သတင်း

ဘောလုံး ပရိသတ်တိုင်းရဲ့ အချစ်တော် ကစားသမားကြီး #ရော်နယ်ဒင်ဟို အကြောင်း

ဘောလုံး ပရိသတ်တိုင်းရဲ့ အချစ်တော် ကစားသမားကြီး #ရော်နယ်ဒင်ဟို အကြောင်း
——————————————-
သူ့ရဲ့ နာမည် အပြည့်အစုံကတော့ ရော်နယ်ဒို ဒီအစစ် မိုရဲရား ဖြစ်ပါတယ် ။ ဘရာဇီးနိုင်ငံ ပေါ်တို အလီဂရီ မြို့လေးမှာ 21.3.1980 ခုနှစ်က မွေးဖွားခဲ့တာပါ ။ အဖေ ဖြစ်သူကတော့ သာမန် အသင်းလေး တစ်ခုမှာ ဘောလုံး သမားအဖြစ် ကစားခဲ့ သူ တစ်ယောက်ပါပဲ ။ အမေဖြစ်သူကတော့ သူနာပြု တစ်ယောက်ပါ ။ သူ့ရဲ့ အစ်ကိုကတော့ ဂရီမီယို အသင်းရဲ့ ကစားသမား ဖြစ်ခဲ့ပေမဲ့ ဒဏ်ရာ ပြသနာတွေကြောင့် ဘောလုံး လောကကို စောစီးစွာ ကျောခိုင်းခဲ့ရပါတယ် ။ နောက်ပိုင်းမှာ ရော်နယ်ဒင်ဟိုရဲ့ မန်နေဂျာ အဖြစ် ဆောင်ရွက်ခဲ့ပါတယ် ။

ရော်နယ်ဒိုဟာ လူငယ် ကစားသမား ဘဝကိုတော့ အသက် ရှစ်နှစ်အရွယ် ဂရီမီယို အသင်းမှာ စတင်လို့ ကစားခဲ့ပြီး အဲ့ဒီ မှာပဲ သူဟာ ရော်နယ်ဒင်ဟိုဆိုတဲ့ နာမည်ပြောင်ကို စတင် ရရှိခဲ့ ပါတယ် ။ အဲ့ဒီ နာမည်ကို ရရှိခဲ့ရခြင်း အဓိက အကြောင်းအရင်း ကတော့ သူဟာ လူငယ်အသင်းမှာ အသက်အငယ်ဆုံးနဲ့ လူ ကောင် အသေးဆုံး ဖြစ်တာကြောင့်ပါပဲ ။ သူဟာ အစ ကနဦး မှာတော့ ဖူဆယ်နဲ့ ကမ်းခြေ သဲသောင်ပြင်တွေမှာ ကစားကြတဲ့ (Beach Football) တွေမှာ စိတ်ဝင်တစား ပါဝင် ကစားခဲ့ပြီး နောက်ပိုင်းမှာတော့ မြက်ခင်းစိမ်းဆီကို ရောက်ရှိလာခဲ့သူပါ ။

ဒင်ဟို အဓိကအားဖြင့် ကွင်းလယ် တိုက်စစ်နဲ့ တိုက်စစ် နေရာတွေမှာ ကစားလေ့ ရှိခဲ့ ပေမဲ့ တောင်ပံတိုက်စစ် အဖြစ် လည်း အကောင်းဆုံး ခြေစွမ်း တွေကို ပြသထားနိုင်ခဲ့ပါတယ် ။ ဂိုးတွေကို ဒိုင်ခံသွင်းယူသလို အကောင်းဆုံးသော ဂိုးဖန်တီးမှု တွေကိုပါ ပြုလုပ်ထားနိုင်သူပါ ။ စကေးအနေနဲ့ ပြောရရင် စွယ်စုံ ရတဲ့ ကစားသမား တစ်ဦးဆိုလည်း မမှားပါဘူး ။ ဒါ့အပြင် ခန္ဓာ ကိုယ် အစိတ်အပိုင်း များစွာနဲ့ ဂိုးသွင်းယူတက်တဲ့ အထူး ဂိုးသွင်း စကေး တွေကိုလည်း ပိုင်ဆိုင်ထားပါတယ် ။

