစားတဲ့နေရာတွေလည်း စီစဉ်ပေးဦးမှာပါ။ မနော်ရမ္မံမှာ မနှစ်ကလိုပဲ လူငယ်တွေ လွတ်လွတ်လပ်လပ် ရေကစားပျော်ပါးဖို့အတွက်လည်း လူငယ်တွေအကြိုက် နာမည်ကျော်တီးဝိုင်း၊ အဆိုတော် တွေရဲ့ ဖျော်ဖြေမှုတွေပါဦးမယ်။ ရပ်ကွက်တွေက တစ်နေ့တစ်မျိုးမရိုးနိုင်တဲ့ စတုဒိသာကျွေးမွေးတာတွေကို လည်း မြို့ပတ်လည်ရင်း ဝင်စားလို့ရသေးတယ်။ ငရုတ်သီး အစိမ်းတောင့်နဲ့ မုန့်လုံးရေပေါ်လည်း စားမိနိုင်သေးတယ် နော်။
..
မန်းသင်္ကြန်လို့ဆိုလိုက်တာနဲ့ မြို့မငွေငန်းအလှပြ ဖျော်ဖြေရေးယာဉ်ကိုလည်း ပြေးမြင်မိမှာပါပဲ။ ဒီနှစ် မန်းသင်္ကြန်မှာ မြို့မအပျော်တမ်းတေးဂီတအဖွဲ့ မန္တလေး မြို့တော်မဟာသင်္ကြန်မဏ္ဍပ်မှာ ဖျော်ဖြေပါမယ်။ ငွေငန်း အလှပြဖျော်ဖြေရေးယာဉ်နဲ့လည်း အစဉ်အလာမပျက် မြို့ထဲလှည့်လည်ဖျော်ဖြေပေးမှာပါ။
..
ဒီနှစ်ကျုံးဘေးမှာ ရေကစားမဏ္ဍပ်၊ ဖျော်ဖြေရေး မဏ္ဍပ်တွေကို နေရာချထားဖို့စီစဉ်ထားရာမှာ ကျုံးပတ် လည် (ပေ ၁ဝဝ x ၂၅ ပေ) ရေကစားမဏ္ဍပ်ကြီးတွေကို ၆၆ လမ်း၊ ၁၂လမ်းကနေ ၁၉ လမ်းအထိ ငါးနေရာ၊ လမ်း ၈ဝ၊ ၁၉ လမ်းကနေ ၂၆ လမ်းအထိ ကိုးနေရာ၊ ၁၂ လမ်း၊ ၆၆လမ်းမှ လမ်း ၈ဝ အထိ ၁ဝနေရာ ချထား ဆောင်ရွက်သွားဖို့ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီကနေ စီစဉ်နေပြီး ၂၆ လမ်း လမ်းလျှောက် သင်္ကြန်မှာ (ပေ ၃ဝ x ၁၂ ပေ) ရေကစားမဏ္ဍပ်တွေကို ၆၉ လမ်းကနေ ၇၁လမ်းအထိ ၁၆ နေရာ၊ ၇၃ လမ်းကနေ ၇၈ လမ်းအထိ ၃၅ နေရာ စုစုပေါင်း ၅၁ နေရာ၊ (ပေ ၂ဝ x ၁၂ ပေ) ရေကစားမဏ္ဍပ်တွေကို ၆၉ လမ်းကနေ ၇၁ လမ်းအထိ သုံးနေရာ၊ ၇၃ လမ်းကနေ ၇၈ လမ်း အထိ ၁၂ နေရာ၊ စုစုပေါင်း ၁၅နေရာ၊ (၁ဝ ပေ x ၁၂ ပေ) ရေကစားမဏ္ဍပ်တွေကို ၆၉ လမ်းကနေ ၇၁ လမ်းအထိ လေးနေရာ၊ ၇၃ လမ်းကနေ ၇၈ လမ်းအထိ ၁၅ နေရာ စုစုပေါင်း ၁၉ နေရာ ချထားပေးမယ်လို့ သိရပါတယ်။
..
နန်းမြို့ရိုး ကျုံးပတ်လည်မှာ မဏ္ဍပ်တွေရှိသလိုပဲ ရပ်ကွက်တွေမှာလည်း မဏ္ဍပ်တွေနဲ့ ရေကစားဖို့ ပြင်ဆင် နေကြတာတွေရှိပါတယ်။ ကန်တော်ကြီးဘက်မှာလည်း မဏ္ဍပ်တွေထိုးလို့ ရေကစားကြဖို့ တာစူနေကြတာ တွေရှိသလို ဥပုသ်စောင့်မယ်သူတွေလည်း ရှိပါတယ်။ သင်္ကြန်တွင်း တရားစခန်းဝင်မယ့်သူတွေလည်း ရှိပါ တယ်။ အိမ်ထဲကအိမ်ပြင်မထွက် ရေစိုခံရမှာကြောက်တဲ့ သူတွေလည်း ရှိနေမှာပါ။
..
မန်းသင်္ကြန်ကို အလည်လာမယ်ဆိုရင် နွေရာသီမှာ အပူဒဏ်တော့ခံစားရနိုင်ပေမယ့်လည်း မန္တလေးမြို့မှာ အဖိုးမဖြတ်နိုင်တဲ့ ယဉ်ကျေးမှုတွေရှိတယ်။ သမိုင်း မှတ်တမ်း၊ သမိုင်းဝင်နေရာ၊ သမိုင်းကြောင်းတွေရှိတယ်။ စေတီကျောင်းကန်တွေနဲ့ သာသနာတော်ထွန်းကားရာအရပ်လည်းဖြစ်တယ်။ အစားအသောက်ကောင်းတွေ ရှိတယ်။ လက်မှုပညာနဲ့ အိမ်အပြန်လက်ဆောင်ဝယ်လို့ ကောင်းတယ်။ အလည်သက်သက်လာမယ့်သူတွေ အတွက်လည်း အဆင်ပြေတယ်။ သမိုင်းလေ့လာချင်သူ တွေ၊ သုတေသနလုပ်ချင်သူတွေ၊ စူးစမ်းချင်တဲ့သူတွေ အတွက်လည်း အဆင်ပြေပါတယ်။
..
မန္တလေးမြို့ဟာ မြန်မာတို့ရဲ့ ယဉ်ကျေးမှုဖွံ့ဖြိုး တိုးတက်ရာနေရာ သမိုင်းအမွေအနှစ်များစုစည်းရာနေရာ ဖြစ်လေတော့ ပြည်တွင်း ပြည်ပခရီးသွားများအတွက် မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကြီးမှာ ပါဝင်ရင်း သမိုင်းအမွေအနှစ်တွေကိုပါ လေ့လာခွင့်ရကြ မှာပါ။ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကလည်း သင်္ကြန်ပွဲတော်ကို ရိုးရာ ယဉ်ကျေးမှုနဲ့အညီဖြစ်စေရေး၊ ခရီးသွားလုပ်ငန်းမြှင့်တင် ရေး၊ ငြိမ်းချမ်းမှုရှိစေရေးနဲ့ စည်စည်ကားကား ဖြစ်စေ ရေးတို့အတွက် သင်္ကြန်အစည်းအဝေးမှာ ပေါင်းစပ် ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။
..
မန်းဆန်တဲ့မန်းသင်္ကြန်ဖြစ်တဲ့ မန္တလေးသင်္ကြန်ဟာ မန္တလေးသူ မန္တလေးသားတွေရဲ့ နှလုံးသားကို ဆွဲကိုင် နိုင်ရုံတင်မက ပြည်တွင်းကဧည့်သည်တွေ၊ နိုင်ငံတကာ က ဧည့်သည်တွေလည်း ပျော်ရွှင်ကြည်နူးပြီး ကျေနပ်ခဲ့ကြ ရပါတယ်။ အမှတ်တရများစွာရရှိစေပြီး ပိုထူးမယ့် ဒီနှစ် မန္တလေးသင်္ကြန်ကို လာလည်ဖို့ ဖိတ်ခေါ်ချင်ပါ တယ်။ ။
..
ကြေးမုံ

Leave a Reply

Your email address will not be published. Required fields are marked *