သတင်း

ချစ်သူဆင်းရဲသားနဲ့ ပေါင်းသင်းဖို့ ပိုင်ဆိုင်မှုမှန်သမျှ စွန့်လွှတ်ခဲ့တဲ့ အမျိုးသမီး

ချစ်သူဆင်းရဲသားနဲ့ ပေါင်းသင်းဖို့ ပိုင်ဆိုင်မှုမှန်သမျှ စွန့်လွှတ်ခဲ့တဲ့ အမျိုးသမီး

မလေးရှားနိုင်ငံက ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်ကြီး Khoo Kay Peng ရဲ့ သမီးအရင်းဖြစ်သူ Angeline Francis Khoo ဟာ သူမရဲ့ချစ်သူကို လက်ထပ်ဖို့အတွက် ဖခင်ဆီက ရနိုင်တဲ့ ခံစားခွင့်နဲ့ ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်ခဲ့ပါတယ်။ သူဌေးကြီး Peng ဟာ ပေါင်သန်း 400 ချမ်းသာသူ ဖြစ်ပြီး၊ သမီးကို ထင်ရာမစိုင်းဖို့ ပြင်းထန်စွာ တားမြစ်ခဲ့ပါတယ်။

Khoo ကတော့ မိသားစုတားမြစ်မှုတွေကို နာခံခြင်းမရှိဘဲ၊ နောက်ဆုံးမှာတော့ မိသားစုဝင်တွေကိုပါ သေခန်းပြတ် စွန့်လွှတ်ကာ ချစ်သူ Francis ရဲ့ ရင်ခွင်အတွင်းကို သက်ဆင်းခဲ့ပါတယ်။ သူမရဲ့ချစ်သူ Francis ဟာ သာမန် လခစားဝန်ထမ်းလေးတစ်ယောက် ဖြစ်ပြီး၊ ဒီအတွက် သူဌေးကြီး Peng က ခါးခါးသီးသီးကို သဘောမတူခဲ့ပါဘူး။

Peng ဟာ 2015 ခုနှစ်မှာ မလေးရှားနိုင်ငံရဲ့ အကြွယ်ဝဆုံးပုဂ္ဂိုလ် အယောက် 50 စာရင်းမှာ အဆင့် 44 ချိတ်ခဲ့သူ ဖြစ်ပြီး၊ သူတို့ရဲ့ အခြေအနေဟာ ရွှေကို ရွှေချင်း ခင်းနိုင်မှ သားပေးသမီးယူ အဆင်ပြေစေမယ့် လူကုံထံအသိုင်းအ၀ိုင်း ဖြစ်ပါတယ်။ ဒါပေမယ့် Khoo ကတော့ ရွှေတွေ ငွေတွေ ဂုဏ်တွေ ဒြပ်တွေကို အချစ်လောက် မက်မောမှုမရှိပါဘူး။

Khoo ဟာ သူဌေးကြီး Peng ရဲ့ ပထမဇနီးကမွေးတဲ့ သားသမီး 5 ယောက်ထဲမှာ စတုထ္ထမြောက် သမီးဖြစ်ပါတယ်။ သူမနဲ့ Francis တို့ ဟာ အောက်စဖို့တက္ကသိုလ်မှာ စုံတွေ့ခဲ့ကြပြီး၊ ချစ်သူတွေဘ၀ကို ရောက်ခဲ့ကြပါတယ်။ Francis ကတော့ Data scientist အဖြစ် ပုဂ္ဂလိက ကုမ္မဏီတစ်ခုမှာ လခစားအလုပ်ကို လုပ်ကိုင်ရပါတယ်။

Khoo ဟာ မိသားစုနဲ့ သေခန်းရှင်ခန်း ပြတ်ပြီးနောက် သူမတတ်ကျွမ်းတဲ့ ဖတ်ရှင်ဒီဇိုင်နာအဖြစ် မလေးရှား ဖတ်ရှင်လောကထဲကို ထိုးဖောက်ဖို့ ကြိုးစားနေပါတယ်။ သူမက မိဘတွေပိုင်ဆိုင်မှုကို ဘယ်တုန်းကမှ ခင်တွယ်မက်မောခြင်း မရှိကြောင်း၊ ချစ်သူနဲ့ဆိုရင် ရေသောက် ဗိုက်မှောက်ပြီးတော့လည်း နေနိုင်ကြောင်း နီးစပ်တဲ့အသိုင်းအ၀ိုင်းက အတည်ပြုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *