သတင်း

●ရာဇ၀င်မှာ အရေးခံမယ့် လူစားမျိုးတွေလား၊ ●ရာဇ၀င်မှာ အဆဲခံမယ့်လူစားမျိုးတွေလား။

●ရာဇ၀င်မှာ အရေးခံမယ့် လူစားမျိုးတွေလား၊
●ရာဇ၀င်မှာ အဆဲခံမယ့်လူစားမျိုးတွေလား။
—————————————————
(မှူးဇော်)

အခုရက်ပိုင်း မြန်မာနိုင်ငံက Facebook မှာ Trending တစ်ခု ဖြစ်လာနေတဲ့ R2P ဖိတ်ခေါ်ချက်တွေ၊ ကြိုဆိုတာတွေနဲ့ ပတ်သက်လို့ ဆိုရေးရှိလာတဲ့အတွက် အားလုံးသိအောင် ဆိုပါရစေ။
—————————————————
[Shock-1]

ရှော့ခ်ဆိုတာ သွေးလေစီးဆင်းမှု ရပ်တန့်သွားရလောက်တဲ့ ဝေဒနာ တစ်မျိုးပါ။ သွေးစီးဆင်းမှု အားနည်းသွားတဲ့အတွက် ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ပုံမှန်အလုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ အာဟာရတွေ မရတော့တဲ့ အခြေအနေကို ဆိုလိုတာ ဖြစ်ပါတယ်။ လူမှုပတ်ဝန်းကျင်မှာတော့ ထင်မှတ်မထားတဲ့ အခြေအနေတစ်ခုကို ကြားသိလိုက်ရတဲ့အချိန်မှာ တုန်လှုပ်ခြင်း ကြီးစွာ ဖြစ်ရတဲ့ အနေအထားပါ။

R2P နဲ့ ပတ်သက်လို့ ရေးသားနေကြတဲ့အထဲမှာ တစ်ချို့မောင်တွေ ရေးသားတာ ဖတ်ရတော့ ရှော့ခ် တစ်ခု လို့ ဆိုနိုင်အောင် အံ့သြမိပါတယ်။ R2P ဝင်မှာကို ကြိုဆိုကြတယ်။ ထောက်ခံကြတယ်။ သူတို့ရဲ့ အကြောင်းပြချက်ကို ကြည့်လိုက်ရင်လည်း (၁) R2P ဝင်ရင် တပ်မတော်ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး ICC ကို တင်မယ်။ (၂) ဒါဆိုရင် နိုင်ငံရေးကနေ စစ်တပ်ကို ဖယ်ရှားနိုင်ပြီ စသဖြင့်။ တစ်ချို့ကလည်း ၂၀၀၈ ပြင်ဆင်ရေးနဲ့ ချိတ်ဆက်ပြီး ရေးကြပြန်တယ်။ ဒီ Account တွေကို ကြည့်လိုက်ရင်လည်း များသောအားဖြင့် အမည်အတုတွေနဲ့ ရေးကြတာ များပါတယ်။

တစ်ကယ်တော့ မြန်မာနိုင်ငံထဲမှာ UN Controlled Safe Zone တစ်ခု ထွက်ပေါ်လာပြီးတော့ ကိုဆိုဗိုလိုနိုင်ငံသစ် ထူထောင်ရေးကို ဦးတည်နေတဲ့ မဟာဗျူဟာပါပဲ။ ပထမ-R2P အမည်နဲ့ UN တပ်တွေ ဝင်လာမယ်၊ ဒုတိယ – UN Safe Zone တစ်ခု တည်ဆောက်မယ်၊ တတိယ-UN Control Zone ထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းမယ်၊ စတုတ္ထ- သီးခြားနိုင်ငံ ထူထောင်မယ်။ ပြောရရင် မြန်မာနိုင်ငံရဲ့ ပိုင်နက်ထဲက ရခိုင်မြောက်ပိုင်း ပဲ့ထွက်သွားမယ်။ ပြည်ပကျူးကျောက်တိုက်ခိုက်မှုကို R2P မျက်နှာဖုံးနဲ့ မြန်မာ့ပိုင်နက်ကို သိမ်းပိုက်ခြင်း လို့ ရှင်းရှင်းပဲ ဆိုချင်ပါတယ်။ ဒါကို ကြိုဆိုတယ် ဆိုတဲ့ မောင်တစ်ချို့တွေကိုလည်း R2P ရဲ့ လားရာကို အဆုံးအထိ တွေးကြည့်ကြဖို့ သတိပေးချင်ပါတယ်။

တစ်ကယ်တော့ R2P ပဲဖြစ်ဖြစ်၊ Humanitarian intervention ပဲ ဖြစ်ဖြစ်၊ ဘယ်လိုပဲ ခေါင်းစဉ်တပ်တပ်၊ တရားမ၀င် ကျူးကျော်စစ်/ ရန်စမှု သက်သက်ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ လုံခြုံရေးကောင်စီရဲ့ အတည်ပြုချက် ရှိခြင်း၊ မရြှိုခင်းကလည်း Mandate ရှိခြင်း မရှိခြင်းကို ကိုယ်စားပြုပါတယ်။
(R2P အကြောင်း နောက်မှ အသေးစိတ် ရေးပါဦးမယ်)
—————————————————
[Shock-2]

