သတင်း

တာချီလိတ်နှင့် နီးစပ်သည့် မယ်ဆိုင်မြို့နေ ပြည်သူများ တောမီးခိုးများကြောင့် ကျန်းမာရေးထိခိုက်မှု ဆက်လက်မဖြစ်စေရေး ရေမှုန်ရေမွှားများ မြို့တွင်း (၅)နေရာတွင် ဖြန်းပက်ပေး

တာချီလိတ်နှင့် နီးစပ်သည့် မယ်ဆိုင်မြို့နေ ပြည်သူများ တောမီးခိုးများကြောင့် ကျန်းမာရေးထိခိုက်မှု ဆက်လက်မဖြစ်စေရေး ရေမှုန်ရေမွှားများ မြို့တွင်း (၅)နေရာတွင် ဖြန်းပက်ပေး

====================
====================

ထိုင်း – မြန်မာ နယ်စပ်ဒေသ၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် နယ်စပ်တစ်လျှောက် တောမီးရှို့မှုများကြောင့် မီးခိုးများ မြို့တွင်းသို့ ၀င်ရောက်လာမှုကြောင့် အများပြည်သူများ ကျန်းမာရေးထိခိုက်မှု ဆိုးရွားစွာ မဖြစ်ပေါ်စေရေးနှင့် လျော့ပါးရေးအတွက် မယ်ဆိုင်တာဝန်ရှိသူများက မြို့တွင်းနေရာ(၅)ခုတွင် (၅)ရက်တိုင်တိုင် ရေမှုန်ရေမွှားများဖြင့် ဖြန်းပေးမှုကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် နှစ်စဉ်နှစ်တိုင်း တောမီးခိုးများကြောင့် အများပြည်သူများ အနှောက်အယှက်ဖြစ်စေရပြီး ကျန်းမာရေးထိခိုက်မှုအထိပါ ဖြစ်ပေါ်သည့်အတွက် မီးခိုးများ ပပျောက်ရေးအတွက် ရေမှုန်ရေမွှားဖြန်းပက်ပေးမှုကို ပြုလုပ်လေ့ရှိရာတွင် ၂၀၁၉ခုနှစ် မတ်လ(၁၁)ရက်နေ့က စတင်ကာ မြို့တွင်း လူသူအသွားအလာအများဆုံး နေရာများဖြစ်သည့် ထိုင်း – မြန်မာ ချစ်ကြည်ရေး အမှတ်(၁)တံတားထိပ်၊ မယ်ဆိုင်ရဲစခန်းရှေ့၊ တောင်သူလယ်သမားဘဏ်ရှေ့၊ တရုတ်ဘုံကျောင်းရှေ့၊ မြို့နယ်ရုံးရှေ့တို့တွင်၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့အထိ ဖြန်းပက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မယ်ဆိုင်တွင် ယခုလို ပြုလုပ်ပေးခြင်းသည် ယခုမှ မဟုတ်ဘဲ နှစ်စဉ်ပြုလုပ်လေ့ရှိကြောင်း သိရသည်။

“နှစ်တိုင်း ဒီလိုရာသီရောက်လာရင် တောင်ယာရှို့တဲ့ မီးခိုးတွေ အုံ့ဆိုင်းလာရင် မယ်ဆိုင်မြို့နယ်ရုံးကနေ မီးသတ်ကားတွေနဲ့ ရေဖြန်းပေးတယ်၊ မနှစ်ကတုန်းက ကျွန်တော် သူတို့ကို မေးကြည့်တာတော့ ကတ္တရာလမ်းပေါ်မှာ အပူရှိန်များလာရင် ရေဖြန်းလိုက်တဲ့အခါ အောက်က ရေငွေတွေက အပေါ်ကို ပင့်တင်ပြီး သွားအောင်လို့ ပြောပါတယ်၊ အပေါ်ကနေ မိုးရွာချတဲ့ ပုံစံမျိုး အပေါ်ကနေ ဖြန်းချတာ၊”ဟု ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နေ ဦးထွန်း(မယ်ဆိုင်)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နယ်စပ်တစ်လျှောက် ခွင့်ပြုချက်မဲ့ တောမီးရှို့မှုများကြောင့် မီးခိုးများမှာ မြို့တွင်သို့ ၀င်ရောက်လာသည့်အတွက် ပြည်သူများမှာ နား၊နှာချောင်း၊လည်ချောင်း၊ မျက်လုံးရောဂါများ ခံစားနေရကြောင်း သိရသည်။

“အခု မယ်ဆိုင်မှာ နေတဲ့ လူတော်တော်များများ၊ မျက်စိစပ်တာတွေ၊ မျက်ခမ်းစပ်တာတွေ၊ ကျွန်တော်ကိုယ်တိုင်လည်း ဆိုင်ကယ်နဲ့ပြေးနေရတော့ မျက်စိတွေစပ်တယ်၊ လည်ချောင်းတွေ နားတယ်၊ လည်ချာင်းတွေ ယားလာတယ်။ အဲ့လိုမျိုးတွေ မယ်ဆိုင်မြို့က လူတော်တော်များများ ဖြစ်နေကြတယ်”ဟု ဦးထွန်း(မယ်ဆိုင်)က ပြောသည်။

မြန်မာနိုင်ငံ တာချီလိတ်ခရိုင် နှင့် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အကြား တောမီးရှို့မှုများကြောင့် တောမီးခိုးများ မြို့တွင်းသို့ ၀င်ရောက်လာခြင်းသည် နှစ်ခရိုင်အကြားနေ ပြည်သူများ လည်ချောင်းနာခြင်း၊ မျက်စိနာခြင်း၊ မျက်ခမ်းစပ်ခြင်းနှင့် ချောင်းဆိုးခြင်း စသည့် ဝေဒနာများ ခံစားရလေ့ရှိသည့်အတွက် နှစ်နယ်မြေ မီးတားလမ်း ဖွံ့ဖြိုးရေးစီမံချက်နှင့် ပတ်သက်၍ တောမီးကူးစက်လောင်ကျွမ်းခြင်း နှင့် မီးခိုးမှိုင်းပြဿနာကာကွယ်ရေးလုပ်ငန်းများကို ၂၀၁၉ခုနှစ် ဇန်န၀ါရီလမှစ၍ ထိုင်းနှင့်မြန်မာ နယ်မြေများအတွင်း တော်မီးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာပေးမှုများ ပူးပေါင်း လုပ်ဆောင်သွားရန်အတွက် နောက်ဆုံးဆွေးနွေးမှုအဖြစ် ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၁၉)ရက်နေ့က ပြုလုပ်ခဲ့သည့် (၉၄)ကြိမ်မြောက် မြို့နယ်အဆင့်နယ်ခြားကော်မတီအစည်းအဝေးတွင် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သော်လည်း တားမြစ်နိုင်ခြင်းမရှိ၍ မီးခိုးများမှာ တာချီလိတ် နှင့် မယ်ဆိုင်တို့တွင် ယခင်နှစ်များနည်းတူ ၀င်ရောက်လာလေ့ရှိသည်။

ဓါတ်ပုံ – ဦးထွန်း(မယ်ဆိုင်) ၊ Chiangrai Report

==========

Tachileik News Agency

 

Leave a Reply

Your email address will not be published. Required fields are marked *