သတင္း

ဘန်ကောက်တွင် ရွှေ့ပြောင်းလုပ်သားများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန်နေရာ ၂ ခု ဖွင့်လှစ်

ဘန်ကောက်တွင် ရွှေ့ပြောင်းလုပ်သားများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန်နေရာ ၂ ခု ဖွင့်လှစ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ရွှေ့ပြောင်းလုပ်သားနဲ့ ထိုင်းအလုပ်သမားတွေအတွက် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေးထိုးနှံဖို့စခန်း ၂ ခုဖွင့်လှစ်ထားတယ်လို့ ခေါဝ်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အဆိုပါနေရာ ၂ ခုမှာ ဒင်းဒဲန်းနယ်မြေရှိ ဂျပန်-ထိုင်း လူငယ်အားကစားရုံနဲ့ ကျဒူးကျတ်နယ်မြေ ဝိဖားဝဒီလမ်းရှိ လုန်ဖီနီ ထောင်းန်ဝေ့စ်ခန်းမမှာဖြစ်ပြီး ဩဂုတ် ၉ ရက်မှ ၃၁  နေ့ အတွင်း စနေ / တနင်္ဂနွေမှအပ နေ့စဉ်လာရောက်ထိုးနှံနိုင်တယ်လို့ ဆိုပါတယ်။

အဆိုပါ စခန်း ၂ခုကနေ ထိုးနှံပေးရမယ့် အလုပ်သမားတွေဟာ အလုပ်ဆိုဒ်(လုပ်ငန်းခွင်)ပေါင်း ၆၁၁ ခုကဖြစ်ပြီး လူဦးရေ  ၈၃၀၈၂ ဦးရှိကာ ထိုင်းအလုပ်သမား ၃၂၄၇၁ ဦးနဲ့ ရွှေ့ပြောင်း အလုပ်သမား ၅၀၆၁၁ ဦးတို့ ပါဝင်ပါတယ်။

ဒင်းဒဲန်းနယ်မြေရှိ စခန်းကနေ နေ့စဉ် လူပေါင်း ၂၀၀၀ နဲ့  လုန်ဖီနီထောင်းဝေ့စ်မှာ တနေ့ ကို ၁၅၀၀ ဦး ထိုးနှံပေးနိုင်မှာဖြစ်ကြောင်း၊ အလုပ်သမားတွေကာကွယ်ဆေးထိုးနိုင်ဖို့ လူမှုဖူလှုံရေး ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းနဲ့ ကဆိမ်ရတ်ဆေးရုံမှ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ လာရောက်ဝန်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

ဒီအစီအစဉ်ဟာ ထိုင်းဝန်ကြီးချုပ် ၊ ဒုဝန်ကြီးချုပ်တို့ရဲ့ အလုပ်သမားများ ကျန်းမာရေး အရေးပေါ် စောင့်ရှောက်ပေးရေးလမ်းညွှန်ချက်အရ ဆောင်ရွက်ရတာဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွါးရေး ထိန်းချုပ်ဖို့ ပိတ်ထားရတဲ့လုပ်ငန်းခွင်တွေ ပြန်ဖွင့်တဲ့အခါ  အလုပ်သမားတွေ စိတ်ချယုံကြည်စွာ လုပ်ငန်းခွင်ပြန်ဝင်နိုင်ဖို့လည်း ရည်ရွယ်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး ဆူချတ်ချူမ်းကလိင်က စခန်းကိုလာရောက်စစ်ဆေးစဉ် သတင်းထောက်တွေကို ပြောကြားပါတယ်။

အလားတူ မြန်မာရွှေ့ပြောင်းလုပ်သား အများဆုံးလုပ်ကိုင်နေတဲ့ စမွတ်စခွန်းခရိုင် (မဟာချိုင်) မှာလည်း လူမှုဖူလှုံရေးအာမခံကတ် ( ပကန်ဆန်ခုံး ) လုပ်ထားတဲ့ အလုပ်သမားပေါင်း ၄ သိန်းကျော်ကို ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးနှံပေးဖို့ ရည်ရွယ်ထားတယ်လို့ စမွတ်စခွန်းခရိုင်ဝန် နိုင်းဝီရဆဒ် ဝိကျစ်ဆိုင်ဆီက ပြောပါတယ်။

အဆိုပါ စီမံချက်အရ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်ကနေ ဩဂုတ်လ ၆ ရက်နေ့အတွင်း အလုပ်သမားပေါင်း ၂၇၀၀၀ ကို ပထမသုတ်အနေနဲ့ ထိုးနှံပေးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေကို ထိုးနှံပေးတဲ့ ကာကွယ်ဆေးအမျိုးအစားကတော့  SV စီနိုဗက် နဲ့  AZ အက်စတာဇေ တို့ဖြစ်ပါတယ်။

ဒုတိယအသုတ်အနေနဲ့လည်း ဒီလ ၃ ရက်နေ့ကနေ စပြီး စမွတ်စခွန်းမြို့ ခုပ်ခန်ရပ်ကွက်ရှိ ဆင်စခွန်းစက်မှုဇုံခန်းမကြီးမှာ ထိုးနှံပေးနေကြောင့်  ဒီအသုတ်မှာတော့ အလုပ်သမား ၁၄၅၀၀ ကို ထိုးနှံပေးမယ်လို့ ဆိုပါတယ်။

ကာကွယ်ဆေးထိုးနှံခွင့်ရတဲ့ အလုပ်သမားတွေဟာ သက်ဆိုင်ရာအလုပ်ရှင်နဲ့ ကုမ္ပဏီတွေက E-Service အွန်လိုင်းကနေ အမည်စာရင်းသွင်းထားပေးသူတွေဖြစ်ကြောင်း ၊ အွန်လိုင်းကနေ စာရင်းမပေးထားဘူးဆိုရင်တော့ အလုပ်ရှင်တွေကိုယ်တိုင်လာရောက်စာရင်းပေးပေးနိုင်တယ်လို့ ဆို ပါတယ်။

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမား ၃ သန်းကျော်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် လူမှုဖူ လှုံရေးအာမခံမလုပ်နိုင်သူတွေလည်း သိန်းနဲ့ချီရှိနေပါသေးတယ်။

လူမှုဖူလှုံရေးအာမခံကဒ်မရှိသူတွေအနေနဲ့ ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးနိုင်ဖို့  မိမိအလုပ်ရှင်ကနေတဆင့် သက်ဆိုင်ရာ ခရိုင်အလုပ်သမားရှာဖွေရေးရုံးတွေမှာ အမည်စာရင်းသွင်းထားရ မယ်လို့ သက်ဆိုင်ရာအလုပ်သမားရုံးက ကြေညာထားပါတယ်။

Credit, Copying

Leave a Reply

Your email address will not be published. Required fields are marked *