သတင်း

ဝိတ်ချနေချိန် အချိုရည်သောက်လို့ ရလား

ဝိတ်ချနေချိန် အချိုရည်သောက်လို့ ရလား
——————————————-

ဝိတ်ချတယ်ဆိုတာက ဒီနေ့ခေတ်ဘက်မှာ လူအတော်များများ လုပ်နေကြတာပါ။ ဒါပေမယ့် ၀ိတ်ချတယ်ဆိုရင် အတော်များများက အစားလျှော့စားပြီး ၀ိတ်ချတယ်လို့ ခေါင်းစဉ်တပ်တတ်ကြပါတယ်။ အစားလျှော့စားပြီး အချိုရည်သောက်ရင်ရော ၀ိတ်ကျနိုင်လားလို့ မေးတဲ့သူတွေလည်း ရှိပါတယ်။ အဲဒီမေးခွန်းကို မဖြေခင် ၀ိတ်ချတယ်ဆိုတာက ကယ်လိုရီအ၀င်ထက် အထွက်များအောင် လုပ်တယ်ဆိုတာကို အရင်ပြောပါရစေ။ ဒီတော့ ကယ်လိုရီအကြောင်း ပြောဖို့ လိုမယ်ထင်ပါတယ်။

ကယ်လိုရီဆိုတာက ????

ကယ်လိုရီဆိုတာက အစားအသောက်ကနေ ရရှိနိုင်တဲ့ စွမ်းအင်ပမာဏပါ။ ထမင်းစားတယ်၊ အချိုရည်သောက်တယ် စသဖြင့်ကနေ ကယ်လိုရီတွေက ခန္ဓာကိုယ်ထဲကို ၀င်ရောက်လာပါတယ်။ အဲ့ဒီကယ်လိုရီကို သုံးပြီး လူတွေက တစ်နေ့တာ လှုပ်ရှားမှုတွေ၊ အလုပ်လုပ်တာတွေ စသဖြင့် လုပ်ပြီး ကယ်လိုရီတွေကို ပြန်လည် လောင်ကျွမ်းပစ်စေပါတယ်။ ၀ိတ်ချမယ်ဆိုရင် တစ်နေ့တာ ကယ်လိုရီကို ၀င်တာထက် ပိုမိုလောင်ကျွမ်းအောင် လုပ်ရမှာ ဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ တစ်နေတာလိုအပ်တဲ့ ကယ်လိုရီက????

လူတစ်ယောက်နဲ့ တစ်ယောက် ကယ်လိုရီလိုအပ်တဲ့ ပမာဏက မတူပါဘူး။ အဲဒါကို တစ်ဦးချင်းစီအလိုက် အာဟာရပညာရှင်တွေက တွက်ချက်ပေးပါတယ်။ အကြမ်းဖျဉ်းအားဖြင့်တော့ ယောကျာ်းလေးက တစ်နေ့တာ ကယ်လိုရီ ၂၅၀၀ လိုအပ်ပြီး အမျိုးသမီးတစ်ဦးအတွက် ဆိုရင်တော့ ကယ်လိုရီ ၂၀၀၀ လိုအပ်ပါတယ်။ တစ်ရက်ကို လိုအပ်တာထက် ကယ်လိုရီ ၅၀၀ လျှော့စားရင် တစ်ပတ်ကို တစ်ပေါင်နှုန်းလျော့ကျနိုင်ပါတယ်။

ဒါဆို ၀ိတ်ချဖို့ ဘာတွေလုပ်ရမလဲ ????

ခုနက ပြောသလို ၀ိတ်ချမယ်ဆို ကယ်လိုရီ အ၀င်ထက် အထွက်များအောင် လုပ်ရမှာပါ။ ဒီတော့ ကယ်လိုရီနည်းတဲ့ အစာကို စားပြီး လေ့ကျင့်ခန်းများများလုပ်ရင် ကယ်လိုရီက များများလောင်ကျွမ်းပြီး ၀ိတ်ကျတာပေါ့။ ကယ်လိုရီနည်းတဲ့ အစားအစာဆိုတာက အသားတွေနဲ့ ဟင်းသီးဟင်းရွက်တွေပါပဲ။ ကယ်လိုရီများတဲ့ အစားအစာကတော့ သကြားဓာတ်များတဲ့ အစားအစာတွေပါ။

ဒီတော့ ၀ိတ်ချနေချိန် အချိုရည်သောက်လို့ ရလား ????

ကာဗိုဟိုက်ဒရိတ်ဆိုတဲ့ သကြားဓာတ်ကို ထမင်း၊ အချိုရည်စတဲ့ အစားအသောက်တွေက အဓိက ရရှိပါတယ်။ ဒီတော့ အစားတော့ လျှော့စားတယ်၊ အချိုရည်သောက်ဖြစ်နေတယ်ဆိုရင်တော့ ၀ိတ်မကျနိုင်ပါဘူး။ အချိုရည်သောက်ရင် ၀ိတ်မကျတဲ့အပြင် ၀ိတ်တောင်တက်လာနိုင်ပါသေးတယ်။ အကြောင်းရင်းကို ပါဝင်တဲ့ ကယ်လိုရီပမာဏနဲ့ ယှဉ်ပြပါရစေ။

– ထမင်း ပန်းကန်လုံးတစ်လုံးစာမှာ ပါဝင်တဲ့ ကယ်လိုရီက ၂၀၀ ကယ်လိုရီပါ။
– ကြက်ရင်ပုံတစ်တုံးမှာ ပါဝင်တဲ့ ကယ်လိုရီက ၂၃၁ ကယ်လိုရီပါ။
– အချိုရည်တစ်ခွက်မှာ ပါဝင်တဲ့ ကယ်လိုရီက ၂၇၀ကယ်လိုရီပါ။

အစာခြေစနစ်မှာ အသားဓာတ်က အစာကြေအောင် ခြေရတာ ကြာပါတယ်။ ဒီတော့ အစာခံနိုင်တာပေါ့။ အချိုရည်ကကျတော့ အရည်ဓာတ်ဖြစ်တဲ့အတွက်ကြောင့် သောက်ပြီး သိပ်မကြာခင် ဗိုက်ကပြန်ဆာပါတယ်။ ဒါ့အပြင် ကယ်လိုရီပမာဏယှဉ်ရင်လည်း အများဆုံးဖြစ်နေပါတယ်။ ဗိုက်ဆာလို့ ခဏခဏသောက်၊ သောက်တိုင်းလည်း ကယ်လိုရီက အများကြီး ၀င်နေတော့ ၀ိတ်က မကျဘဲ တက်လာတော့တာပေါ့။

ဒီလိုဆို ၀ိတ်ချနေချိန် ဘာတွေ သောက်သင့်လဲ????

ဝိတ်ချနေချိန် သောက်သင့်တာတွေကတော့ Black coffee၊ ရေနွေးကြမ်း၊ သကြားမထည့်ထားတဲ့ အသီးဖျော်ရည်တွေကို သောက်သင့်ပါတယ်။ ရေကိုလည်း ခဏခဏသောက်ပေးသင့်ပါတယ်။

အားလုံးပဲ ကိုယ်ရည်စစ်ပြီး ကျန်းမာကြပါစေ။

ကျေး(ဆေး၁)
#အချိုရည် #ဝိတ်ချချိန် #diet #drink

Leave a Reply

Your email address will not be published. Required fields are marked *