သတင်း

ကြက်ဥအနှစ်က ရနိုင်တဲ့ အာဟာရဓာတ်တွေ

ကြက်ဥအနှစ်က ရနိုင်တဲ့ အာဟာရဓာတ်တွေ

ကြက်ဥကို ကျန်းမာရေးအတွက် မရှိမဖြစ် စားပေးသင့်တဲ့ အာဟာရရှိ ဆေးစာအဖြစ် တစ်ကမ္ဘာလုံးက သတ်မှတ်ထားကြပါတယ်။ အာဟာရဓာတ်တွေ ပေါကြွယ်ဝစွာ ပါဝင်တယ်။ ပြင်ဆင်ရလွယ်ကူတယ်၊ ကုန်ကျစရိတ်သက်သာတယ်၊ အရသာလည်း ရှိတယ်၊ အမျိုးမျိုးချက်ပြုတ်စားသောက်လို့ ရတဲ့အတွက် ကြက်ဥဟာ လူတွေရဲ့ နေ့စဉ်အာဟာရထဲမှာ မရှိမဖြစ်ပါဝင်လာကြပါတယ်။

ဒါပေမယ့် လူတွေ တော်တော်များများလုပ်တတ်ကြတဲ့ အရာတစ်ခုက ကြက်ဥစားသုံးတဲ့အခါမှာ အနှစ်တွေကို ဖယ်ပြီး ကြက်ဥအကာကို ပိုပြီး စားသုံးတတ်ကြတာပါ။ ဒီနေ့မှာတော့ ကြက်ဥအနှစ်က ပေးနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေနဲ့ အာဟာရအကြောင်း ပြောပြပေးချင်ပါတယ်။

ကြက်ဥအနှစ်ကို ဘာလို့ မစားတတ်ကြတာလဲ။

ကြက်ဥအနှစ်မှာ ပါဝင်တဲ့ ကိုလက်စထရောနဲ့ အဆီဓာတ်ဟာ ခန္ဓာကိုယ်အတွက် ဆိုးကျိုးမဖြစ်စေနိုင်ပေမယ့် ချက်တဲ့ပုံပေါ် မူတည်ပြီး ကိုလက်စထရော ပိုတက်လာနိုင်တဲ့အတွက် နှလုံးနဲ့ သွေးတိုးရောဂါရှင်တွေအတွက် အဆင်မပြေပါဘူး။ ကိုယ်အလေးချိန် ချချင်တဲ့ သူတွေဟာလည်း အဆီပါဝင်မှုများတဲ့ ကြက်ဥအနှစ်ကို ဖယ်ပြီး စားကြပါတယ်။

ကြက်ဥအနှစ်ကို ဘာလို့ စားပေးသင့်လဲ။

ကြက်ဥမှာ ပါဝင်တဲ့ အာဟာရဓာတ်အများစုဟာ ကြက်ဥအနှစ်ထဲမှာ ဖြစ်တည်နေတာကြောင့်ပါ။ ကြက်ဥအနှစ်ကို စားပေးခြင်းဖြင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တယ်။ ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ antioxidant ဓာတ်တွေ ပါဝင်ပါတယ်။ မျက်လုံးကျန်းမာရေးအတွက် ကောင်းစေတယ်။ အမြင်အာရုံကြည်လင်စေတယ်။ မျက်စိမှုန်သူတွေ များများစားပေးသင့်တယ်။ အရိုးအဆစ်တွေ သန်စွမ်းကျန်းမာစေတယ်။ သွေးကို ကောင်းမွန်စွာ လည်ပတ်စေတယ်။ ကိုယ်တွင်း ဇီဝကမ္မ ဖြစ်တည်ပြောင်းလဲမှုကို အထောက်အကူပေးပြီး ကျန်းမာစေတယ်။။သွေးတွင်းအဆီတွေကို ချေမက်ပေးပြီး အသားဓာတ်တွေ ပေးစွမ်းနိုင်တယ်။နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်။ သွေးတိုးရောဂါရှင်တွေအတွက် သွေးဖိအားလျော့နည်းစေတယ်။ အရေပြားနဲ့ ဆံသားကို ကျန်းမာလှပစေတယ်။ ဆီး နဲ့ ၀မ်း မှန်စေတယ်။ အစာခြေစနစ်ကို အထောက်အကူပေးတယ်။ အာဟာရဓာတ်တွေကို ကိုယ်ခန္ဓာက ကောင်းစွာ စုပ်ယူနိုင်စေဖို့ ကူညီပေးတယ်။ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ကျန်းမာစေတယ်။ ကြက်ဥအနှစ်မှာ ဗီတာမင်နဲ့ အာဟာရဓာတ် များစွာ ပါဝင်လို့ ကျန်းမာရေးအတွက် သင့်လျော်ရုံသာမက နာတာရှည် ရောဂါတွေကို မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ပရိုတင်းဓာတ် ပိုမိုပါဝင်လို့ ကြွက်သားထု တည်ဆောက်တဲ့နေရာမှာ ကူညီပေးနိုင်တယ်။

ကိုလက်စထရော မတက်စေဖို့ ကြက်ဥကို ချက်ပြုတ်တဲ့နေရာမှာ ဆီနည်းနည်းနဲ့သာ ချက်ပြုတ်ပြီး စားပေးတာ အကောင်းဆုံးပါပဲ။ ကြက်ဥအကာပဲ သီးသန့်စားတာထက် ကြက်ဥတစ်ခုလုံးကို စားပေးနိုင်မယ်ဆိုရင် ပါဝင်တဲ့ အာဟာရနဲ့ သတ္တုဓာတ်တွေကို ပိုမိုရနိုင်မယ့်အပြင် ကိုယ်ခန္ဓာအတွက်လည်း ကောင်းကျိုးများစွာ ဖြစ်စေနိုင်ပါတယ်။

ဒါပေမယ့် တန်ဆေး လွန်ဘေး ဆိုတဲ့ စကားအတိုင်းပါပဲ။ အလွန်အကျွံစားသုံးတဲ့အခါမှာ ခန္ဓာကိုယ်အတွက် ဘေးထွက်ဆိုးကျိုး ဖြစ်စေနိုင်တဲ့အတွက် ချင့်ချိန်ပြီး စားပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

Credit-Hello ဆရာဝန်

Leave a Reply

Your email address will not be published. Required fields are marked *