သတင်း

တောင်ဝင်ရိုးစွန်းဒေသ ဝေးလံသော ကျွန်းများတွင် ပင်ဂွင်ငှက်ကောင်ရေပေါင်း ၁ သန်းခွဲကျော်ကို အံ့အားသင့်ဖွယ် တွေ့ရှိ

တောင်ဝင်ရိုးစွန်းဒေသ ဝေးလံသော ကျွန်းများတွင် ပင်ဂွင်ငှက်ကောင်ရေပေါင်း ၁ သန်းခွဲကျော်ကို အံ့အားသင့်ဖွယ် တွေ့ရှိ

==================
==================

တောင်ဝင်ရိုးစွန်းဒေသ အရှေ့ပိုင်းရှိ ဝေးလံခေါင်းပါးသော ဒိန်းဂျားကျွန်းစုများပေါ်၌ ပင်ဂွင်ငှက်အကောင်ရေပေါင်း ၁ သန်းခွဲကျော်ခန့် နေထိုင်နေကြလျက်ရှိသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရကြောင်း သိပ္ပံပညာရှင်များက မတ်လ ၂ ရက်က ထုတ်ပြန်ကြေညာလိုက်သည်။

တစ်ချိန်တည်းမှာပင် ယင်းနှင့် ကီလိုမီတာ ၁၆၀ (မိုင် ၁၀၀) အကွာ တောင်ဝင်ရိုးစွန်းဒေသ အနောက်ပိုင်းဘက်ခြမ်းတွင်မူ အဆိုပါအလားတူ ပင်ဂွင်မျိုးစိတ်များမှာ ကောင်ရေ သိသိသာသာ ကျဆင်းမှု ရှိနေခဲ့ကြောင်း၊ ယင်းသို့ဖြစ်ခြင်းမှာ ကမ္ဘာကြီးပူနွေးပြီး ပင်လယ်ရေခဲပြင်ထု အရည်ပျော်လာနေမှုကြောင့် ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ယခုတွေ့ရှိခဲ့သော ပင်ဂွင်များကို ပထမအကြိမ် ကောင်ရေ စစ်တမ်းကောက်ယူအပြီးတွင်မူ အဆိုပါ ကျွန်းစုများတွင် Adelie ပင်ဂွင် စုံတွဲပေါင်း ၇၅၀,၀၀၀ ကျော် နေထိုင်နေကြသည်ကို တွေ့ရပြီး ယင်းကောင်ရေပမာဏမှာ အခြားသော တောင်ဝင်ရိုးစွန်းဒေသ ကျွန်းစုဒေသများတွင် ရှိနေသော ကောင်ရေစုစုပေါင်းထက်ပင် ပိုမိုများပြားနေကြောင်း အဆိုပါ သိပ္ပံပညာရှင်အုပ်စုက ပြောသည်။

” ခုလို ဒီကျွန်းတွေမှာ ဒီလောက်များတဲ့ ပင်ဂွင်တွေ တွေ့ရတာကိုက တော်တော်လေးကို အံ့အားသင့်စရာကောင်းပါတယ်၊ ခုလို တွေ့ပြီးတဲ့နောက်မှာတော့ ဒီဒေသတွေကို ဘယ်လိုထိန်းသိမ်းရမလဲ စဉ်းစားသွားရပါတော့မယ်” ဆိုပြီး အဆိုပါ သိပ္ပံပညာရှင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဟယ်သာ လင့်ခ်ျက ပြောသည်။

” ဒီ ဧရိယာက များသောအားဖြင့် တစ်နှစ်ပတ်လုံး ရေခဲတွေနဲ့ ဖုံးလွှမ်းနေတဲ့ နေရာပါ၊ နွေရာသီလို အချိန်မျိုးမှာတော့ ဒီဒေသမှာ ခုလို လာပြီးစစ်တမ်းကောက်ဖို့က တော်တော်လေးခက်ပါတယ်၊ ခုလို ပင်ဂွင်တွေ အများကြီးတွေ့ရလို့လဲ အံ့သြမိပါတယ်၊ ဒီကျွန်းတွေမှာ ဒီလောက်ရှိလိမ့်မယ်လို့ အရင်က မသိခဲ့ပါဘူး” ဆိုပြီး သူမက ထပ်လောင်းပြောသွားသည်။

===========

Mizzima – News in Burmese

Leave a Reply

Your email address will not be published. Required fields are marked *