ဗဟုတုသ

အဆစ်အမြစ် ရောင် ရောဂါဝေဒနာ ရှင်များ ဘာတွေ သောက်လို့ အဆင်ပြေမလဲ????

အဆစ်အမြစ် ရောင် ရောဂါဝေဒနာ ရှင်များ ဘာတွေ သောက်လို့ အဆင်ပြေမလဲ????

အဆစ်အမြစ်ရောင် ဝေဒနာရှင်များ ကတော့ ယောင်ယမ်းတာ သက်သာစေမယ့် အစားအစာ တွေ ကို အဓိက ထားရွေးစားပေးဖို့ လိုအပ်ပါတယ်။

အကြမ်းဖျင်း အားဖြင့် အဆစ်အမြစ်ရောင် နေတဲ့ သူတွေ ကို ဆိုဒါ ပါတဲ့ အအေးတွေ ကို ရှောင်ခိုင်းပါတယ်။ ထို အအေးတွေ မှာ ပါတဲ့ သကြား၊ aspartame၊ ဖော့စဖောရစ် အက်ဆစ် တွေ က ခန္ဓာကိုယ် က နေ ထုံးဓါတ် စုပ်ယူမှု့ ကို အနှောင့်အယှက်ပေးတဲ့ အတွက်ကြောင့်ပါ။

အဆစ်အမြစ်ရောင်နေသူတွေ အတွက် ရေ ကို တော့ တစ်နေ့ ရှစ်ခွက် ပြည့်အောင်သောက်ပေးသင့်ပါတယ်။

အခြားဘာတွေ သောက်လို့ရသေးလဲ ဆိုတော့

1. ရေနွေးကြမ်း – green tea, black tea တွေ မှာ polyphenols ဓါတ်တွေ အများကြီးပါတဲ့ အတွက် အဆစ်အမြစ်ရောင်ယမ်း တာ ကို သက်သာစေပါတယ်။ ဒါပေမယ့် ရေနွေးကြမ်း ကို အရမ်း ကျနေအောင် လက်ဖက်ခြောက် မစိမ်သင့်ပါဘူး။ လက်ဖက်ခြောက်စိမ် ရင် ၁၅ မိနစ် – နာရီ ဝက်လောက် စိမ် ပြီး ပြန်ဆယ် လိုက်ပါ။
2. ကော်ဖီ – ကော်ဖီ သောက်မယ်ဆိုရင်တော့ တစ်နေ့ ၂ ခွက် ထက်တော့ မပိုစေပါနှင့်။ ကောဖီ မှုန့် အစစ် မှာ polyphenols ဓါတ်တွေ ပါဝင်တဲ့ အတွက် ယောင်ယမ်းခြင်း ကို သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် တချို့သော လေ့လာတွေ့ရှိချက်တွေ အရတော့ ကော်ဖီ က အဆစ်အမြစ်ရောင် တာ ကို ပိုတောင် ဆိုးစေတယ် ဆိုပြီး ဖော်ပြကြပါတယ်။ ဒါပေမယ့် ကော်ဖီ ကို သကြားတွေ creamer တွေ အများကြီးထည့်သောက်မယ်၊ ကာပူချီနို လို မျိုး သောက်မယ် ဆိုရင်တော့ ကယ်လိုရီတွေ များပြီး ကိုယ် အလေးချိန် တက် လာနိုင်ပြီး အရိုးအဆစ်တွေ ကို ပိုပြီးတောင် နာကျင်စေပါတယ်။ ဒါကြောင့် ကော်ဖီ ကတော့ အဆစ်အမြစ်ရောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ အတွက်ကတော့ အခုချိန် အထိ တွေဝေ စရာဖြစ်နေတုန်းပါ။ ဒါပေမယ့် ကော်ဖီ ကို အရမ်း ကြိုက်လို့ သောက်မယ် ဆိုရင်တော့ တနေ့ နှစ်ခွက် ထက် ပိုပြီး မသောက်သင့်သလို ကော်ဖီမှုန့် အစစ် နဲ့ သကြားလျှော့ပြီး သောက်သင့်ပါတယ်။
3. နွားနို့ – အဆသ်အမြစ်ရောင်ယမ်း နေသူတွေ အတွက် နွားနို့ သောက်တော့ မယ် ဆိုရင် အဆီ ထုတ်ထားတဲ့ Low Fat Milk သို့မဟုတ် အဆီ လုံးဝနီးပါး မပါတဲ့ skimmed milk လေးတွေ ပဲ သောက်ပေးသင့်ပါတယ်။ Low Fat Milkို့ skimmed milk တို့က စူပါမားကတ် တွေ မှာ ဝယ်ရ လွယ်ပေမယ့် အိမ်မှာ ကိုယ့်ဟာကိုယ် ကျိုချက်မယ်ဆိုရင်တော့ မလိုင် ဖတ်လေးတွေ ကို ဖယ်ပြီးမှ သောက်သင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မခိုင်ပြည့် နွားနို့ မှာ ပြည့်ဝဆီ (Saturated Fat) တွေ အများကြီးပါတဲ့ ပတွက်ကြောင့် အဆစ်အမြစ်တွေ ရောင်ယမ်း တာ ကို ပိုဆိုးစေနိုင်တဲ့ အတွက်ကြောင့်ပါ။
4. အသီးဖျော်ရည် – အသီးဖျော်ရည် သောက်ပေးဖို့လိုရပါတယ်။ ဗိတာမင်စီ ကြွယ်ဝတဲ့ အသီးတွေ ဖျော်သောက်ပေးရင် ပိုကောင်းပါတယ်။ ဗီတာမင် စီ က ရောင်ယမ်း ခြင်း ကိုသက်သာစေပါတယ်။ ဗီတာမင် စီ ကြွယ်ဝတဲ့ အသီးတွေ ကတော့ လိမ္မော်သီး၊ ဆန်းကစ်သီး၊ ကီဝီသီး၊ ကျွဲကောသီး၊ သံပုရာသီး၊ နဂါးမောက်သီး စတာတွေ ဖြစ်ပါတယ်။ grapefruit (ဂရိတ်ဖရု) တော့ ရှောင်စားပေးသင့်ပါတယ်။ သူက ဆေးတော်တော်များများ နဲ့ ဓါတ်ပြုမှု့တွေ ဖြစ်ပြီး သောက်နေတဲါ ဆေးတွေရဲ့ အာနိသင်ကို လျော့စေတဲ့လအတွက်ကြောင့်ပါ။
5. ဒိန်ချဉ် သောက်ပေးသင့်ပါတယ်။ ဒိန်ချဉ် မှာ ပါဝင်နဲ့ ပရိုဘိုင်အော့တစ် (probiotics) ကတော့ ရောင်ယမ်းခြင်း ကိုသက်သာစေပါတယ်။ ဒိန်ချဉ် ကို အသီးတစ်မျိုးမျိုး နဲ့ ရောပြီး smoothie လိုမျိုး ဖျော်သောက်ပေးသင့်ပါတယ်။ အသီးထည့် စားတဲ့နေရာ မှာ အရောင်စုံ စားနိုင်ရင်တော့ ပိုကောင်းပါတယ်။ ဥပမာ – အနီရောင် – ဖရဲသီး၊ စတော်ဘယ်ရီ၊ ပန်းသီး – လိမ္မော်ရောင် (သို့မဟုတ်) အဝါရောင် – လိမ္မော်သီး၊ ဘဘောင်္သီး၊ တည်သီး၊ အစိမ်းရောင် – ပန်းသီးစိမ်း၊ ထောပတ်သီး၊ စပျစ်သီး အစိမ်း၊ တရုတ်ဇီးသီးစိမ်း။ အဖြူရောင် – ဂျပန်သခွားမွှေး၊ သခမာသီး၊ ပန်းသစ်တော်၊ ငှက်ပျောသီး၊ ခရမ်းရောင် – စပျစ်သီး၊ ဘလူးဘယ်ရီသီး စတာတွေ ထည့်စားပေးသင့်ပါတယ်။
6. ဝိုင်အနီ – ဝိုင်အနီ မှာတော့ antioxidants လို့ခေါ်တဲ့ ဓါတ်တိုး ဆန့်ကျင်ပစ္စည်းတွေ အများကြီးပါတဲ့ အတွက်ကြောင့် ရောင်ယမ်းခြင်းကို တဖက်တလမ်းက နေ သက်သာစေတယ်လို့ စာတမ်းတချို့ ကဖော်ပြပေးထားပါတယ်။ ဒါပေမဲ့ သောက်တဲ့ နေရာမှာ သတ်မှတ်ချက်လေး တစ်ခုတော့ရှိသင့်ပါတယ်။ သတ်မှတ်ချက် ကလည်း ယောင်္ကျား နဲ့ မိန်းမ မတူပါ။