ဒင်ဟိုဟာ စီိနီယာ ကစားသမား ဘဝကိုတော့ ဂရီမီယို ၊ PSG ၊ ဘာစီလိုနာ ၊ အေစီမီလန် ၊ ဖလာမင်ဂို ၊ အက်သလက်တီကို မင်နဲရိုး ၊ ကွီရီတာရို နဲ့ ဖလူမီးနီးစ် အသင်းတို့မှာ ဖြတ်သန်းရင်း ကစားသမား ဘဝကို အခုတော့ အဆုံးသတ်လိုက်ပါပြီ ။

နိုင်ငံ့အသင်းအတွက်တော့ ဘရာဇီး U 17 ၊ U 20 ၊ U 23 နဲ့ ဘရာဇီး အသင်းကြီးတွေမှာ ခြေစွမ်းပြ ကစားပေးထားခဲ့ပြီး ဆုဖလား အောင်မြင်မှုတွေကိုလည်း ရယူနိုင်ခဲ့ပါတယ် ။

ဒင်ဟို စတင်ပြီး မီဒီယာတွေရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရတဲ့ အကြောင်းအရင်းကတော့ ပြည်တွင်း အသင်းနဲ့ ကန်တဲ့ ပွဲစဉ် တစ်ခုမှာ 23-0 နဲ့ အနိုင် ရရှိခဲ့တာကနေ စတင်ခဲ့တာပါ ။ အဆိုပါ ပွဲစဉ်မှာ လူတိုင်း ပါးစပ် အဟောင်းသား ဖြစ်ခဲ့ရတာ တစ်ခုကတော့ ဒင်ဟိုဟာ အဆိုပါ 23 ဂိုးစလုံးကို တစ်ယောက် တည်း သွင်းယူခဲ့တာပါပဲ ။ အဲ့ဒီတုန်းက သူဟာ အသက် 13 နှစ် သာ ရှိနေခဲ့ပါတယ် ။

ဒါ့အပြင် စတင်နာမည်ကြီးခဲ့တာကတော့ 1997 ခုနှစ်တုန်းက အီဂျစ်မှာ ကစားတဲ့ U 17 ကမ္ဘာ့ဖလား ပွဲစဉ်မှာပါပဲ ။ ဒင်ဟိုဟာ အဆိုပါ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီ နှစ်ကြိမ်စလုံးကို ဂိုးအဖြစ် ပြောင်းလဲ နိုင်ခဲ့ပါတယ် ။ အဲ့ဒီအချိန်က စတင်ပြီး ဒင်ဟိုဟာ မီဒီယာတွေနဲ့ ဥရောပ အသင်းကြီးတွေရဲ့ ပစ်မှတ် ဖြစ်လာခဲ့ ပါတယ် ။

ဒင်ဟိုဆိုတာ သူ့မျိုးဆက်ထဲမှာတော့ ကြီးကျယ်ခမ်းနားဆုံးနဲ့ စွမ်းရည် အပြည့်ဝဆုံး ကစားသမားတွေထဲက တစ်ဦးပါပဲ ။ သူ့ရဲ့ ဂိုးသွင်း စွမ်းရည် ၊ ဖန်တီးမှု ၊ ပုံးစံမျိုးစုံနဲ့ တိုက်စစ်ပိုင်းမှာ နေရာ အစုံ ကစားနိုင်မှု (တိုက်စစ် ၊ တောင်ပံ ၊ ကွင်းလယ်တိုက်စစ် ) တွေဟာ အသင်းအတွက် အကောင်းဆုံး အကျိုးပြုပေးနိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် သူဟာ ဧရိယာအတွင်းရော ဧရိယာအပြင် ( အဝေးကန်ချက် ) တွေပါ သာလွန် ကောင်းမွန်တဲ့ အပြင် ဖရီးကစ် ၊ ပင်နယ်တီ ကန်ချက်တွေဟာလည်း ထိပ်တန်းအဆင့် မှာ ရှိနေခဲ့ပါတယ် ။

