ဗဟုတုသ

ဝက်ခြံရောဂါနှင့် အစားအစာ

*** ၀က်ခြံရောဂါနှင့် အစားအစာ ***

====================
====================

? MWD : ဝက်ခြံရောဂါဟာ အစားအသောက်နဲ့ ဆက်စပ်မှုရှိတယ်လို့သိရပါတယ်.. ဘယ်လိုအစားအစာမျိုးတွေနဲ့ ဆက်စပ်တယ်ဆိုတာ သိချင်ပါတယ် ဆရာ..

Dr.KML : မှန်ပါတယ်.. ဝက်ခြံရောဂါဟာ အစားအသောက်မှားယွင်းလို့ဖြစ်ရတာ မဟုတ်ပေမယ့် ဖြစ်ပြီးသားဝက်ခြံကို ပိုဆိုးအောင်ပဲဖြစ်ဖြစ် မြန်မြန်ပျောက်ကင်းအောင်ပဲဖြစ်ဖြစ် အစားအစာတွေက ပြုလုပ်နိုင်စွမ်းရှိပါတယ်.. အရေးကြီးတဲ့ အစားအစာအုပ်စုအနေနဲ့ကြည့်ရင်
(၁) အဆီဓာတ် (Fats)
(၂) အိုင်အိုဒင်းဓာတ် (Iodine)
(၃) သွတ်ဓာတ် (Zinc)
(၄) ခရိုမီယမ် (Chromium)
(၅) နွားနို့နှင့် နို့ထွက်ပစ္စည်း (Milk and milk products)
(၆) ကလိုရိုဖီးလ် (Chlorophyll)
(၇) ကယ်ရိုတီနိုက် (Carotenoid)
(၈) အင်တီအောက်ဆီဒင့် (Antioxidants)
စတာတွေ ပါဝင်တဲ့အစားအစာများပဲ ဖြစ်ပါတယ်..

? MWD : အဆီဓာတ်ပါဝင်တဲ့အစားအစာနဲ့ ဝက်ခြံဆက်စပ်မှုကိုလဲ အသေးစိတ်သိချင်ပါတယ် ဆရာ..

Dr.KML : ဝက်ခြံရောဂါဆိုတာ အရေပြားအောက်မှာရှိတဲ့ အဆီဂလင်းလေး (Sebaceous gland) တွေကနေ ဖြစ်တာဆိုတော့ ဒီအဆီဂလင်းလေးတွေထဲမှာ အဆီတွေ ပိုမိုထုတ်လုပ်မယ်ဆိုရင် ဝက်ခြံလည်း ပိုဆိုးလာတတ်ပါတယ်..
ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ အဆီကို (၃) မျိုး ခွဲခြားနိုင်ပါတယ်…
(၁) ပြည့်ဝဆီ (Saturated fat)
(၂) မပြည့်ဝဆီ (Unsaturated fat)
(၃) ပြောင်းလဲဆီ (Trans fat) တို့ပဲဖြစ်ပါတယ်…

(၁) ပြည့်ဝဆီဆိုတာကတော့ ဝက်ဆီ၊ အမဲသားဆီနဲ့ စားအုန်းဆီတို့လို ဆီမျိုးဖြစ်ပါတယ်.. ဒီဆီတွေဟာ ဝက်ခြံရောဂါကို ပိုဆိုးစေပါတယ်.. အဆီတွေကို ပိုခဲစေ၊ ပိုပျစ်စေလို့ဖြစ်ပါတယ်..

(၂) မပြည့်ဝဆီကို အဓိကနှစ်မျိုး ထပ်ခွဲပါတယ်… မိုနိုဆီ (Monounsaturated fat) နဲ့ ပေါ်လီဆီ (Polyunsaturated fat) ဆိုပြီးဖြစ်ပါတယ်.. မိုနိုဆီအများဆုံးပါဝင်တာကတော့ သံလွင်ဆီ၊ မြေပဲဆီ၊ နှမ်းဆီတို့ဖြစ်ပြီး ဝက်ခြံဖြစ်သူတွေအနေနဲ့ ပုံမှန်စားသုံးနိုင်ပါတယ်…
နောက်တစ်မျိုးဖြစ်တဲ့ ပေါ်လီဆီမှာ အဓိကအုပ်စု နှစ်ခုရှိပါတယ်… Omega-3 နဲ့ Omega-6 တို့ဖြစ်ပါတယ်.. Omega-3 ပါဝင်တဲ့ ငါးအဆီ ဥပမာ-ငါးမြင်းဗိုက်သား၊ ငါးကြင်း၊ ငါးကြီးဆီတွေကို ကြိုက်သလောက် စားနိုင်ပါတယ်..
Omega-6 ပါဝင်တဲ့ ဆီအများစုကတော့ ဈေးကွက်ထဲမှာ ဒီနေ့စားသုံးဆီအဖြစ်ရောင်းချနေတဲ့ ဆီထဲမှာပါတဲ့ ပေါ်လီဆီတစ်မျိုးဖြစ်ပါတယ်.. ဒါကိုတော့ တတ်နိုင်သလောက်ရှောင်ကြဉ်ရမှာဖြစ်ပါတယ်…