ရန်ကုန်မှာ ရှိတဲ့ အမေရိကန်သံအမတ်ကြီးက Ethnic cleansing မြောက်တယ် လို့ ထုတ်ဖော်လာတဲ့ ကိစ္စ။ ဒါကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောထားတယ် ဆိုပြီး ကိုးကားပြီး ပြောခဲ့တာ တွေ့ရပါတယ်။ ကမ္ဘာမှာ စပိုင်တွေကို ပုံစံအမျိုးမျိုး ဖြန့်ကျက်ထားပြီး သတင်းအချက်အလက်တွေ နှိုက်ယူနေတဲ့ နန်းကျတော့မယ့် ပါဝါနိုင်ငံကြီး (နန်းကျတော့မယ့် ဆိုတာက စစ်ရေးနည်းပညာမှာ ရုရှား၊ စီးပွားရေးမှာ တရုတ်ရဲ့ ကျော်လွှားမှုကို ခံရတော့မယ့် အနေအထား)က သံတမန်တစ်ယောက်က ဒီလို လက်လွတ်စပယ် ပြောကြားလိုက်ခြင်းဟာ အံ့အားသင့်ဖွယ်ရာ ဖြစ်နေပါတယ်။ မပြောသင့် မပြောထိုက်တဲ့ ပြောကြားမှု၊ လက်လွတ်စပယ် ပြောကြားမှု ဖြစ်ပါတယ်။

ဒီဖြစ်ရပ်က ဘာကို အမှတ်ရစေသလဲ ဆိုရင် အီရတ်မှာ WMD တွေ ရှိတယ် ဆိုတဲ့ စွပ်စွဲချက် (ပြီးတော့ ဘာ WMD မှ မရှိခဲ့ပါဘူး)၊ လစ်ဗျားမှာ ဓါတုလက်နက်တွေ ရှိတယ် ဆိုတဲ့ စွပ်စွဲချက် (ပြီးတော့ ဘာ ဓါတုလက်နက်မှ မရှိခဲ့ပါဘူး) ဆိုတာတွေကို ပြန်ပြီး အမှတ်ရလာစေပါတယ်။ ဒီယုံမြင်လို့ ဒီခြုံထွင်တာလား စဉ်းစားစရာ ကောင်းနေပြန်ပါတယ်။ ဒါဟာ နိုင်ငံရေးအာဂျင်ဒါကို ဇာတ်ကြောင်းဆင်တဲ့သဘောလား မေးစရာ ဖြစ်နေပြန်ပါတယ်။
—————————————————
[Shock-3]

တရုတ့်လေ့လာရေး အစီရင်ခံစာတစ်စောင် မိတ်ဆက်တဲ့ပွဲမှာ နန်းကျတော့မယ့် ပါဝါနိုင်ငံကြီးက သံတမန်က မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို ပြောသွားပုံ ကို ပြန်ပြောင်းပြောပြခဲ့တဲ့ ဖြစ်ရပ်ပါ။ သူ ဆိုလိုတာက မြန်မာအစိုးရ အရာရှိကြီးတွေက သူတို့ကို ပြောတယ်၊ ဒီလို ဖိအားတွေ အတင်းပေးနေရင် တရုတ်နိုင်ငံဘက် တွန်းပို့ရာရောက်မယ် ဆိုတဲ့ ပြောကြားချက်တွေက စစ်အေးကာလ အတွေးအခေါ်တွေ ဖြစ်နေတယ်။ ကမ္ဘာမှာက စစ်အေး မရှိတော့ဘူး။ ကိုယ့်နိုင်ငံ အကျိုးစီးပွားကိုပဲ ကြည့်တော့တာ။ တောင်ကိုရီးယားကိုတောင် လှည့်မကြည့်တော့ဘူး။ ပါကစ္စတန်ကို ထောက်ပံ့မှုတွေ ဖြတ်နေပြီ။ မြန်မာနိုင်ငံက တရုတ်ဘက် နီးကပ်သွားမယ် ဆိုရင် သွားပေါ့။ အဲဒါက အမေရိကရဲ့ ပြဿနာ မဟုတ်၊ မြန်မာနိုင်ငံရဲ့ ပြဿနာသာ ဖြစ်တယ်။ တရုတ်ဘက် သွားရင်လည်း ပြောလိုက်မယ် – Good Luck လို့ ဆိုတဲ့ ပြောကြားချက်ပါပဲ။

