အိမ်ပြန်ခွင့်ပေးပါ
==================
==================
အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သော ကရင်အမျိုးသားအစည်းအရုံး(KNU)အပါအဝင် ကရင်ပြည်နယ်ရှိ လက်နက်ကိုင်သုံးဖွဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပြီးနောက် ကရင်ပြည်နယ်ရှိ ဒေသများအတွင်းသေနတ်သံများ ချုပ်ငြိမ်းခဲ့ပြီးထိုက်သင့်သော ဒေသဖွံ့ဖြိုးတိုးတက်မှုများပြုလုပ်လာနိုင်ခဲ့ကာ ဖွံ့ဖြိုးမှု၏အကျိုးကို ပြည်သူများခံစားခဲ့ရသည်။
သို့သော် သေနတ်သံအလုံး စုံချုပ်ငြိမ်းသည့် ကရင်ပြည်နယ် ဆိုသော အခြေအနေကို ကရင်တိုင်းရင်းသားများ အချိန်ကြာကြာ ခံစားခွင့်မရခဲ့ပေ။ တပ်မတော်၊ နယ်ခြားစောင့်ပူးပေါင်းအဖွဲ့နှင့်ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) မှ ခွဲထွက်သွားသည့် DKBA ခွဲထွက်အဖွဲ့တို့အကြား တိုက်ပွဲများ ၂၀၁၆ နှစ်ကုန်ပိုင်းက ဖြစ်ပွားခဲ့သည်။NCA လက်မှတ်ထိုးပြီး တစ်နှစ်ခန့်အကြာတွင်ဖြစ်သည်။
ထိုတိုက်ပွဲများ၏ အကျိုး ဆက်ကြောင့် ကရင်ပြည်နယ်တစ် ၀န်း မူလရှိနှင့်ပြီးသော မြေမြှုပ် မိုင်းများကိုပင် မဖယ်ရှားရသေးမီ ကရင်တိုင်းရင်းသားများအတွက် မြေမြှုပ်မိုင်း အန္တရာယ်ရှိသော ဒေသအသစ်များကိုပါ အမွေ ဆက်ခံရပြီ ဖြစ်သည်။
ထိုသို့ အမွေဆက်ဆံရသူ များထဲတွင် ဆယ်ကျော်သက်အ ရွယ်ကတည်းကစ၍ လက်ရှိအ သက် (၄၀)အထိ စစ်၏အနိဌာ ရုံကို တွေ့ကြုံနေရဆဲ မဲသဝေါ ဒေသခံ ဒေါ်တင်လှလည်း အပါ အ၀င် ဖြစ်သည်။
သူတို့ နေထိုင်ရာ ကရင် ပြည်နယ် လှိုင်းဘွဲမြို့နယ် မဲသ ဝေါဒေသတွင် တပ်မတော်နှင့် DKBA ခွဲထွက်အဖွဲ့တို့ တိုက်ပွဲ များ ဖြစ်ပွားမှုကြောင့် စစ်ရှောင် ဘ၀သို့ ရောက်ရှိခဲ့သည်။
ကရင်ပြည်နယ်ရှိ KNU၊DKBA နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)စသည့် လက်နက်ကိုင်သုံးဖွဲ့ NCA လက်မှတ်ထိုး၍ ၎င်းအဖွဲ့များနှင့် တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားမှု မရှိတော့သလောက်ပင် ဖြစ်သည်။ သို့ရာတွင် တပ်မတော်၊နယ်ခြားစောင့်ပူးပေါင်းအဖွဲ့နှင့် DKBA ခွဲထွက်အဖွဲ့တို့အကြား၂၀၁၆ စက်တင်ဘာလဆန်းက တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ယင်းအချိန်ကစ၍ မဲသဝေါ၊ ထီးကလိုးသော့စသည့် ရွာသူရွာသားများအပါအ၀င် ရွာ ၃၀ ကျော်မှ လူဦးရေ ငါးထောင်ကျော် စစ်ဘေးရှောင်ဘ၀ ရောက်ခဲ့သည်။
နိုင်ငံတော်အကြီးအကဲများ၊ တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့ ခေါင်းဆောင်များက ငြိမ်းချမ်း ရေး၏ အသီးအပွင့်ကို ကရင်ပြည် နယ်သူ၊ ပြည်နယ်သားများ ခံစား နေကြရပြီဟု အခမ်းအနားများ၊ သ၀ဏ်လွှာများတွင် ထည့်သွင်း ပြောဆို ဖော်ပြနေသော်လည်း မြိုင်ကြီးငူဒေသရောက် စစ်ရှောင် များအတွက် အကျုံးမ၀င်သလို ဖြစ်နေသည်။
ထိုအခြေအနေက ၂၀၁၅ အောက်တိုဘာကစတင်၍ ၂ နှစ် ကျော်ကြာပြီဖြစ်သော အပစ်ရပ် စာချုပ် NCA အရ ဆောင်ရွက်နေ သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အသီးအပွင့်ကို မြိုင်ကြီးငူရောက် စစ်ရှောင်များ မခံစားရသေး ကြောင်း မီးမောင်းထိုးပြနေခြင်း ပင်။
မြိုင်ကြီးငူစစ်ဘေးဒုက္ခသည် များ၏ ကျေးရွာများတည်ရှိရာ ဒေသသည် DKBA လှုပ်ရှားရာ ဒေသဖြစ်ပြီး လက်ရှိတွင် တပ်မ တော်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ များအပြင် KNU တပ်ဖွဲ့များလည်း သွားလာလှုပ်ရှားလျက်ရှိသည်ကို တွေ့ရကြောင်း စစ်ရှောင်အချို့က ဆိုသည်။
မြိုင်ကြီးငူစစ်ရှောင်စခန်း တွင် ခိုလှုံနေသည့် အသက် (၃၉) နှစ်အရွယ် ဒေါ်တင်လှသည် စစ်ပွဲ ၏ ဒဏ်ကို ဆယ်ကျော်သက်အ ရွယ်ကပင် ခံစားဖူးသူဖြစ်သည်။ မဲသဝေါကျေးရွာ ဒေသခံသူ့အ တွက် လွန်ခဲ့သည့် ၂၅ နှစ်က ကြုံ ခဲ့ရသည့် အဖြစ်အပျက်က အိပ် မက်ဆိုးတစ်ခုလိုပင်။
ဒေါ်တင်လှအနေဖြင့် ဆန် လေးပြည်နှင့် လက်နက်ကြီးကျည် သယ်ဆောင်ရန် ပေါ်တာဆွဲခံခဲ့ရ ခြင်းဖြစ်ပြီး သူမနှင့်အတူ အမျိုး သမီး ၇၀ ဦးတို့ ရက်ပေါင်း ၂၈ ရက်ကြာ ခရီးကြမ်းကို ဖြတ်သန်း ခဲ့ရသည်ဟု ဆိုသည်။
‘‘ကျွန်မ (၁၄) နှစ်တုန်းက ပေါ်တာဆွဲခံရတယ်။ ခွေးအိပ် တောင်ကိုသွားရတာ။ ထိုင်းနဲ့ မြန်မာနဲ့ နယ်စပ်ထိ ရွာကနေ လမ်းလျှောက်သွားရတာပေါ့’’ ဟု သူ က ပေါ်တာဆွဲခံရစဉ် အတွေ့အ ကြုံကို ပြန်ပြောင်းပြောသည်။
၎င်းပေါ်တာဆွဲခံရသော၁၉၉၃ ၀န်းကျင်သည် တပ်မတော် နှင့် KNU တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေချိန်ဖြစ်သည်။
‘‘သူတို့နားရင် ကျွန်မတို့ လည်း နား၊ မိန်းကလေးတွေကို ပေါ်တာခေါ်တာ အဲဒီတုန်းက။ ယောက်ျားလေးတွေရော၊ မိန်းက လေးတွေရော တွေ့တဲ့သူကိုခေါ် သွားတာပဲ။ ပေါ်တာတွေ တကယ်လို့ ကျန်းမာရေးမကောင်းလို့ ဆို လို့ရှိရင် ချန်ခဲ့တာပေါ့။ ချန်ခဲ့ တော့ တစ်ယောက်တည်း ကျန်ခဲ့ ရတာပေါ့’’ဟု သူကပြောသည်။
၂၈ ရက်ကြာမြင့်ပြီးနောက် ပေါ်တာဆွဲခံရခြင်းမှ သူပြန်လည်လွတ်မြောက်လာသော်လည်း စိတ်အမာရွတ်က ထင်ကျန်ခဲ့ပြီ ဖြစ် သည်။
ယင်းနောက် နှစ် ၂၀ ကျော်အကြာတွင် စစ်၏ ဆိုးကျိုးကို ဒေါ်တင်လှတစ်ယောက် တစ်ကျော့ပြန်ကြုံတွေ့ခဲ့ရသည်။
ယင်းတိုက်ပွဲများကြောင့် မြေစာပင်ဖြစ်ခဲ့ရသည့် ဒေါ်တင် လှအပါအ၀င် ဒေသခံ ငါးထောင် ကျော်မှာ မြိုင်ကြီးငူဒေသရှိ ဘော လုံကွင်း ငါးကွင်းစာ ပမာဏမြေ ကွက်တွင်ဝါး၊ သက်ငယ်တို့ဖြင့် ဆောက်လုပ်ထားသည့် တဲအိမ် လေးများ၌ ယာယီခိုလှုံနေသည် မှာ တစ်နှစ်ကျော်ကြာမြင့်လာပြီ ဖြစ်သည်။
တစ်လကျော် ဖြစ်ပွားခဲ့သော တိုက်ပွဲများအပြီးတွင် စစ်ဘေး ရှောင်များ နေရပ်ပြန်ရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် စစ်၏အမွေ ဖြစ်သော မြေမြှုပ်မိုင်းက သူတို့၏အိမ်ပြန်ရေးမျှော်လင့်ချက်များ ကို မှေးမှိန်စေခဲ့သည်။
‘‘၂၀၁၆ နှစ်ကုန်ပိုင်းတုန်းက နည်းနည်းအေးသွားပြီဆိုပြီး သူ တို့ယာတွေ၊ ဘာတွေသွားပြန် ရှင်းပြုတဲ့အချိန် မိုင်းထိတာ။ တိုက်ပွဲကြားထဲမှာ ထိလို့ သေတာမျိုး မဟုတ်ဘဲ မိုင်းကြောင့်သေတာ ပေါ့။ သေတာက စစ်ရှောင်ထဲမှာ စာရင်းဇယားရှိတာက နှစ်ယောက်ရှိတယ်။ ကျန်တဲ့ပြတ်တာ၊ ပြု တာ ခန္ဓာကိုယ်အစိတ်အပိုင်း မိုင်း ထိမှန်ခံရတာတော့ ရှိတယ်’’ဟု စစ်ရှောင်စခန်းတာဝန်ရှိသူ စော စိန်ပန်းက ပြောသည်။
နေရပ်တွင် ပြန်လည်နေထိုင် ရန် ကြိုးစားခဲ့သူအချို့ မိုင်းထိပြီး သေဆုံးဒဏ်ရာရရှိခြင်း သတင်း စကားက စစ်ဘေးရှောင်ကျေးရွာ ၃၀ ကျော်မှ လူဦးရေ ငါးထောင်ကျော်၏ နေရပ်ပြန်ရေး အိပ်မက် ကိုပျက်ပြယ်စေခဲ့သည်။
အဆိုပါ မြေမြှုပ်မိုင်းများကို မည်သည့်အဖွဲ့က ထောင်သည် မှန်းဒေသခံများ မသိပေ။
သို့သော် ဆယ်စုနှစ်ပေါင်း များစွာ စစ်ပွဲများဖြစ်ပွားခဲ့သော ကရင်ဒေသတွင် မြေမြှုပ်မိုင်း ကြောင့် မိဘမောင်ဖား ဆွေမျိုး များ အသက်ဆုံးရှုံးခဲ့ကြရသည် ကို ကရင်တိုင်းရင်းသားများတွင် အတွေ့အကြုံရှိခဲ့ပြီဖြစ်ရာ ကံကို ယုံ၍ ဆူးပုံမနင်းဝံ့။
‘‘ဒီကို မလာခင်တုန်းက ၀မ်း ကွဲအစ်ကိုတစ်ယောက် မိုင်းထိပြီး သေသွားရတယ်။ ဒီကိုမပြေးလာ ခင် ပစ္စည်းတွေ ဘာတွေ လိုက် သိမ်းတာပေါ့။ ပြီးတော့ ပြန်လာ တဲ့အချိန်မှာ ထိတာ။ ဘေးမှာ လည်း ထိ၊ ကုပ်၊ ကျောမှာလည်း ထိ တစ်ခါတည်းပြီး (သေဆုံး) သွားတာပဲ’’ ထီးသာထရွာမှ ကရင်တိုင်းရင်းသူ လက်ရှိစစ်ရှောင် စခန်းတွင် ခိုလှုံနေရသည့် မကြည်သန်းက ဆိုသည်။
မိုင်းအန္တရာယ်ကြောင့် စစ် ဘေးရှောင်များ နေရပ်မပြန်နိုင် ခြင်းက ကာလရှည်ကြာလာသည် နှင့်အမျှ စစ်ရှောင်စခန်းတာဝန် ရှိသူများကို ၀န်ပိစေခဲ့သည်။ ထောင်ချီသော စစ်ဘေးရှောင် များ၏ နေ့စဉ် စားရေး၊ နေရေးနှင့် ပညာရေး၊ ကျန်းမာရေးကိစ္စအ ၀၀ကို စီမံခန့်ခွဲပေးနေရသည်မှာ စခန်းတာဝန်ရှိသူများအတွက် မလွယ်ကူလှပေ။
အဆိုပါ လူဦးရေ ငါးထောင် ကျော်အတွက် တစ်ရက်လျှင် ဆန်အိတ် ၂၅ အိတ်ခန့် ကုန်ကျ လျက်ရှိပြီး ယခုအခါ အလှူရှင် လျော့နည်းလာသဖြင့် လာမည့် မတ်လအတွက် စားနပ်ရိက္ခာလုံ လောက်မှု မရှိတော့ကြောင်း စစ်ရှောင်စခန်းတာဝန်ရှိသူ ဦးထွန်း က ပြောသည်။
‘‘နောက်လအတွက်တော့ လုံလောက်မှု မရှိတော့ဘူး’’ ဟု ၎င်းကဆိုသည်။
ဆန်ကုန်သွားပါက လှိုင်းဘွဲမြို့နယ် အုပ်ချုပ်ရေးတာဝန်ရှိသူ များထံ သတင်းပို့မည်ဖြစ်ကြောင်း ဦးထွန်းက ပြောသည်။
ယခင်ကလည်း ထိုသို့ သတင်းပို့၍ ပြည်နယ်အစိုးရက အကူအညီများပေးခဲ့သော်လည်း လာမည့် မတ်လအတွက် ကူညီ မည့် အခြေအနေရှိ၊ မရှိကို မသိ ရသေးဟု ၎င်းကဆိုသည်။
‘‘ပုဂ္ဂလိက အဖွဲ့တွေက လည်း လာလှူကြတယ်။ ဒါပေမဲ့ ရေရှည်တော့ အာမခံချက်မရှိဘူး။ ထွေအုပ်ရုံးကလည်း မသေချာ ဘူး’’ဟု ဦးထွန်းက ပြောသည်။
စခန်းတာဝန်ရှိသူတစ်ဦး ဖြစ်သည့် စောစိန်ပန်းကလည်း ‘‘၂၀၁၆ ပြီးတဲ့နောက်ပိုင်း ၂၀၁၇ နဲ့ ၂၀၁၈ ကြားမှာတော့ အလှူရှင် က နည်းသွားတဲ့အခါကျတော့ ပြတ်တောက် ပြတ်တောက်ဖြစ် တာပေါ့’’ ဟု ဆိုသည်။
စစ်ရှောင်စခန်း၏ လတ်တ လောအခြေအနေများကို စစ်ဘေး ရှောင်အများစုက မသိရှာပေ။ 7Day News က တွေ့ဆုံမေးမြန်း ခဲ့သည့် စစ်ရှောင်ခြောက်ဦးအ နက် အားလုံးကထမင်းအတွက် အဆင်ပြေပြီး ဟင်းအတွက်သာ အခက်ကြုံရသည် ဆိုကြသည်။
စစ်ရှောင်ရွာသူ၊ ရွာသားများ အလှည့်ကျချက်ပြုတ်ပြီး ထမင်း ကို ဝေငှပေးသော်လည်း ဟင်းကို မူ မိမိအစီအစဉ်နှင့် စားသောက် နေကြရသည်ဟု ထီးကလိုးသော့ ရွာဒေသခံဒေါ်ချိုက ပြောသည်။
‘‘ထမင်းဒီမှာလာယူ၊ ကိုယ့် အိမ်မှာ တို့စရာတွေ ငရုတ်သီး တွေနဲ့ ပြန်လုပ်စားတာပေါ့။ ဆီ တွေ ဘာတွေ ၀ယ်စားရတဲ့လူက စားကြတာပေါ့။ မရတဲ့လူက ငရုတ်သီးနဲ့ပဲ စား။ တို့စရာ လာ လှူတာရှိတာပေါ့။ တစ်ခါတ လေ ပိုက်ဆံရှိရင် ဟင်းကောင်း စားရတာပေါ့။ သက်သတ်လွတ် ပဲပြားတို့ ဘာတို့ပေါ့။ ပိုက်ဆံမရှိ ရင် ဟင်းချိုချက် စားလိုက်ပေါ့’’ ဟု ဒေါ်ချိုက ဆိုသည်။
စစ်ဘေးရှောင်များအတွက် ဖွင့်လှစ်ထားသည့် ထမင်းချက်ရုံ ကြီးတွင် ကလေးငယ်အချို့ ဟင်းမပါဘဲ ထမင်းပန်းကန်တစ်ဖက်၊ ရေတစ်ခွက်ဖြင့် စားသောက်နေ သည့် မြင်ကွင်း၊ ယိုင်နဲ့နဲ့ တဲအိမ်များဆီမှ ကလေးငယ်နှင့် သက်ကြီးရွယ်အို အရွယ်စုံတို့ ထမင်းစားချိန်ရောက်တိုင်း အိုး၊ ခွက်၊ ပန်းကန်၊ ရေပုံးများဖြင့် ထမင်းဝေရာဆီ လာရောက်ယူငင်ကြသည့် မြင်ကွင်းမျိုးက စစ်၏ဆိုးကျိုးကို ဖော်ပြနေသည်။
စစ်ရှောင်များအနေဖြင့် စား သောက်ရေးအပြင် မကြာမီကြုံ ရမည့် အခက်အခဲ တစ်ခုရှိနေ သေးသည်။ ဒေသထွက် ၀ါး၊ နှီး၊ သက်ငယ်တို့ဖြင့်သာ ဖြစ်သလို ဆောက်လုပ်ထားသည့် ၎င်းတို့မှီ တင်းနေထိုင်ရာ နေအိမ်များသည် မကြာမီ ရောက်လာတော့မည့် မုတ်သုံလေနှင့် မိုးရာသီကို ကြံ့ ကြံ့ခံနိုင်မှု ရှိ၊ မရှိ မသေချာ။
‘‘တဲအိမ်တွေလည်း ပျက်နေ ပြီ’’ ဟု ဘောသရောရွာမှ အ သက် (၅၀)ကျော် ဒေါ်ဘယ်လှအေးက ဆိုသည်။
လူဦးရေကျပ်တည်းစွာ နေ ထိုင်ရပြီး အမိုး၊ အကာလုံခြုံမှု မရှိသည်ကို တတ်နိုင်သရွေ့ ပြန် လည်ပြုပြင်နိုင်ရန် ပြည်နယ်အစိုး ရနှင့် လွှတ်တော်ထံတင်ပြမည် ဟု စခန်းတာဝန်ရှိသူ ဦးထွန်းက ဆိုသည်။
‘‘မိုးတွင်းအတွက် အခက်အ ခဲရှိတယ်’’ဟု သူကပြောသည်။
ထိုသို့ အခက်အခဲများစွာ ကြုံရခြင်းထက် စစ်ဘေးရှောင် များက နောက်ထပ်စစ်ဘေးဒုက္ခ ထပ်ကြုံရမည်ကို ပိုကြောက်လန့် နေကြသည်။
လက်နက်ကိုင်အဖွဲ့များအ နေဖြင့် ငြိမ်းချမ်းရေးအတွက် တိုက်ပွဲများ၊ ပဋိပက္ခများ ဆက် လက်မဖြစ်ကြရန်လည်း ဒေါ်တင် လှအပါအ၀င် စစ်ဘေးရှောင်များ က တောင်းဆိုသည်။
ကရင်ပြည်နယ် အစိုးရကမူ စစ်ဘေးရှောင်များအတွက် ရိက္ခာ အပါအ၀င်လိုအပ်သည့် ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်ပေး နေပြီး နေရပ်ပြန်နိုင်ရေး မိုင်းရှင်းလင်းလုပ်ငန်းများ ဆောင်ရွက် မည်ဖြစ်ကြောင်း ဆိုသည်။
‘‘မိုင်းရှင်းလင်းရေး အဖွဲ့သုံး ခုလောက် ရှိတယ်။ သူတို့က ထောက်ပံ့ပေးမယ်တဲ့ အခုအန်တီ တို့ စလုပ်ပြီ’’ ဟု ကရင်ပြည်နယ် ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က ပြောသည်။
မိုင်းရှင်းလင်းပြီး၍ နေရပ် ပြန်ချိန်တွင်လည်း အခက်အခဲ များရှိပါက ၀ိုင်းဝန်းကူညီဆောင် ရွက်ပေးမည်ဟု ၀န်ကြီးချုပ်က ကတိပြုသည်။
မြိုင်ကြီးငူရောက် စစ်ဘေး ရှောင်များကမူ အိမ်မပြန်ရဲသေး သော်လည်း အိမ်ပြန်နေချင်ပြီ ဖြစ်သည်။
‘‘ဘယ်မပြန်ချင်ဘဲ နေမလဲ ပြန်ချင်တာပေါ့။ အေးချမ်းလို့ရှိ ရင်တော့ ပြန်မယ်။ မအေးလို့ရှိရင်တော့ မပြန်သေးဘူး’’ဟုဒေါ်တင်လှက ငြိမ်းချမ်းရေးမျှော်လင့်ချက်ကို ဖွင့်ဟသည်။
===========
By အောင်ဇော်ထွန်း၊ လင်းဟိန်း
7Day News Journal