သတင္း

ဆေးဘဲဥအစပ်ကြော် (Spicy century egg)

ဒီဆေးဘဲဥ အစပ်ကြော်ဟင်းလေးကတော့ စာအုပ်တစ်အုပ်ထဲက နမူနာယူပြီး ပြန်လုပ်ပြထားတာပါ။

သူ့ထဲက အညွှန်းတွေအတိုင်း အတိအကျမဟုတ်ဘဲ ကျွန်မတို့ ဗမာပါးစပ်နဲ့အဆင်ပြေအောင် ခပ်စပ်စပ်ကလေးလုပ်ထားလို့ ထမင်းဖြူဖြူလေးနဲ့ တွဲစားလိုက်ရင် ထမင်းမြိန်စေပါတယ်။

အသားမပါဘူး မဖြစ်ရအောင် အသားလေးတွေကိုလည်း နုတ်နုတ်စဉ်းပြီးထည့်ထားတော့ အသားအရသာနဲ့ ဆော့စ်အရသာရောပြီး အင်မတန်မှလိုက်ဖက်ညီပါတယ်။ ဒါ့အပြင် ဆေးဘဲဥအရသာ ဆိမ့်ဆိမ့်လေးပါတွဲလိုက်တော့ ပိုပြီးစားကောင်းသွားတာပေါ့နော်။ အသားကတော့ ကြက်သား (သို့) ဝက်သားသုံးနိုင်ပါတယ်။ ဝက်သားနဲ့ဆိုရင်တော့ ပိုလိုက်ဖက်မယ်ထင်ပါတယ်။ လုပ်နည်းလေးကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

ဆေးဘဲဥ ၂လုံး

ကြက်သား (သို့) ဝက်သား အနည်းငယ် (နုတ်နုတ်စဉ်း)

ခရုဆီ စားပွဲဇွန်း ၁ ဇွန်းလျော့လျော့

ငရုပ်ဆီစားပွဲဇွန်း ၂ ဇွန်း

ပဲငံပျာရည်အကြည် စားပွဲဇွန်း ၁ဇွန်း

ဟင်းခပ်မှုန့် အနည်းငယ်

ချက်ပြုတ်နည်း

ပထမဆုံး ဆေးဘဲဥကို အခွံခွပြီး ရေနွေးဆူဆူမှာ ၅ မိနစ်လောက်စိမ်ထားပေးပါ

ကြက်သားကို ဆားအချိုမှုန့် နယ်ထားပေးပါ

နောက်ဆေးဘဲဥတွေကို ၄ စိတ်စီစိတ်ပြီး ဂျုံမှုန့်လူးပြီး ကြော်ကာ ဆီစစ်ထားပေးပါ။

ဆီစားပွဲဇွန်း ၁ ဇွန်းကိုပူအောင်တည်ပြီး ကြက်သားတွေကိုထည့်ကြော်ပေးပါ တဆက်ထည်းမှာပဲ ခရုဆီ၊ ငရုပ်ဆီ နဲ့ ပဲငံပျာရည်၊ ဟင်းခပ်မှုန့်အနည်းငယ်ကိုထည့်ပြီးရေ တစ်ရုပ်ပန်းကန်လုံး ထက်ဝက်ထည့်ပေးပါ။

ဆော့စ်တွေနဲနဲဆူလာပြီဆိုရင် ကြော်ထားတဲ့ ဆေးဘဲဥလေးတွေထည့်၊ ငရုပ်သီးတစ်တောင့် ပါးပါးလှီးထားတွေထည့်မွှေပြီး မီးပိတ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ထမင်းပူပူလေးနဲ့ တွဲစားဖို့ ဆေးဘဲဥအစပ်ကြော် အဆင်သင့်ဖြစ်ပါပြီ။

Crd.Evy

Leave a Reply

Your email address will not be published. Required fields are marked *