အဖြေက ရှင်းပါတယ်။ အရှေ့အလယ်ပိုင်းမှာ အကြမ်းဖက်တိုက်ဖျက်ရေးနဲ့ မူဆလင်တွေ ထောင်နဲ့ချီပြီး သတ်ဖြတ်နေပေမယ့် မူဆလင်ကမ္ဘာရဲ့ ထောက်ခံမှုကို ရယူလိုတဲ့ အနေနဲ့ ရခိုင်ပဋိပက္ခမှာတော့ မြန်မာကို အားလုံးဝိုင်းပြီး လက်ညိုးထိုး ဖိအားပေးတဲ့ မဟာဗျူဟာပါပဲ။ အမေရိကန် ပြည်တွင်းမှာ မူဆလင် လူဦးရေတိုးပွားလာမှုကို ထိန်းချုပ်တယ်၊ ဗလီအရေအတွက် လျှော့ချတယ်။ ရောက်ပြီးသား မူဆလင်တွေ ပြန်ပို့ဖို့ စစ်တယ်။ ဒီလိုပါပဲ အင်္ဂလိပ်တွေဆိုရင်လည်း ရွှေ့ပြောင်းဒုက္ခသည်တွေကို လက်ခံရမှာစိုးလို့ အီးယူက ထွက်ရတဲ့အထိ လုပ်ပြကြတယ်။ ဒါကို Diversionary Foreign Policy လို့ ခေါ်ပါတယ်။ သက်ဆိုင်ရာနိုင်ငံရဲ့ တစ်နေရာရာ (ပြည်တွင်းနဲ့ ပြည်ပ)မှာ ဆောင်ရွက်နေတဲ့ လုပ်ဆောင်ချက်တွေကို သတိမပြုနိုင်အောင် အခြားတစ်နေရာရာ (ဥပမာ- မြန်မာနိုင်ငံရဲ့ ရခိုင်အရေး)ကို ကမ္ဘာကြီးက အာရုံစိုက်လာ အောင် လုပ်ပြရတာမျိုး ဖြစ်ပါတယ်။
—————————————————
CNN Effect

]The CNN effect is a theory in political science and media studies which states that CNN’s use of shocking images of humanitarian crisis’ around the world compels U.S. policy makers to intervene in humanitarian situations they may not otherwise have an interest in.] CNN Effect ဆိုတာက နိုင်ငံရေးသိပ္ပံနဲ့ မီဒီယာလေ့လာရေးသီအိုရီ တစ်ရပ် ဖြစ်ပါတယ်။ လူသားချင်းစာနာထောက်ထားမှု အကြောင်းပြချက်တွေနဲ့ အမေရိကန် စိတ်ဝင်စားမှုရှိတဲ့၊ အကျိုးစီးပွားရှိတဲ့ နိုင်ငံတကာ ဖြစ်ရပ်တွေမှာ ကြည့်သူတွေကို ရှော့ခ် ဖြစ်သွားစေမယ့်၊ ဖြစ်သွားစေနိုင်တဲ့ ရုပ်ပုံတွေ၊ ဓါတ်ပုံတွေကို စီအင်န်အင်န်က တစ်ဆင့် အသုံးချပြီး အမေရိကန်ရဲ့ ပေါ်လစီမိတ်ကာတွေကို ကြားဝင်စွက်ဖက်ဖို့ ဆောင်ရွက်တာကို ခေါ်ပါတယ်။

ဒါတွေက စစ်အေးခေတ် အင်အားကြီးနိုင်ငံတွေရဲ့ ဘက်စုံမဟာဗျူဟာမှာ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ သုံးခဲ့တာပါ။ ဗီယက်နမ်မှာ ကလပ်စတာဗုံးတွေ ကြဲတဲ့အအချိန် ထွက်ပြေးနေရတဲ့ ဗီယက်နမ်ကလေးငယ် “နပမ်း”ရဲ့ ဓါတ်ပုံဟာ ဗီယက်နမ်စစ်ဆန့်ကျင်ရေးကို အရှိန်အဟုန်နဲ့ ကြီးထွားလာစေခဲ့ပါတယ်။ ဒီအတိုင်းပါပဲ စစ်အေးခေတ် အရှေ့အုပ်စုနိုင်ငံတွေ၊ ကွန်မြူနစ်(ဆိုရှယ်လစ်)နိုင်ငံတွေကို ရှော့ခ်ဖြစ်စေမယ့် ဗီဒီယို၊ ဓါတ်ပုံတွေကတစ်ဆင့် နိုင်ငံတကာရဲ့ Perception အထင်အမြင်၊ နားလည်မှုတွေကို တည်ဆောက်ယူတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ တိန်အန်မင်ဖြစ်စဉ်၊ အရှေ့ဥရောပနိုင်ငံတွေရဲ့ ကွန်မြူနစ်တွေ ပြိုလဲခန်း၊ ပထမအကြိမ် ပင်လယ်ကွေ့စစ်ပွဲ၊ ၁၉၉၂-၉၅ ဘော့စ်နီးယားစစ်ပွဲ၊ မိုဂါဒစ်ရှူတိုက်ပွဲ၊ အခုနောက်ပိုင်း ISIS စတဲ့ ဖြစ်စဉ်တွေမှာ ပြင်ပက ဝင်ရောက်တိုက်ခိုက်နိုင်မယ့် အခင်းအကျင်းလို့ ရှုမြင်လာစေမယ့် ပုံရိပ်တွေ၊ ဇာတ်ကြောင်းတွေ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်မှာ စီအင်န်အင်န်၊ အင်္ဂလိပ်တွေမှာ ဘီဘီစီ၊ အာရပ်ကမ္ဘာမှာ အယ်လ်ဂျာဇီးယား စသဖြင့် နိုင်ငံတကာရဲ့ Perception ကို ပုံသွင်းခဲ့ကြတာ ဖြစ်ပါတယ်။ Perception is Reality ဆိုတဲ့အတိုင်း အထင်အမြင်တွေက အဖြစ်မှန်လို့ ထင်လာကြတာပါ။ ဒါဟာ ဘက်စုံစစ်ပွဲ Multi-Dimensional Warfare လို့ ခေါ်ကြတဲ့ ၂၁ ရာစု စစ်ရေးမဟာဗျူဟာရဲ့ အဆင့်တစ်ဆင့် ဆိုရင်လည်း မမှားပါဘူး။ နောက်ပိုင်းမှာ ရုရှား၊ တရုတ်နိုင်ငံကြီးတွေဟာလည်း မီဒီယာကို မဟာဗျူဟာ လက်နက်တစ်ခုအဖြစ် တန်ပြန် မြှင့်တင်လာခဲ့ကြတာ ဖြစ်ပါတယ်။ နိုင်ငံရေးရည်မှန်းချက် အောင်မြင်အောင် မီဒီယာကတစ်ဆင့် ပုံဖော်တည်ဆောက်တာပါ။ မြန်မာနိုင်ငံဆိုရင် မရောက်ဖူးတဲ့သူတွေက မူဆလင်တွေကို သတ်နေတဲ့နိုင်ငံလို့ ထင်မြင်လာအောင် News Story တွေကို Narrative လုပ်ကြပါတယ်။

“Those who tell the stories rule the society.”_Plato ပလေတိုပြောခဲ့သလိုပါပဲ။ အလားတူ ဟစ်တလာပြောခဲ့တဲ့ များများပြော၊ ထပ်ခါထပ်ခါပြော၊ ကြာလာရင် လူတွေက အမှန်လို့ ယုံလာလိမ့်မယ် ဆိုတဲ့ ဝါဒဖြန့်ချိရေး သီအိုရီအတိုင်းပါပဲ။ နိုင်ငံတကာအရေးကိစ္စတွေမှာ သက်ဆိုင်ရာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်တွေကို ဘက်စုံမီဒီယာ (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရုပ်သံ၊ အွန်လိုင်း၊ လူမှုကွန်ယက်) တွေကနေ ဇာတ်ကြောင်းတွေ ဖန်တီး၊ ဇာတ်အိမ်တွေ တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။

Information Committee ကို သတင်းမှန်တွေ တင်ပြခဲ့စဉ်က တိုက်ခိုက်ခဲ့ကြတဲ့ လစ်ဘရယ်အချို့ကို အခုချိန်မှာ မေးခွန်းထုတ်ချင်တာ တစ်ခု ရှိပါတယ်။ အစုလိုက် အပြုံလိုက် ရက်ရက်စက်စက် အသတ်ခံခဲ့ရတဲ့ မြိုတိုင်းရင်းသားတွေ၊ ဟိန္ဒူဘာသာဝင်တွေရဲ့ သတင်း နိုင်ငံတကာမှာ ဘယ်ကြားမှ မကပ်ဘူး ဆိုတာပါပဲ။ အဲဒီတုန်းက အသတ်ခံရတဲ့သူတွေရဲ့ ဓါတ်ပုံတွေ ထုတ်ပြန်မပေးဘူး ဆိုရင် ဘယ်အချိန်မှာ ထုတ်ပြန်ကြမလဲ စဉ်းစားစေချင်ပါတယ်။ အဖြစ်မှန်တွေက သူတို့ နိုင်ငံရေးအာဂျင်ဒါနဲ့ ဖန်တီးထားတဲ့ ဇာတ်ကြောင်းတွေ၊ သတင်းတွေအောက်မှာ ခေါင်းတောင် မဖော်နိုင်ပါဘူး။

အခုအချိန်မှာ ရဲစခန်းပေါင်း (၃၀)၊ တပ်စခန်း(၁)ခု၊ စုစုပေါင်း လုံခြုံရေး ဌာန ပေါင်း (၃၁)ခုကို အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်ကို ဘယ်သူကမှ သတိမရတော့ပါဘူး။ ဘင်္ဂလားကို ထွက်ပြေးကြတဲ့ လူပေါင်းများစွာ ကိစ္စကိုပဲ ပုံကြီးချဲ့ပြီး အခု R2P အထိ တွန်းလာခဲ့ကြတာပါ။
—————————————————
The End of Democracy

ရခိုင်မြောက်ပိုင်းဟာ မြန်မာ့အချုပ်အခြာအာဏာပိုင် နယ်မြေ ဖြစ်ပါတယ်။ ဖဲပေးလို့ မရပါဘူး။ ဖဲ့ပေးတဲ့သူ၊ ဖဲ့ပေးတဲ့ အစိုးရ၊ ဖဲ့ပေးတဲ့ တပ်မတော်ဟာ သမိုင်းကြောင်းတစ်လျှောက် နှောင်းလူတွေရဲ့ လက်ညိုးငေါက်ငေါက်ထိုး ဆဲဆို ပြစ်တင်ခြင်းတွေ ခံယူရမယ့် သမိုင်းတရားခံတွေ ဖြစ်လာပါလိမ့်မယ်။ ပြည်ပကျူးကျော် ဝင်ရောက်တိုက်ခိုက်မှုကို ဘယ်နိုင်ငံသားကမှ လက်မခံပါဘူး။ နိုင်ငံသားစင်စစ် ဧကန်မုချဖြစ်တဲ့သူ ဘယ်သူမှ လက်ခံကြမှာ မဟုတ်ပါဘူး။

ဒါဟာ ဒီမိုကရေစီနဲ့ မဆိုင်ပါဘူး။ အခြေခံဥပဒေနဲ့ မဆိုင်ပါဘူး။ စစ်ဆန့်ကျင်ရေး၊ လစ်ဘရယ်ဝါဒနဲ့ လားလားမသက်ဆိုင်ပါဘူး။ နိုင်ငံတိုင်းက ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်သူ၊ ကိုယ့်အကျိုးစီးပွားကိုပဲ အလေးထားတာပါ။ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးပျက်ကပ် အလွန်ကနေ လက်ရှိအချိန်အထိ ကမ္ဘာကြီးမှာ ဒီမိုကရေစီဆိုတာ ရေပန်းမစားတော့ပါဘူး။ လစ်ဘရယ်ဆိုတာ စိတ်ကူးယဉ် ငကြောင်တွေ အဖြစ် သတ်မှတ်လာခဲ့ကြပါပြီ။ အင်အားကြီးနိုင်ငံကြီးတွေ၊ အနောက်နိုင်ငံကြီးတွေ ဆိုရင် လူသိထင်ရှားသာ ထုတ်မပြောတာ ပြည်တွင်းမှာ တင်းကျပ်ရေးနဲ့ အကျိုးစီးပွားကာကွယ်ရေးတွေကို အုံနဲ့ ကျင်းနဲ့ ချနေကြပါပြီ။ သူတို့ ပြည်တွင်းမီဒီယာတွေက ဒါမျိုးတွေကို ဟိုက်လိုက် မလုပ်ပါဘူး။

Democracy is in Crisis, Democracy Recession စသဖြင့် အမျိုးမျိုး ကင်ပွန်းတပ်နေကြပေမယ့် ကမ္ဘာကြီးမှာ အကျိုးစီးပွား ဦးစားပေးမူဝါဒတွေ ချနေကြတာပါ။ ကုလသမဂ္ဂအဖွဲ့ကြီးမှာရှိတဲ့ အဖွဲ့အစည်းတွေ အားလုံးဟာလည်း ရတဲ့ဘတ်ဂျက်က ဝန်ထမ်းလစာနဲ့ ရုံးလုပ်ငန်းအသုံးစရိတ် မနည်း မီအောင် လုပ်နေရချိန်မှာ အလှူရှင်တွေ၊ အလှူရှင်တွေရဲ့ ငွေကြေးတွေသာ မှီခိုအားထားရာ ဖြစ်နေတာ သိကြဖို့ လိုပါတယ်။ လူ့အခွင့်အရေး ဆိုတဲ့ ခေါင်းစဉ်က အရင်က ကွန်မြူနစ်နိုင်ငံတွေကို ဖိအားပေးဖို့၊ နိုင်ငံရေးအပြောင်းအလဲတွေ ဖန်တီးဖို့ ပရိုမိုးရှင်းလုပ်ခဲ့ကြတယ်။ ဒီမိုကရေစီတင်ပို့ရေးလုပ်ခဲ့ကြတယ်။

ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွားတော့ The End of History သမိုင်းနိဂုံးဆိုပြီး လစ်ဘရယ်တစ်ခေတ် ဆန်းသစ်ချေပြီ ဆိုပြီးတော့ လက်ခမောင်းခတ်၊ ကြွေးကြော်ခဲ့ကြတယ်။ အခု လက်ရှိ ကမ္ဘာကြီးဟာ (၁) ၂၀၀၈ ဘဏ္ဍာရေး အကျပ်အတည်းအလွန် စီးပွားရေး၊ (၂) ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ နောက်တစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်လိုက်ဇေးရှင်းတို့ကြောင့် ဒီမိုကရေစီဟာ ရေပန်းမစားတော့ပါဘူး။ လက်ယာယိမ်းဝါဒီတွေ ခေါင်းထောင်လာပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဘယ်နိုင်ငံကြီးတွေကမှ စိတ်မဝင်စားတော့ပါဘူး။ အမေရိကန်သံအမတ်ကြီး ပြောသလို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးက မြန်မာနိုင်ငံရဲ့ ကိစ္စ ဖြစ်နေတဲ့ သဘောပါပဲ။ ကမ္ဘာတစ်ဝှမ်းလုံးမှာ ဒီမိုကရေစီ ပရိုမိုးရှင်းတွေ လုပ်ခဲ့ပြီးတော့ အခုနောက်ပိုင်းမှာတော့ ဒီမိုကရေစီအရေးဟာ စိတ်ဝင်စားစရာ မကောင်းတော့ပါဘူး။
—————————————————
နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ R2P

R2P ဆိုတာ နိုင်ငံတစ်နိုင်ငံအနေနဲ့ သူ့ရဲ့ပြည်သူတွေကို Genocide၊ War crimes၊ Ethnic cleansing နဲ့ Crimes against humanity တွေ ပြုလုပ်တာကို ကာကွယ်နိုင်စွမ်း မရှိတဲ့အခါ၊ သက်ဆိုင်ရာ အစိုးရက ကာကွယ်မပေးဘူး ထင်ရှားတဲ့အခါ နိုင်ငံတကာက ဝင်ရောက် ကြားဝင် ဆောင်ရွက်ပေးရမယ် ဆိုတာပါပဲ။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ဝင်ရောက်စဉ်ကလည်း လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံကို R2P နဲ့ ဝင်ဖို့ ပြင်သစ်က အဆိုတင်ပါတယ်။ မြန်မာ့ပင်လယ်ပြင်ရဲ့ ကပ်လျက် နိုင်ငံတကာရေပြင်မှာ ပြင်သစ်စစ်သင်္ဘော၊ အင်္ဂလိပ် စစ်သင်္ဘောနဲ့ အမေရိကန်စစ်သင်္ဘောတွေ ရောက်နေခဲ့ပါတယ်။ R2P ခေါင်းစဉ်နဲ့ Humanitarian Intervention ဝင်ဖို့ ဖြစ်ပါတယ်။ အဲဒီမှာ R2P အယူအဆကို အသေးစိတ် ဆွေးနွေးခဲ့ကြပါတယ်။

(၁) R2P ဟာ နိုင်ငံတကာ ဥပဒေ၊ ကွန်ဗင်းရှင်း မဟုတ်တဲ့အတွက် ဥပဒေကြောင်းအရ စည်းနှောင်မှု မရှိပါဘူး။

(၂) R2P ကျင့်သုံးဖို့ အားလုံးသဘောတူ လက်ခံထားတဲ့ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း မရှိသေးပါဘူး။ အယူအဆအနေနဲ့တော့ အများက လက်ခံထားကြပါတယ်။

(၃) သက်ဆိုင်ရာနိုင်ငံရဲ့ မူဝါဒ သဘောထား အရေးကြီးပါတယ်။

နာဂစ်မုန်တိုင်းကိစ္စမှာ R2P ဝင်သင့် မဝင်သင့် ဆွေးနွေးတဲ့အခါမှာ –

(၁) သက်ဆိုင်ရာ အစိုးရက Humanitarian Assistance တွေ ထောက်ပံ့မှု မရှိဘူးလား ဆိုတော့ ရှိနေပြန်ပါတယ်။

(၂) သက်ဆိုင်ရာ နိုင်ငံက နိုင်ငံတကာ အကူအညီ လက်မခံဘူးလား ဆိုတော့ လက်ခံပါတယ်။

(၃) သက်ဆိုင်ရာ အစိုးရက ကျွန်တော်တို့ မနိုင်တော့ပါဘူး၊ နိုင်ငံတကာက ဝင်လုပ်ပေးပါတော့ ဆိုပြီး ထုတ်ဖော်တောင်းခံသလား ဆိုပြန်တော့ မဟုတ်ပြန်ပါဘူး။

အဲဒီတုန်းက R2P ဟာ ဆက်လက်ဆွေးနွေး မြှင့်တင်ရဦးမယ့် အယူအဆ တစ်ခုဖြစ်တယ် ဆိုတာနဲ့ ပြင်သစ်ရဲ့ လုံခြုံရေးကောင်စီကို တောင်းဆိုချက်ဟာ မအောင်မြင်ခဲ့ပါဘူး။

ဒါပေမယ့် ကုလသမဂ္ဂစနစ်မှာ R2P ပဲဖြစ်ဖြစ်၊ R2 မ P ပဲဖြစ်ဖြစ် လုံခြုံရေး ကောင်စီက သဘောတူရင် ဘယ်နိုင်ငံကိုမဆို UN တပ်တွေ ဝင်နိုင်ပါတယ်။ လုံခြုံရေးကောင်စီမှာ P5 ၅ နိုင်ငံ(အမေရိကန်၊ အင်္ဂလိပ်၊ ရုရှား၊ ပြင်သစ်နဲ့ တရုတ်) တစ်နိုင်ငံချင်းစီမှာ ဗီတိုပါဝါ ရှိပါတယ်။ P5 ၅ နိုင်ငံလုံးက သဘောတူရင်တော့ R2P ခေါင်းစဉ်နဲ့ လာနိုင်ပါတယ်။ ဥပမာ လစ်ဗျားကို ၂၀၁၁ ခုနှစ်က တပ်တွေဝင်ပြီး No-Fly Zone ထူထောင်ပြီး ကဒါဖီကို ဖြုတ်ချခဲ့တာ လုံခြုံရေးကောင်စီရဲ့ သဘောတူဆုံးဖြတ်ချက်နဲ့ ဖြစ်ပါတယ်။ အမှန်တော့ R2P မျက်နှာဖုံးတပ်ထားတဲ့ Regime Change လုပ်တာပဲ ဖြစ်ပါတယ်။

လုံခြုံရေးကောင်စီမှာ မြန်မာကို Genocide ၊ Ethnic cleansing စတဲ့ စွဲချက်တွေ တင်ခဲ့တာက အင်္ဂလိပ်တွေ ဖြစ်ပါတယ်။ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးကလည်း မီးလောင်မြေက စက်ဘီးတစ်စီး ကိုယ်ထည်ကို ကိုင်မြှောက်ပြီး ရှေ့ဖြစ်၊ နောက်ဖြစ် အကုန်သိသလို ကောက်ချက်ချခဲ့ပါတယ်။ ရွှေတိဂုံဘုရားပေါ်မှာ The Road to Mandalay ကဗျာစာသားတွေ ရွတ်ခဲ့ပါတယ်။ အင်္ဂလိပ်တွေက ဒီကနေ့အထိ မြန်မာနိုင်ငံကို သူတို့လက်အောက်က ကျွန်အဖြစ် မြင်နေတာ စိတ်ပျက်စရာပါ။ အမှန်တော့ စစ်တကောင်းက မူဆလင်တွေကို ဗြိတိသျှတွေက ခေါ်လာခဲ့တာပါ။ ၁၉၃၇ ခွဲရေး၊ တွဲရေး ကတည်းက ဖြစ်ပါတယ်။ ဒီနေ့ဆိုရင် မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တဲ့ နှစ်(၇၀)ကျောခဲ့ပါပြီ။ ဒါကိုလည်း ဗြိတိသျှမျက်နှာဖြူတွ တစ်ခါတစ်ခါမှာ မေ့လျော့နေပုံ ရပါတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် နှစ်(၇၀)ကျော်ခဲ့တာဟာလည်း ဗြိတိသျှတွေ အမွေထားရစ်ခဲ့တာပါပဲ။ ရေနံတွင်းတွေကို မီးတွေရှို့ခဲ့တယ်။ တံတားတွေ ဖျက်ခဲ့တယ်။ အခုထိလည်း မြန်မာကို လက်အောက်ခံနိုင်ငံတစ်နိုင်ငံလို သဘောထားပြီး အမိန့်တွေ ပေးနေတုန်းပါပဲ။ ဒါတောင် ဗိုလ်ချုပ်အောင်ဆန်းက ဓနသဟာရထဲ မဝင်ခဲ့ဘဲ လုံးဝ လွတ်လပ်ရေး ယူခဲ့လို့။
—————————————————
ရခိုင်ကိစ္စသည် အချုပ်အခြာအာဏာကိစ္စ ဖြစ်

ရခိုင်မြောက်ပိုင်း ဖြစ်စဉ်တွေ ဘာဖြစ်လို့ ဖြစ်လာသလဲ။ ARSA အကြမ်းဖက်သမားတွေက စတင်ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ခဲ့တာပါ။ ဒီကနေ့ ကမ္ဘာ့နိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပါးစပ်ဖျားမှာ ဒီဖြစ်စဉ် မရှိတော့ပါဘူး။

အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဘယ်သူတွေ သေခဲ့သလဲ။ ARSA အကြမ်းဖက်သမားတွေက မြိုတွေ၊ ဒိုင်းနက်တွေ၊ ရခိုင်တွေနဲ့ ဟိန္ဒူဘာသာဝင်တွေကို အကြမ်းဖက် သတ်ဖြတ်ခဲ့တယ်။

အထောက်အထားတွေ မရှိဘူးလား။ ရှိတာပေါ့။ အသက်ရှင်ကျန်ရစ်သူတွေ ပြောကြားချက်အရ တူးဖော်ရရှိခဲ့တဲ့ ဟိန္ဒူရုပ်အလောင်းတွေ၊ တစ်ဘက် ဘင်္ဂလားဒေ့ရှ်ကို ခေါ်သွားပြီး အတင်းအဓမ္မ ဘာသာပြောင်းခိုင်း၊ မယားလုပ်ခိုင်းတာတွေ ရှိတာပေါ့။ ဒါတွေကို နိုင်ငံတကာက မသိချင်ယောင်ဆောင်နေတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က ချိုးဖောက်မှုတွေ ရှိသလား၊ အရေးမယူဘူးလား။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ချိုးဖောက်မှုတွေ ရှိရင်၊ သက်သေအထောက်အထား ခိုင်လုံရင် ထိထိရောက်ရောက် အရေးယူမှုတွေ လုပ်နေတယ်။ ဒါက အပေါ်ကညွှန်ကြားလို့ မဟုတ်ပေမယ့် မြေပြင်မှာ ဖြစ်လာရင် တာဝန်ရှိသူ အဆင့်ဆင့်အားလုံးကို အရေးယူမှုတွေ လုပ်နေတယ်။ (သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူတွေကိုယ်တိုင်က ဒီလို ချိုးဖောက်မှုတွေ လုံးဝ လက်မခံတာ)

ဒါပေမယ့် မြန်မာ့ပေါ်လစီက မျက်စေ့စုံမှိတ် မငြင်းဘဲ လက်တွေ့ တိုးတက်မှုတွေနဲ့ ချေဖျက်ဖို့ ဆိုတော့ အချိန်ယူရတယ်။ ဘက်စုံမီဒီယာတွေက တောက်လျှောက် အော်နေသလို မအော်နိုင်ဘူး။ ဒီတော့ ဝေဖန်မှုတွေကပဲ အုံနဲ့ ကျင်းနဲ့ ဖုံးထားတယ်။ ဂူးဂဲလ်မှာ ခေါက်ပြီး ရှာရင် သူတို့ Narrative တွေ တက်လာအောင်၊ Social Media မှာ ရှာရင် သူတို့ Story တွေ တက်လာအောင် ငွေကြေး၊ နည်းပညာ ပုံအောပြီး ချနေကြတာတွေကို ချေဖျက်ဖို့ ခက်ခဲတာလည်း အမှန်ပါ။ တစ်ဘက်မှာလည်း အဓိကကျတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ အကြမ်းဖက်သမားတွေအတွက် ဘင်္ဂလားနယ်စပ်မှာ Safe House မဖြစ်လာဖို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှ အောင်မြင်နိုင်မှာပါ။

အခု နောက်ဆုံး R2P နဲ့ဝင်လာမယ့် အရေး ကြိုဆိုကြောင်း စည်းရုံးရေးသားနေသူတွေကို အဓိကထား ရှင်းပြချင်ပါတယ်။ R2P ဟာ အချုပ်အခြာအာဏာဆုံးရှုံးမှုနဲ့ တိုင်းပြည် ပိုင်နက်နယ်မြေ ဆုံးရှုံးမှုကို ကိုယ်စားပြုပါတယ်။ အဲဒါကလည်း တပ်မတော် တစ်ခုတည်းပေါ်မှာ သက်ရောက်မှာ မဟုတ်ပါဘူး။ အဲဒီအချိန် အဲဒီကာလမှာ အုပ်ချုပ်ခဲ့တဲ့ အစိုးရအပေါ်မှာလည်း သက်ရောက်မှု ရှိမှာပါ။ အဲဒါတွေက နောင်လာနောက်သားတွေအတွက် သမိုင်းတရားခံ ဖြစ်လာမှာပါ။

မြန်မာနိုင်ငံဟာ လွတ်လပ်ရေး ရရှိခဲ့တာ နှစ်(၇၀)ကျော်ခဲ့ပါပြီ။ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ သင့်မြတ်အောင် နေထိုင်ရာမှာ မိမိနိုင်ငံရဲ့ အချုပ်အခြာ အာဏာ ထိပါးခံ၊ ဆုံးရှုံးခံမှာ မဟုတ်ပါဘူး။
နောက်ဆုံးအနေနဲ့ လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မိန့်ခွန်းကောက်နှုတ်ချက်တွေကို အလေးအနက် ဖော်ပြပေးလိုက်ရပါတယ်-

“ဗမာတွေလမ်းနှစ်ခွရောက်နေပြီ။ တွေဝေနေလို့ မဖြစ်တော့ဘူး။ ချီတုံချတုံဖြစ်နေလို့ မဖြစ်တော့ဘူး။ ကိုယ်ယုံကြည်တာကို မလုပ်ရလို့ မဖြစ်တော့ဘူး။ နိုင်ငံရေးလုပ်တယ်ဆိုတာ ကြောက်လွဲ ရဲမင်းဖြစ်ဆိုတဲ့အတိုင်း ရဲနိုင်မှဖြစ်မယ်။ ကျနော်တို့တော့ ရှေ့အဖို့ကို ရဲရဲကြီး လုပ်တော့မယ်။ ပြတ်ပြတ်သားသားလုပ်တော့မယ်။ ကျနော်တို့တစ်တွေ ဟိုအကြောင်းထောက်၊ ဒီအကြောင်းထောက်ပြီး ချီတုံချတုံ ဖြစ်နေမှုကြောင့် လူထုမနစ်နာစေချင်တော့ဘူး။” ( ၅ . ၄ . ၁၉၄၇ အသံလွှင့်ချက် )

“ကျုပ်တို့ဟာ ဘယ်လိုလူစားတွေလဲ၊ ရာဇ၀င်မှာ အရေးခံမယ့် လူစားမျိုးတွေလား၊ ရာဇ၀င်မှာ အဆဲခံမယ့်လူစားမျိုးတွေလား ဆိုတာ ခင်ဗျားတို့ကိုယ်တိုင်သိပါလိမ့်မယ်။” ( ၁၃ -၇ – ၁၉၄၇ မြို့တော်ခန်းမ၊ ဗိုလ်ချုပ် နောက်ဆုံးပြောကြားခဲ့သော မိန့်ခွန်း)

ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေး အရယူပေးခဲ့ပြီး တည်ဆောက်ပေးခဲ့တဲ့ ဒီမြန်မာနိုင်ငံကို သူ့သမီး လက်ထက်မှာ ဖဲ့ပေးခဲ့ရတာမျိုး ဘယ်တော့မှ အဖြစ်ခံမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံကို ချစ်မြတ်နိုးတဲ့၊ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်တဲ့၊ မှီတင်းနေထိုင်ခဲ့တဲ့ ဘယ်သူကမှ လက်ခံမှာ မဟုတ်ဘူး ဆိုတာကိုလည်း အခိုင်အမာ ယုံကြည်ထားပါတယ်။
—————————————————
(မှူးဇော်) (၃-၃-၂၀၁၈၊ ညနေ ၅း၃၄)

Leave a Reply

Your email address will not be published. Required fields are marked *