1. Whiskey (40% alcohol)
အမျိုးသားတွေ က တစ်နေ့ကို ၆၀ မီလီလီတာ ထက်ပိုမသောက်သင့်ပါဘူး။ အမျိုးသမီးတွေ ကတော့ ၃၀ မီလီလီတာ ထက်မပိုသင့်ပါဘူး။

2. Beer (5% alcohol)
အမျိုးသားတွေက တစ်နေ့ကို နှစ်ခွက် (720 ml) အမျိုးသမီးတွေ က တစ်ခွက်(360 ml) ထက်မပိုသင့်ပါဘူး။

3. Wine (12% alcohol)
အမျိုးသားတွေ က တစ်နေ့ ကို ၃၀၀ မီလီလီတာ ထက်မပိုသင့်သလို အမျိုးသမီးတွေ ကတော့ ၁၅၀ မီလီလီတာ ထက် မပိုသင့်ပါဘူး။

အခုပြောထားတဲ့ အတိုင်းအတာတွေ ထက် ပိုပြီးသောက်ရင် ကြာလာရင် ဘာတွေဖြစ်လာမလဲ????
1. ရုတ်တရက်မှာတော့ အသည်း လုပ်ဆောင်ချက်တွေ အရှိန်မြှင့်ပြီး အလုပ်ပိုလုပ်လာရပါတယ်။
2. အချိန်ကြာလာတာနဲ့ အမျှ Alcoholic Hepatitis လို့ခေါ်တဲ့ အရက်ကြောင့်ဖြစ်တဲ့ အသည်းရောင် ရောဂါ ဖြစ်လာပါတယ်။
3. ကြာလာရင် အသည်းခြောက်ပြီး အသည်းကင်ဆာ အထိဖြစ်တတ်ပါတယ်။

ပြောထားတဲ့ ပမာဏ ထက်ပိုသောက်ရင် ကောင်းကျိုးထက် ဆိုးကျိုး က ပိုများလာတတ်ပါတယ်။

7. ရေများများသောက်ပေးပါ။ ရေများများ သောက်ပေးမှ အရိုး အဆစ်တွေ မှာ ရှိတဲ့ အရည်(synovial fluid) က များပြီး ဒူးနာ၊ အဆစ်နာ တာတွေ ကို သက်သာစေပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Leave a Reply

Your email address will not be published. Required fields are marked *