သူ့ရဲ ထူးခြားချက်တွေကတော့ နည်းစနစ်ပိုင်း ဆိုင်ရာ အထူး ကျွမ်းကျင်တဲ့အပြင် ကစားပုံ အမျိုးမျိုးကိုလည်း မိမိစိတ်ကူးနဲ့ ဖန်တီးပြီး ကိုယ်တိုင် အကောင်အထည်ဖော် ကစားတက်တဲ့ ပါရမီကို ပိုင်ဆိုင်ထားပါတယ် ။ ကွင်းအတွင်းမှာတော့ အားမန် အပြည့် ၊ အရှိအဟုန်ပြင်း ၊ လျင်မြန်မှု ၊ ခန္ဓာကိုယ် ဟန်ချက်ကို အကောင်းဆုံး ထိန်းသိမ်း ထားနိုင်မှု ၊ ဘောလုံး အထိန်းအသိမ်း စွမ်းရည် ၊ အလိမ်အခေါက် ပိုင်နိုင်မှု ၊ ခန္ဓာကိုယ် အစိတ်အပိုင်း တွေကို လိုအပ်သလို အသုံးချနိုင်မှု ၊ လေထဲမှာ ဘောလုံးကို ခြင်းခတ်သလိုမျိုး အကောင်းဆုံး ကိုင်တွယ် ထိန်းသိမ်းပြီး ကစား နိုင်မှု အစသဖြင့် သူ့ရဲ့ မှော်ဆန်လှတဲ့ ကစားပုံတွေဟာ အသင်း အတွက်ရော သူ့အတွက်ပါ အောင်မြင်မှုတွေကို ယူဆောင် လားပေးတဲ့ အဓိက အကြောင်းအရင်းတွေပါပဲ ။

ဘောလုံးကို ဆွဲပြေးရာမှာလည်း ပြိုင်ဖက် ကစားသမားတွေ လိုက်မှီဖို့ မလွယ်ကူတဲ့ အရှိအဟုန်နဲ့ ပြေးလွှား ကစားနေတက် ပါတယ် ။ နောက်ခံ လူတွေ အနေနဲ့ ဒင်ဟိုနဲ့ တစ်ဦးချင်း တွေ့ဆုံ ပြီ ဆိုရင် ဒါဟာ ဂိုးတစ်ဂိုး ပေးရဖို့ နီးစပ်ပြီဆိုတဲ့ လက္ခနာ တစ်ခု ပါပဲ ။ ကစားသမား တစ်ယောက်လောက်ကို ကျော်ဖြတ်ဖို့ ဆိုတာ ဒင်ဟို အတွက်တော့ သာမန် ကိစ္စလေး တစ်ခုလိုပါပဲ ။ နောက်ခံ ကစားသမားတွေ အတွက် ဆိုးအဝါးဆုံး အရာတစ်ခု ကတော့ ဒင်ဟိုရဲ့ ခြေယောင်ပြမှု ၊ Body Feints တွေအောက် မှာ လုံးဝ ကျရှုံး ရတာပါပဲ ။ သူနဲ့ ကစားဖူးတဲ့ ပြိုင်ဖက်တိုင်းဟာ သူ့ရဲ့ Body Feints ဒဏ်ကို ကောင်းကောင်း ခံစားဖူးသူတွေ ပါပဲလေ ။ အဆိုပါ ခန္ဓာကိုယ် လှုပ်ရှားမှု ဆိုင်ရာတွေကိုတော့ ဒင်ဟိုဟာ သူရဲ့ စံပြ ကစားသမားဖြစ်တဲ့ ဘရာဇီးရဲ့ 1970 ခုနှစ် သူရဲကောင်း ‘ရီဗယ်လီနို’ ရဲ့ ဗီဒိုယို မှတ်တမ်းတွေကို ကြည့်ရှု့ပြီး လေ့လာ သင်ယူခဲ့တာပဲ ဖြစ်ပါတယ် ။

ESPN ကတော့ ဒင်ဟိုကို ‘သဘာဝရဲ့ စွမ်းရည် ပါရမီတွေကို ပိုင်ဆိုင်ထားသူ’ လို့ အမည်ကင်ပွန်း တပ်ခဲ့ပြီး ‘ဘောလုံးဟာ သူ့ ရဲ့ ခြေထောက်ထဲ ရှိနေတဲ့ အချိန်မှာ ပွဲစဉ်ဟာ ရသပိုမို မြောက် လာပြီး ပရိသတ်တွေကို အကောင်းဆုံး ဖျော်ဖြေမှု ပေးစွမ်းပါ တယ် ။ သူဟာ ဂိုး ၊ ဖန်တီးမှု ၊ စကေးနဲ့ ပြိုင်ဖက်ကို လှည့်ဖျားမှု အဲ့တာတွေကို အချိုးကျကျ ပေါင်းစပ်ထားတဲ့ လူသားတစ်ဦး ပါပဲ’ လို့ ချီးကျူးစကား ဆိုခဲ့ဖူးပါတယ် ။ ပေါ်တူဂီ ကွင်းလယ် ကစား သမားဟောင်း ရူအီး ကော်စတာ ကတော့ ‘ ဂိုးအဖြစ် ပြောင်းလဲ ပေးနိုင်တဲ့ ဖြတ်တင်ဘောတွေကို သူ့လို အကောင်းဆုံး ပေးပို့ နိုင်တဲ့ ကစားသမားဆိုတာ အလွန်ပဲ နည်းပါး ပါတယ် ။ သူဟာ တစ်ကယ့် အံ့ဖွယ်ပါပဲ ။ အသင်း ဂိုးသွင်းနိုင်တဲ့ အကောင်းဆုံး ဖန်တီးမှုတွေကို သူဟာ နေရာအစုံကနေ လုပ်ဆောင် တက်ပါ တယ်’ ချီးကျူးစကား ဆိုခဲ့ဖူးပါတယ် ။

ထူးခြားကောင်းမွန်တဲ့ ခြေစွမ်းတွေ ပြသထားနိုင်မှု ၊ Balloon D’Or ကို ပူပူနွေးနွေး ရရှိထားမှုတို့ကြောင့် 2006 ခုနှစ်မှာ ဒင်ဟိုဟာ စပွန်ဆာ ရရှိမှုတွေ မြင့်တက်လာပြီး ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ကစားသမားအဖြစ် တစ်နှစ် ဝင်ငွေ ဒေါ်လာ 19 သန်းကျော်နဲ့ မှတ်တမ်းဝင်ခဲ့ပါတယ် ။ အထူးသဖြင့် Pepsi နဲ့ အထူး ကာလရှည် စာချုပ်,ချုပ်ဆိုခဲ့ပြီး ဘတ်ခမ်း ၊ အွန်နရီ ၊ မက်ဆီ တို့နဲ့ အတူ Coca-cola မှာလည်း 2011 တုန်းက စပွန်စာ စာချုပ်,ချုပ်ဆိုခဲ့ပါတယ် ။ ဒါ့အပြင် ကစားသမား ဘဝ စတင်ကတည်းက Nike နဲ့အတူ 10 နှစ် သက်တမ်းရှိတဲ့ စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ် ။ ဒါ့ကြောင့် ဒင်ဟိုရဲ့ ဝင်ငွေတွေဟာ ထိုစဉ်အခါက အရမ်းကို များပြားခဲ့ပါတယ် ။ ဒါ့အပြင် EA Sports ရဲ့ FIFA 04, FIFA 06, FIFA 07, FIFA 08, FIFA 09 ဂိမ်းမှာလည်း Cover Photo ဆက်တိုက်ဖြစ်ခွင့် ရရှိခဲ့ပါတယ် ။ ဒါ့အပြင် 2005 Nike ရဲ့ ဖိနပ် ကြော်ငြာမှာ ဒင်ဟိုဟာ ဖိနပ်အသစ်ကို စီးပြီး ဂိုးဘားတန်းကို ထိအောင်ကန် ၊ ဘားတန်းမှန်ပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို မြေမကျခင် ဂိုးဘားတန်း ထိမှန်အောင် ထပ်ကန် ၊ အဲ့လို မြေမကျ ကန်ချက် သုံးချက်တိတိ ကန်ပြီး ကြော်ငြာခဲ့တဲ့ Nike ရဲ့ Video ဟာ You Tube Sites မှာ ပရိသတ် ကြည့်ရှု့မှု တစ်သန်းကျော်ခဲ့တဲ့ ပထမဆုံး Video ဖြစ်ခဲ့ပါတယ် ။

