ဗဟုတုသ

အရက်ကြောင့် ဂေါက်နိုင်လား

  1. အရက်ကြောင့် ဂေါက်နိုင်လား

====================
====================

ဂေါက်ရောဂါဆိုတာက????

ဂေါက်ရောဂါဆိုတာက အဆစ်ရောင်ရောဂါ တစ်မျိုးပါ။ ခြေထောက်က အဆစ်တွေ အများဆုံး ရောင်တတ်တဲ့ ရောဂါပေါ့။ အဓိကရောင်တဲ့ အဆစ်ကတော့ ခြေမအဆစ်ပါပဲ။ ရောင်ပြီး နာပြီဆိုလို့ကတော့ လမ်းလျှောက်ဖို့ မပြောနဲ့။ မတ်တပ်ရပ်ရင်တောင် ရောင်နေတဲ့အဆစ်ထဲကို အပ်နဲ့ ထိုးချလိုက်သလို စူးပြီး နာတတ်တဲ့ အဆစ်ရောင်ရောဂါတစ်မျိုးပါပဲ။

ဘာကြောင့်ဂေါက်ဖြစ်ရတာလဲ????

ဂေါက်ကို ဖြစ်စေတဲ့ အဓိကဓာတ်ကတော့ ယူရစ်အက်စစ် (Uric acid) ဆိုတဲ့ ဓာတ်ပါပဲ။ ဇီဝဖြစ်စဉ်ကနေ အဲဒီဓာတ် ထွက်တာက ပုံမှန်ပါပဲ။ ထွက်လာတဲ့ အဲဒီ ယူရစ်အက်စစ်တွေကိုလည်း ဆီးကနေတစ်ဆင့် ခန္ဓာကိုယ်က ပုံမှန် စွန့်ထုတ်ပစ်ပါတယ်။

ဒါပေမယ့် အနီရောင်အသားတွေ၊ ကလီစာတွေနဲ့ ပင်လယ်စာလိုမျိုး အစာတွေ အစားများရင်ဖြစ်ဖြစ်၊ အရက် သောက်ရင်ဖြစ်ဖြစ်၊ ရေသောက်နည်းရင်ဖြစ်ဖြစ် အဲဒီယူရစ်အက်စစ်တွေက ခန္ဓာကိုယ်မှာ စုပုံလာတတ်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်ကပါ သိပ်မကောင်းဘူးဆို ယူရစ်အက်စစ်ကိုပါ မစွန့်ထုတ်နိုင်တော့ဘူးပေါ့။ အဲသလို အချက်တွေရှိနေပြီဆို ယူရစ်အက်စစ်တွေ ခန္ဓာကိုယ်မှာ စုပုံလာပါပြီ။

အဲဒီ ယူရစ်အက်စစ်တွေက အဆစ်တွေမှာ သွားစုပုံပြီး အဆစ်တွေကို နာကျင်အောင် ပြုလုပ်တော့တာပါပဲ။

အရက်ကြောင့် ဘာလို့ ဂေါက်ဖြစ်ရတာလဲ????

ခုနက ပြောတဲ့ ယူရစ်အက်စစ်များစေတဲ့ အချက်ထဲမှာ အရက်က သိပ်ကို အရေးကြီးတဲ့ အချက်အနေနဲ့ ပါဝင်နေပါတယ်။ အကြောင်းကတော့ အရက်သောက်ရင် ဂေါက်ဖြစ်နိုင်ခြေက နှစ်ဆပိုများလာစေလို့ပါပဲ။

အဲဒါကလည်း သိပ်မထူးဆန်းပါဘူး။ ဘာလို့လဲဆိုတော့ အရက်မှာ ယူရစ်အက်စစ်များစေတဲ့ ဓာတ်ပါနေပါတယ်။ ဒါ့အပြင် အရက်က ခန္ဓာကိုယ်က ပုံမှန်ဇီဝဖြစ်စဉ်အရ ထွက်နေတဲ့ ယူရစ်အက်စစ်ကိုလည်း များစေပါတယ်။ နောက်ပြီး ဆီးကနေ ယူရစ်အက်စစ် စွန့်ထုတ်တာကိုပါ အရက်က အနှောင့်အယှက်ပေးပါသတဲ့။

ကဲ ဒီတော့ အရက်သောက်ရင် ကျိန်းသေပေါက် ယူရစ်အက်စစ်တွေများပြီး ဂေါက်ပြီပေါ့။ သောက်ပြီးပြီးချင်း မူးပြီးဂေါက်၊ နောက်ပိုင်းကျတော့ ယူရစ်အက်စစ်များပြီး ဂေါက်စေတဲ့ အရက်ပါပဲ။

အရက်တိုင်းက ဂေါက်ကို ပိုဆိုးစေတာလား????

အရက်တိုင်းမှာက ယူရစ်အက်စစ်များစေတဲ့ ဓာတ်ပါပါတယ်။ ဒါပေမယ့် အရက်အမျိုးအစားပေါ်လိုက်ပြီး အဲဒီဓာတ်ပါဝင်မှုနှုန်းကလည်း ကွာပါသတဲ့။ စိတ်မကောင်းစရာတစ်ခုကတော့ အများကြိုက်တဲ့ ဘီယာက အဲဒီ ယူရစ်အက်စစ် များစေတဲ့ဓာတ် အများဆုံးပါနေတာပါပဲ။

ဒါ့အပြင် ဘီယာသောက်ပြီးရင် ဂေါက်ကြောင့် လမ်းမလျှောက်နိုင်အောင် အဆစ်ရောင်စေတာက ၅၀ရာခိုင်နှုန်းတောင် ပိုဖြစ်စေပါတယ်။

ဂေါက်ရောဂါဖြစ်ရင် အရက်လုံးဝဖြတ်ရမလား????

ဂေါက်ဖြစ်ပြီဆိုရင်တော့ အရက်ကို ဖြတ်နိုင်ရင်တော့ အကောင်းဆုံးပါ။ ဒါပေမယ့်လည်း ဖြတ်ဖို့ဆိုတာက သိပ်ခက်မှန်း ကိုယ်ချင်းစာပြီး နားလည်ပါတယ်။

ဒီတော့ အရက်ကို တော်သင့်ရုံလောက် သောက်လို့ရတဲ့ အကြောင်းကို ဝေမျှပေးပါမယ်။ တော်သင့်ရုံဆိုတာက အောက်က ပြောတဲ့ ပမာဏကို ဆိုလိုတာပါ။

ဘီယာဆိုရင် တစ်ခွက်၊ ၀ိုင်ဆိုရင်လည်း ၀ိုင်ခွက်နဲ့တစ်ခွက်၊ အရက်ပြင်းဆိုရင် တစ်ပက်လောက် သောက်လို့ရပါတယ်။ စာဖတ်သူက အသက်၆၅နှစ်အောက် ယောကျာ်းလေးဖြစ်မယ်ဆိုရင်တော့ နှစ်ခွက် ဒါမှမဟုတ် နှစ်ပက်သောက်လို့ ရပါတယ်။

ဒီတော့ အရက်ကို ဘယ်လိုသောက်ပြီး မဂေါက်အောင် နေကြမလဲ သိပြီလို့ မျှော်လင့်ပါတယ်။

ကျေး(ဆေး၁)
#ဒေါက်တာဇီဝက
#အရက် #အဆစ်မြစ်ရောင်ဂေါက်

==========

ဒေါက်တာဇီဝက

Leave a Reply

Your email address will not be published. Required fields are marked *