(၃) ပြောင်းလဲဆီ (Trans fat) ကတော့ အဆိုးဆုံးဖြစ်ပါတယ်.. မပြည့်ဝဆီတွေကို ပြည့်ဝသွားအောင် ဟိုက်ဒရိုဂျင်အက်တမ် ထည့်သွင်းပြီး (Hydrogenation) ခဲအောင်ပြုလုပ်ထားတဲ့ ဆီခဲများဖြစ်ပါတယ်.. ဝက်ခြံကို ပိုဆိုးစေလို့ ရှောင်ကြဉ်သင့်ပါတယ်..

? MWD : အိုင်အိုဒင်းဓာတ်ပါတဲ့အစားအစာနဲ့ ဝက်ခြံကရော ဘယ်လိုများပတ်သက်ပါသလဲ ဆရာ..

Dr.KML : အိုင်အိုဒင်းပါဝင်မှုများတဲ့ အစားအစာတွေကို ပိုမိုစားမိရင် ရှိပြီးသားဝက်ခြံတွေ ပိုဆိုးလာတတ်ပါတယ်.. အထူးသဖြင့် ပင်လယ်စာ (sea food) တွေဖြစ်တဲ့ ပင်လယ်ငါးမျိုးစုံ၊ ပြည်ကြီးငါး၊ ငါးမန်းတောင်၊ ပင်လယ်ရေမှော်၊ ကျောက်ကျော၊ ရေညှိ စတာတွေမှာ အိုင်အိုဒင်းဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်.. ဒါကြောင့် ဝက်ခြံပေါက်နေသူတွေဟာ အဲ့ဒီအစားအစာတွေကို ရှောင်နိုင်ရင် ပိုဆိုးမလာဘူးပေါ့…
နောက်အရေးကြီးတာတစ်ခုက မိမိပုံမှန်သောက်လေ့ရှိတဲ့ အားဆေးထဲမှာ အိုင်အိုဒင်းပါဝင်မှုကို စစ်ဆေးသင့်ပါတယ်.. ပုလင်းမှာ ဖော်ပြထားလေ့ရှိပါတယ်.. ပါဝင်မှုများခဲ့ရင်တော့ အခြားအိုင်အိုဒင်းပါဝင်မှုမရှိတဲ့ အားဆေးတစ်မျိုးမျိုးကို ပြောင်းသောက်သင့်ပါတယ်..
နောက် အိမ်သုံးဆားအတော်များများမှာ အိုင်အိုဒင်း ဖြည့်စွက်ထားလေ့ရှိပါတယ်.. ဒါကြောင့် ဟင်းချက်တဲ့အခါ ဆားကိုလျှော့စားဖို့လည်း အကြံပြုချင်ပါတယ်…
အိုင်အိုဒင်းဆိုတာကလဲ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်ပစ္စည်းတစ်ခုဖြစ်တာကြောင့် ဝက်ခြံပေါက်နေတုန်း ခေတ္တသာရှောင်သင့်ပြီး ဝက်ခြံပျောက်တာနဲ့ ခါတိုင်းလို ပုံမှန်ပြန်ပြန်စားနိုင်ကြောင်း ပြောလိုပါတယ်..

? MWD : အိုင်အိုဒင်းဓာတ်များတဲ့အစားအစာနဲ့ ဝက်ခြံတွေ ဘာကြောင့်ပိုထွက်ရပါသလဲ ဆရာ..

Dr.KML : အိုင်အိုဒင်းဟာ ပုံမှန်အတိုင်းရှိရင်တော့ ဘာပြဿနာမှမရှိပါ.. လိုတာထက်ပိုမှသာ ဝက်ခြံကို ပိုဆိုးစေတာဖြစ်ပါတယ်.. ဒီလိုပိုလာတဲ့အိုင်အိုဒင်းတွေကို ခန္ဓာကိုယ်အရေပြားကနေတဆင့် စွန့်ထုတ်ပေးပါတယ်… ကျန်တဲ့နေရာတွေမှာ ပြဿနာမဟုတ်ပေမယ့် မျက်နှာလိုနေရာကျတော့ အိုင်အိုဒင်းကြောင့် အရေပြားကို ရောင်ရမ်းစေပါတယ်.. ဝက်ခြံဖြစ်တဲ့နေရာမှာ နဂိုထဲကရောင်နေတာဆိုတော့ ချက်ချင်းပိုဆိုးစေလို့ဖြစ်ပါတယ်.. ဒါကြောင့် မျက်နှာကို အိုင်အိုဒင်းပါတဲ့ လိမ်းဆေးတွေကအစ မလိမ်းတာ အကောင်းဆုံးဖြစ်ပါတယ်..

? MWD : သွတ်ဓာတ်နဲ့ ဝက်ခြံရောဂါကရော ဘယ်လိုဆက်စပ်ပါသလဲ ဆရာ..

Dr.KML : သွတ်ဓာတ်ဟာ ဝက်ခြံရောဂါ ကာကွယ်ရေးအတွက်ရော ကုသရေးအတွက်ပါ အရေးပါတဲ့ သတ္တုဓာတ်တစ်ခု ဖြစ်ပါတယ်.. သွတ်ဓာတ်ဟာ ကျွန်တော်တို့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အင်ဇိုင်းအမျိုးပေါင်း ၃၀ဝ ကျော်ကို ပုံမှန်တာဝန်ထမ်းဆောင်နိုင်စေဖို့ ကူညီပေးပါတယ်.. သွတ်ဓာတ်ဟာ ဗီတာမင်အေကို လိုအပ်တဲ့နေရာကိုပို့ဆောင်ပေးတဲ့ ပရိုတင်း (Retinal-binding protein) တွေ ထုတ်လုပ်မှုနဲ့ လုပ်ငန်းတွေလုပ်ဆောင်ဖို့ အကူအညီပေးပါတယ်.. ဒီပရိုတင်းတွေရှိမှသာ အရေပြားကို ဗီတာမင်အေတွေ ကောင်းကောင်းရောက်ရှိပြီး ဝက်ခြံရောဂါမဖြစ်အောင် ကာကွယ်ပေးတဲ့အပြင် ဖြစ်ပြီးသားဝက်ခြံကိုလည်း ပျောက်ကင်းအောင် ပြုလုပ်ပေးကြပါတယ်..
နောက်တခုကတော့ အမျိုးသားတွေမှာပေါက်တဲ့ ဝက်ခြံရဲ့အဓိကတရားခံဖြစ်တဲ့ DHT လို့ခေါ်တဲ့ အမျိုးသားဟိုမုန်းကို လျော့နည်းအောင် ပြုလုပ်ပေးခြင်းဖြစ်ပါတယ်.. သွတ်ဓာတ်လျော့နည်းနေရင် DHT တွေ ပိုများလာလို့ ဝက်ခြံလည်းပိုထွက်တတ်ပါတယ်..
ဒါ့အပြင် ပျက်စီးသွားတဲ့ ဆဲလ်တွေ၊ တစ်သျှူးတွေကို ပြန်လည်ပြုပြင်ရာမှာလဲ သွတ်ဓာတ်ဟာ ကူညီပေးပါတယ်.. ဒါကြောင့်လည်း အရေပြားအလှကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ သွတ်ဓာတ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတာဖြစ်ပါတယ်.. သွတ်ဓာတ်ပါဝင်တဲ့ အစားအစာတွေကတော့ အခွံမာအသီးတွေ၊ သစ်သီးအဆံတွေ၊ ငါးမျိုးစုံ၊ ကြက်ဥ၊ ဘဲဥနဲ့ ပဲမျိုးစုံတို့ပဲဖြစ်ပါတယ်.. ဝက်ခြံပေါက်သူတွေအနေနဲ့ သွတ်ဓာတ်ပါဝင်တဲ့ အစားအစာတွေကို မကြာမကြာစားပေးသင့်ပါတယ်..

? MWD : ခရိုမီယမ်နဲ့ ပတ်သက်လို့လဲ ဆက်ရှင်းပြပါဦး ဆရာ..

Dr.KML : ဝက်ခြံရောဂါဖြစ်ပွားနေသူတွေရဲ့သွေးထဲမှာ ခရိုမီယမ်ဓာတ်ချို့တဲ့နေလေ့ရှိပါတယ်… အထူးသဖြင့် ဆီးချိုရောဂါအခံရှိသူမှာ ဝက်ခြံပေါက်ခဲ့ရင် ခရိုမီယမ်ဓာတ်ချို့တဲ့ခြင်းဟာ အဓိကအကြောင်းတစ်ရပ်ဖြစ်ပါတယ်.. ခရိုမီယမ်ဟာ အင်ဆူလင်ဟိုမုန်းရဲ့ သွေးထဲမှာရှိတဲ့သကြားဓာတ်ကို ပုံမှန်ထိန်းသိမ်းရာမှာ အဓိကကူညီပေးတဲ့အကူပစ္စည်း (cofactor) ဖြစ်ပါတယ်.. ခရိုမီယမ်ချို့တဲ့ခဲ့ရင် သွေးထဲမှာ ဂလူးကို့စ်သကြားဓာတ်တွေ ပိုမိုများပြားလာပြီး ဝက်ခြံအပါအဝင် အရေပြားယားနာနဲ့ တခြားရောဂါတွေပါ ပိုမိုဖြစ်ပွားစေမှာဖြစ်ပါတယ်.. ဝက်ခြံဖြစ်တဲ့သူမှာဆို ရင်လဲ ဘက်တီးရီးယားတွေ သာမန်ထက် ပိုမိုများပြားလာပြီး ပိုရောင်လာမယ်.. ပြည်တွေတည်လာတာတွေ ဖြစ်တတ်ပါတယ်.. နောက် အရေပြားမှာရှိတဲ့ အဆီတွေထုတ်လုပ်မှုကိုလဲ ကျဆင်းစေပါတယ်.. ခရိုမီယမ်ပါဝင်တဲ့ အစားအစာတွေကတော့ ဆလပ်ရွက်၊ ကြက်သွန်နီ၊ အာလူးစတဲ့ သဘာဝသီးနှံတွေပဲဖြစ်ပါတယ်.. အထူးသဖြင့် ကြက်သွန်နီမှာ ခရိုမီယမ်များများပါဝင်တာမို့ ဝက်ခြံရှိသူမှာ ပိုမိုစားသင့်ပါတယ်..

? MWD : နွားနို့နဲ့ နို့ထွက်ပစ္စည်းကရော ဝက်ခြံရောဂါအပေါ်မှာ ဘယ်လိုများသက်ရောက်မှုရှိပါသလဲ ဆရာ..

Dr.KML : နွားနို့သောက်လို့ ဝက်ခြံပေါက်တာမဟုတ်ပေမယ့် ဝက်ခြံပေါက်နေသူတွေအနေနဲ့ နွားနို့နဲ့နို့ထွက် ပစ္စည်းတွေဖြစ်တဲ့ မလိုင်၊ ထောပတ်၊ မလိုင်ခဲ၊ နို့ဆီ၊ ဒိန်ခဲစတာတွေကိုစားရင် ပိုဆိုးလာတတ်ပါတယ်.. အဓိကအချက် (၄) ချက်ကြောင့် ဖြစ်ပါတယ်..
(၁) နွားနို့မှာ အိုင်အိုဒင်းဓာတ်ပါဝင်ပါတယ်.. အထူးသဖြင့် နွားကိုကျွေးတဲ့ အစားအစာထဲမှာ အိုင်အိုဒင်းဖြည့်စွက်ကျွေးခဲ့ရင် ပိုပါတတ်ပါတယ်..
(၂) နွားနို့မှာ ဟိုမုန်းဓာတ်တွေပါဝင်ပြီး အဆိုပါဟိုမုန်းများကြောင့် ဝက်ခြံအဆီတွေ ပိုထွက်စေပါတယ်..
(၃) နွားနို့မှာပါဝင်တဲ့ အဆီဓာတ်ဟာ ပြည့်ဝဆီတွေဖြစ်လို့ အဆီအိတ်ထဲမှာ အဆီတွေ ပိုထွက်၊ ပိုပျက်စေပါတယ်..
(၄) နွားနို့မှာပါဝင်တဲ့ သကြားဓာတ်ဟာ အလွယ်တကူစုပ်ယူနိုင်ပြီး ဝက်ခြံရောဂါပိုးတွေကို ပိုမိုပွားများစေနိုင်ပါတယ်…
ဒီအချက်လေးချက်ကြောင့် နွားနို့နဲ့နို့ထွက်ပစ္စည်းတွေကို ဝက်ခြံပေါက်စဉ်မှာ ရှောင်သင့်ပြီး ပျောက်ကင်းမှ ပြန်စားသင့်ပါတယ်..

? MWD: ကလိုရိုဖီးလ်ကရော ဘယ်လိုများအထောက်အကူပြုပါသလဲ ဆရာ..

Dr.KML : ဝက်ခြံပေါက်သူဟာ အသီးအရွက်အစိမ်းတွေဖြစ်တဲ့ ဥပမာ-ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းချဉ်ရွက် စတာတွေ များများစားရင် သက်သာပျောက်ကင်းနိုင်တာ တွေ့ရပါတယ်.. အထူးသဖြင့် ကြော်စားတာထက် ချဉ်ရည်ဟင်းလိုလုပ်ပြီး အရည်ပါသောက်ရင် ပိုအကျိုးရှိပါတယ်.. ဘာကြောင့်လဲဆိုတော့ သူ့မှာပါတဲ့ ကလိုရိုဖီးလ်လို့ခေါ်တဲ့ အစိမ်းရောင်ချယ်တွေဟာ သွေးအားကောင်းစေတဲ့အပြင် အရေပြားကို အောက်ဆီဂျင်ပိုမိုရရှိအောင် ပြုလုပ်ပေးနိုင်လို့ ဝက်ခြံရောဂါပိုးတွေ အလွယ်တကူမပွားနိုင်အောင် ဟန့်တားထားလို့ပဲဖြစ်ပါတယ်..

? MWD : ကယ်ရိုတီနိုက်အကြောင်းလဲ ဆက်ပါဦး ဆရာ..

Dr.KML : ကယ်ရိုတီနိုက်ဆိုတာ အဝါရောင်၊ အနီရောင်ရှိတဲ့ သစ်သီးသစ်ဥတွေပဲဖြစ်ပါတယ်.. အဝါရောင်ရှိတဲ့ သရက်သီး၊ သင်္ဘောသီး၊ ကန်စွန်းဥ၊ မုန်လာဥတွေမှာ ကယ်ရိုတင်းတွေပါဝင်ပါတယ်.. အထူးသဖြင့် ဘီတာကယ်ရိုတင်းတွေဟာ ခန္ဓာကိုယ်ထဲရောက်ရင် ဗီတာမင်အေအဖြစ်ကို ပြောင်းသွားပြီး ဝက်ခြံမဖြစ်အောင် ကာကွယ်ပေးတဲ့အပြင် ဖြစ်နေရင်လဲ ပျောက်ကင်းအောင် စွမ်းဆောင်ပေးပါတယ်…
အနီရောင်ရှိတဲ့အစားအစာတွေကတော့ ခရမ်းချဉ်သီးတို့၊ စတော်ဘယ်ရီသီးနဲ့ အခြားဘယ်ရီသီးတွေ၊ စပျစ်သီးအနီရောင်တွေ ဖြစ်ပါတယ်.. လိုက်ကိုပင်း (Lycopene) ပါဝင်လို့ဖြစ်ပြီး ရောင်ရမ်းမှုကို သက်သာအောင် ပြုလုပ်ပေးနိုင်စွမ်းရှိပါတယ်…
ဒါကြောင့် ဝက်ခြံပေါက်နေသူတွေအနေနဲ့ အဝါရောင်၊ အနီရောင်သဘာဝသီးနှံတွေကို များများ စားသင့်ပါတယ်..

? MWD : အင်တီအောက်ဆီဒင့်တွေကရော ဘယ်လိုများအထောက်အကူပြုပါသလဲ ဆရာ…

Dr. KML : ခုနကပြောခဲ့တဲ့ ကလိုရိုဖီးလ်တို့ ကယ်ရိုတီနိုက်တို့ဟာလဲ အင်တီအောက်ဆီဒင့်များ ဖြစ်ကြပါတယ်.. ခန္ဓာကိုယ်ထဲမှာ Free radical တွေများလာရင် အရေပြားကိုပါ တိုက်ခိုက်လို့ ဝက်ခြံရောဂါအပါအဝင် အခြားရောဂါမျိုးစုံပါ ဖြစ်နိုင်ပါတယ်.. ဒါကြောင့် အင်တီအောက်ဆီဒင့်မျိုးစုံပါဝင်တဲ့ အစားအစာတွေကို နေ့စဉ်စားသုံးသင့်ပါကြောင်း ပြောကြားလိုပါတယ်..

#MWDHealthTalkProgramme

==========

Dr. Khin Maung Lwin – FAME

Leave a Reply

Your email address will not be published. Required fields are marked *