ဒါ့အပြင် ဟောင်ကောင်မှာ ရှိတဲ့ Madame Tussauds ပြတိုက်ထဲမှာ ဒင်ဟိုရဲ့ ပုံစံတူ ဖယောင်း ရုပ်ထုကို ပြုလုပ်ခဲ့ပြီး ဂုဏ်ပြုထားခဲ့ပါတယ် ။ မဒမ်တူးဆော့ ပြတိုက်ဆိုတာ အောင် မြင် ကျော်ကြားလွန်းတဲ့ ဆယ်လီတွေရဲ့ ပုံစံတူ ဖယောင်းရုပ်ထု ကို ထားတဲ့ နေရာတစ်ခု ဖြစ်ပါတယ် ။ ပရဟိတအနေနဲ့ ဒင်ဟို ဟာ Unicef နဲ့ တရားဝင် ပူးပေါင်းထားပြီး UN ရဲ့ ကလေး သူငယ်များ စောင့်ရှောက်ရေး ရံပုံငွေအဖွဲ့မှာ ပါဝင်လှုပ်ရှားနေသူ တစ်ဦးပါ ။ 2011 မှာတော့ လူအချို့ စုဆောင်းကာ HIV/AIDS နဲ့ ပတ်သက်ပြီး လူငယ်တွေ ဗဟုသုတ များပြားအောင် ၊ ဆောင် ရန် ၊ ရှောင်ရန်တွေကို သိရှိအောင် ဒင်ဟို ဦးဆောင်ပြီး လမ်းပြ ပေးခဲ့ပါတယ် ။ မတ်လ 2015 မှာတော့ ဒင်ဟိုဟာ FB မှာ ရော်နယ်ဒို ၊ မက်ဆီ ၊ ဘတ်ခမ်း ၊ နေမာ ၊ ကာကာ တို့ရဲ့နောက် ပရိသတ် နှစ်သက်မှု အများဆုံး နာမည်ကျော် ကစားသမားတွေ နေရာမှာ နံပါတ် 6 အဖြစ် ရပ်တည်ခဲ့ပါတယ် ။ အဲ့ဒီတုန်းက ဒင်ဟိုကို ထောက်ခံ အားပေးတဲ့ FB ပရိသတ် အရည်အတွက် 31 သန်းထိ ရှိနေခဲ့ပါတယ်ဗျာ ……

ဒီနေ့ဟာ ဘောလုံး အားကစားကနေ အနားယူ သွားခဲ့ပြီဖြစ်တဲ့ ရော်နယ်ဒင်ဟိုရဲ့ 38 နှစ်မြောက် မွေးနေ့ပဲ ဖြစ်ပါတယ် ။ ဒင်ဟိုရဲ့ ကလပ်နဲ့ အတူ ဆုဖလား အောင်မြင်မှု ၊ နိုင်ငံ့ အသင်းနဲ့ အတူ ဆုဖလား အောင်မြင်မှု ၊ တစ်ကိုယ်တော် ဆုတံဆိပ် ရရှိခဲ့မှုတွေကို ဖော်ပြ ပေးလိုက်ပါတယ် ။

PS : ဘာစီလိုနာမှာ ရှိခဲ့စဉ်အချိန်ကာလဟာ ဒင်ဟိုအတွက် ကစားသမားဘဝ အကောင်းဆုံး အချိန်တွေဖြစ်ခဲ့ပါတယ် ။

 

#ကလပ်အသင်းနှင့်အတူဆုဖလားအောင်မြင်မှု

ဂရီမီယို
====

South Cap – 1 ကြိမ်
Campeonato Gaucho – 1 ကြိမ်

ဘာစီလိုနာ
========

လာလီဂါ – 2 ကြိမ်
စူပါကိုပါ ဒီ အက်စ်ပန်နာ – 2 ကြိမ်
ချန်ပီယံလိဂ် – 1 ကြိမ်
ကလပ် ကမ္ဘာ့ဖလား – 1 ကြိမ် ( Runner-up )

အေစီမီလန်
=======

စီးရီးအေ – 1 ကြိမ်

ဖလာမင်ဂို
======

Campeonato Carioca – 1 ကြိမ်

အက်သလက်တီကို မင်နဲရိုး
================

Campeonato Mineiro – 1 ကြိမ်
Copa Libertadores – 1 ကြိမ်
Recopa Sudamericana – 1 ကြိမ်

#နိုင်ငံ့အသင်းနှင့်အတူဆုဖလားအောက်မြင်မှု

ကိုပါအမေရိက – 1 ကြိမ်
ဖီဖာ ကမ္ဘာ့ဖလား – 1 ကြိမ်
ကွန်ဖက်ဒရေးရှင်းဖလား – 1 ကြိမ်
Superclasico De Las America – 1 ကြိမ် (ယူ 23)

CONMEBOL Pre-Olympic Tournament – 1 ကြိမ်
အိုလံပစ် (ကြေး) 2008 (ယူ17) – 1 ကြိမ်
တောင်အမေရိကဖလား (ယူ17) – 1 ကြိမ်
ဖီဖာကမ္ဘာ့ဖလား (ယူ17) – 1 ကြိမ်

#တစ်ကိုယ်တော်အောင်မြင်မှု

ကွန်ဖက်ဒရေးရှင်းဖလား ရွှေဘောလုံးဆု (1999)
ကွန်ဖက်ဒရေးရှင်းဖလား ရွှေဖိနပ် (1999)
Reo Grande do Sul ဂိုးသွင်းအများဆုံး (1999)
CONMEBOL Men Pre-Olympic ဂိုးသွင်းအများဆုံး (2000)
ဖီဖာကမ္ဘာ့ဖလား All-Star အသင်း (2002)
လာလီဂါရဲ့ တစ်နှစ်တာ အကောင်းဆုံး အမေရိက ကစားသမား (2004)
ကွန်ဖက် ဒရေးရှင်းဖလား ကြေးဘောလုံး (2005)

World Soccer မဂ္ဂဇင်းရဲ့ တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ( 2004, 2005 ) – 2 ကြိမ်
ဖီဖာရဲ့ တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ကစားသမား (2004)
Balloon D’Or (2005)
Onze D’Or (2005)
လာလီဂါရဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမား (2005-06)
လာလီဂါရဲ့ တစ်နှစ်တာ အကောင်းဆုံးတိုက်စစ် (2004-05)

UEFA တစ်နှစ်တာ အကောင်းဆုံး ကလပ်ကစားသမား (2005/06)
UEFA တစ်နှစ်တာ အကောင်းဆုံးအသင်း (2003/04, 2004/05, 2005/06) – 3 ကြိမ်
ESM တစ်နှစ်တာ အကောင်းဆုံးအသင်း (2003/04, 2004/05, 2005/06) – 3 ကြိမ်
Don Balon ဆု ( 2003/04, 2005/06 ) – 2 ကြိမ်
ဖီဖာပရို တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ကစားသမား (2005)
ဖီဖာပရို အကောင်းဆုံး XI ( 2004/05, 2005/06, 2006/07) – 3 ကြိမ်
ဖီဖာ တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ကစားသမား (ကြေး) (2006)
စီးရီးအေ ဂိုးဖန်တီးမှု အများဆုံး ကစားသမား (2009/10)

ရွှေခြေထောက်ဆု (2009)
Bola De Ouro (2012)
တောင်အမေရိက တစ်နှစ်တာ အကောင်းဆုံး ကစားသမား (2013)

* ဘရာဇီး ဘောလုံးပြတိုက်ရဲ့ ခမ်းမကြီးထဲမှာ သူ့ပုံရိပ်တွေ ရှိနေပါတယ် ။
* 2015 ခုနှစ်က ထုတ်ပြန်လိုက်တဲ့ UEFA Ultimate Team of The Year မှာ ဒင်ဟို ပါဝင်နေပါတယ် ။

#Happy_38th_Birthday_Dinho

#အမြဲပျော်ရွှင်ပါစေဗျာ

Ref : Wiki

#SM

Leave a Reply

Your email address will not be published. Required fields are marked *