ဗဟုတုသ

အခေါင်းထဲမှာ အိပ်ပြီး လူ့သွေးသောက်ကာရှင်သန်တယ်လို့အခိုင်အမာပြောနေတဲ့ ဗန်ပိုင်းယား

အခေါင်းထဲမှာ အိပ်ပြီး လူ့သွေးသောက်ကာရှင်သန်တယ်လို့အခိုင်အမာပြောနေတဲ့ ဗန်ပိုင်းယား

အိမ်မက်တစ်ခုက သူ့ဘဝကိုပြောင်းလဲပေးလိုက်တာပါတဲ့။ ရိုမေးနီးယားနိုင်ငံသား Andreas Bathory ဟာ ဗန်ပိုင်းယားတွေတကယ်ရှိတယ်လို့ယုံကြည်တဲ့သူတစ်ယောက်ပါ။ သူဟာ သေဆုံးပြီးသူတွေရဲ့ဝိညာဉ်တွေနဲ့ဆက်သွယ်ဖို့အတွက် မကြာခနဆိုသလိုအခေါင်းထဲမှာ အိပ်လေ့ရှိတယ်လို့လည်းပြောပါတယ်။

တစ်နေ့တော့ သူ့အိမ်မက်ထဲကို ဗန်ပိုင်းယားတစ်ယောက် ရောက်လာပြီး သူ့စကားကို ပျံ့နှံ့စေဖို့အတွက် Andreas ကိုရွေးချယ်ခဲ့တယ်လို့ပြောပါတယ်။ သူ့အပြောအရတော့ ဗန်ပိုင်းယားအရှင်သခင်ဟာ Transylvania က Bran Castle လို့ခေါ်တဲ့ “Dracula Castle” မှာနေထိုင်တဲ့သူတစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။

“ကျွန်တော် ဒီ အွန်လိုင်းက ဗန်ပိုင်းယားအဖွဲ့အစည်းတွေနဲ့မပတ်သတ်ဘူး။ကျွန်တော်တို့ကျင့်သုံးတဲ့ ရိုးရာဟာ နှစ်ပေါင်း ၆၀၀ ကျော်ရှိခဲ့ပြီ ။အွန်လိုင်းပေါ်က ဗန်ပိုင်းယားအဖွဲ့အစည်းတွေဟာ အဆင့်မြင့်ဗန်ပိုင်းယားတွေနဲ့ဆန့်ကျင့်နေတဲ့ လိင်ပိုင်းဆိုင်ရာ ပတ်သတ်မှုတွေပါဝင်နေတယ်။

တကယ့်ဗန်ပိုင်းယားတစ်ယောက်ဟာ လိင်ပိုင်းဆိုင်ရာကိစ္စတွေ BDSM တွေနဲ့မပတ်သတ်ဘူး။ဒီလိုပတ်သတ်နေတဲ့သူဟာလည်း ဗန်ပိုင်းယားမဟုတ်ဘူး” လို့သူက ဗန်ပိုင်းယားနဲ့ပတ်သတ်ပြီးရှင်းလင်းပြောပြခဲ့ပါတယ်။

သူ့ရဲ့အိမ်မက်ထဲကို အလည်လာခဲ့တဲ့သူဟာ Vald the Impaler လို့ခေါ်တဲ့ Vald Tepes ဖြစ်ကြောင်း နဲ့ အိမ်မက်အကြောင်းကိုလည်း အခုလိုပဲပြောပြခဲ့ပါသေးတယ်။

“လွန်ခဲ့တဲ့ လေးနှစ်လောက် သူ ကျွန်တော့်အိမ်မက်ထဲ လာပြီး ကျွန်တော့်ကိုအမှောင်ထဲကနေ “ငါ့သား” လို့ခေါ်တယ်။ကျွန်တော်က သူ့ရဲ့မျိုးဆက်ဆိုတာကို ကျွန်တော်မယုံဘူး ။ ဒါပေမယ့် သူက သူ့ရဲ့စကားနဲ့ ဓလေ့ထုံးတမ်းတွေကို မျိုးဆက်သစ်တွေကိုလက်ဆင့်ကမ်းဖို့ ကျွန်တော့်ကိုရွေးချယ်ခဲ့တယ်။အဲ့ဒီညကျော်လွန်တော့ ကျွန်တော် သူအသတ်ခံရတဲ့နေရာမှာသွားဆုတောင်းတော့….သူကကျွန်တော့်ကိုပြောတယ်….”မင်းဘဝ ထာဝရပြောင်းလဲသွားလိမ့်မယ်” တဲ့။တကယ်လည်းပြောင်းလဲသွားခဲ့တယ်” တဲ့။

အခုဆိုရင်တော့ Andreas ကို Ordo Dracul အုပ်စုရဲ့ခေါင်းဆောင်အဖြစ်တင်မြှောက်ထားခဲ့ပြီဖြစ်ပါတယ်။Ordo Dracul အုပ်စုဆိုတာကတော့ Dracula အသတ်ခံရတဲ့ ၁၄၇၆ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အုပ်စုတစ်စုဖြစ်ပါတယ်။ရုပ်ရှင်ထဲကလို လူတွေရဲ့လည်ပင်းကို ကိုက်ဖောက်သွေးစုပ်တာမျိုးမဟုတ်ပဲ ကိုယ်တိုင်စိတ်လိုလက်ရပေးလှူတဲ့သူတွေအုပ်စု(သူတို့ကိုတော့ Black Swans လို့ခေါ်တယ်) ဆီကပဲယူတယ်လို့လည်းသိရပါတယ် ။

ဒီအကြောင်းကိုလည်း အခုလိုပဲသူကပြောထားပါသေးတယ်။

“ယုံချင်ယုံ မယုံချင်နေပါ ။ လူတွေကိုတော့ ကျွန်တော်တို့ သွေးလှူဖို့လုံးဝမတိုက်တွန်းပါဘူး ။သူတို့စိတ်နဲ့ သူတို့ ဗန်ပိုင်းယားတွေကို နားလည်ပြီး ဗန်ပိုင်းယားတွေကို အားအင်ပေးဖို့အတွက် စိတ်လိုလက်ရလာရောက်လှူဒါန်းကြတာပါ” တဲ့။

Andreas ကတော့ စိတ်ပညာရှင်တစ်ယောက်ဖြစ်ပြီး ဖက်ရှင်ဒီဇိုင်နာအနေနဲ့လည်း အလုပ်လုပ်လေ့ရှိပါတယ်။

အွန်လိုင်းပေါ်ကသူတွေက သူ့ကိုမုန်းတီးကြတာဟာ မနာလိုဖြစ်တဲ့အတွက် မုန်းတီးနေကြတာဖြစ်တယ်လို့လည်းပြောပြခဲ့ပါသေးတယ်။
“ဒါပေါ့..သူတို့မုန်းကြတာပေါ့..မနာလိုဖြစ်တဲ့အတွက် မုန်းတာပေါ့လေ။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကသာ ကျွန်တော့်ကိုဒီလို လာပြောလဲ့ရင် ကျွန်တော်လည်းယုံမှာမဟုတ်ဘူး။ဒါပေမယ့် ကြီးမားတဲ့အစွမ်းတွေ ကိုယ့်အပေါ်သက်ရောက်လာတဲ့အခါ ဘယ်လိုလဲဆိုတာ သင်နားလည်လိမ့်မယ်” လို့ အဆုံးသတ်အနေနဲ့ပြောသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *