ဗဟုတုသ

အရေပြားတွန့်ခြင်းအကြောင်းသိကောင်းစရာ

*** ***

====================
====================

? MWD: ဆရာရှင့်.. ကျွန်မတို့တစ်တွေ အသက်ကြီးလာတဲ့အခါမှာ လူတိုင်း အသားအရေတွေတွန့်လာတာဟာ ဘာကြောင့်ပါလဲ ဆရာ..

Dr.KML: ပါးရေတွန့်ခြင်းအပါအဝင် အသားအရေတွေ တွန့်လာရခြင်းဟာ ဇရာရဲ့လက္ခဏာတစ်ခုဖြစ်တော့ ဘယ်သူမှ လွန်ဆန်လို့တော့မရပါဘူး.. ဒါပေမယ့် စောစောဖြစ်တာ နောက်ကျမှဖြစ်တာ နည်းနည်းဖြစ်တာ များများဖြစ်တာတွေကတော့ လူတစ်ယောက်နဲ့တစ်ယောက် မတူဘဲ ကွဲပြားခြားနားလေ့ရှိပါတယ်.. အဓိကအကြောင်းအရာအနေနဲ့ (၃) ချက်ရှိပါတယ်..

(၁) လူ့ခန္ဓာကိုယ် အတွင်းပိုင်းအခြေအနေ ပြောင်းလဲမှုကြောင့် အသားအရေတွန့်ခြင်း (Intrinsic cause of skin wrinkle)

(၂) ပြင်ပပယောဂကြောင့် အသားအရေတွန့်ခြင်း (Extrinsic cause of skin wrinkle)

(၃) ဆွဲငင်အားအပါအဝင် အခြားသောအားသက်ရောက်မှုကြောင့် အသားအရေတွန့်ခြင်း (Mechanical cause of skin wrinkle) တို့ ဖြစ်ပါတယ်..

? MWD: ကျွန်မတို့ ခန္ဓာကိုယ်အတွင်းပိုင်း ပြောင်းလဲမှုကြောင့်ဖြစ်တဲ့ အသားအရေတွန့်ခြင်းအကြောင်းကိုလည်း အသေးစိတ် သိပါရစေ ဆရာ..

Dr.KML: Intrinsic cause ဆိုရာမှာ ခန္ဓာကိုယ်မှာ နေ့စဉ်ပြောင်းလဲနေတဲ့ Biological aging proces ကြောင့်မို့ ဖြစ်လာရတဲ့ အရေပြားတွန့်ခြင်း ဖြစ်ပါတယ်.. အဲ့ဒီမှာ ဘာပေါ်မူတည်သလဲဆိုရင်
လူတွေရဲ့မျိုးဗီဇနဲ့ အသားအရောင်ပေါ် အဓိကမူတည်ပါတယ်.. ဥပမာ အသားဖြူတဲ့ဥရောပတိုက်သားတွေဟာ ကျွန်တော်တို့အရှေ့တိုင်းသားတွေထက်စာရင် အရေပြားတွန့်တာ၊ ပါးရေတွန့်တာ ပိုစောတာ တွေ့ရပါတယ်..

ဒုတိယအချက်အနေနဲ့ အရေပြားအောက်မှာရှိတဲ့ collagen နဲ့ Elastin tissue တွေဟာလည်း တဖြည်းဖြည်းနည်းလာလို့ ဖြစ်ပါတယ်.. Collagen ဆိုတာကတော့ အရေပြားကိုထောက်ထားတဲ့ Structural protein တွေ ဖြစ်ပါတယ်.. ဥပမာအားဖြင့် အိမ်တစ်အိမ်မှာ ထောက်ထားတဲ့တိုင်တွေလို ဖြစ်ပါတယ်.. ထောက်ထားတဲ့တိုင်တွေမရှိရင် အိမ်ခေါင်မိုးဟာ မရပ်တည်နိုင်ဘဲ ပြိုကျသွားမှာဖြစ်သလို အရေပြားကို အောက်ကနေ ထောက်သဖွယ်ထောင်ထားတဲ့ Collagen fiber တွေလျော့နည်းလာရင် ထောက်မှုအားနည်းသွားတဲ့အတွက် အရေပြားဟာ အောက်ကို ပျော့တွဲကျသွားမှာ ဖြစ်ပါတယ်.. ဒါက အသက်ကြီးရင် Collagen တွေ တည်ဆောက်တာနည်းလာသလို ရှိပြီးသားတွေ ပျက်စီးတာများလာလို့ ဖြစ်ပါတယ်..

တတိယအနေနဲ့ Elastin tissue တွေ ဖြစ်ပါတယ်.. သူကတော့ သားရေကြိုးလို ရှုံ့နိုင်ဆန့်နိုင်အောင်လုပ်ပေးတဲ့ Tissue တွေ ဖြစ်ပါတယ်.. ဥပမာ အရေပြားကို လက်နဲ့ဆွဲပြီး ပြန်လွှတ်လိုက်ရင် အောက်မှာရှိတဲ့ Elastin tissue တွေကြောင့် သားရေကြိုးကိုဆွဲပြီး လွှတ်လိုက်သလို သူ့နေရာသူ ပြန်ရောက်သွားမှာ ဖြစ်ပါတယ်.. အဲ့ဒီ Tissue တွေဟာလည်း အမြဲအသစ်တည်ဆောက် ဖြည့်တင်းနေရပါတယ်.. အသက်ကြီးလာတဲ့အခါ အဲ့ဒီ Elastin tissue တွေ အသစ်ဖြစ်တည်မှု လျော့နည်းသွားတဲ့အတွက် ငယ်တုန်းကလို အရေပြား တင်းတင်းရင်းရင်းမရှိနိုင်တော့ပါဘူး.. အဲ့ဒီသုံးခုပေါင်းဆုံလိုက်တဲ့အခါ ပါးရေတွန့်ခြင်း၊ အရေပြားတွန့်ခြင်းဆိုတာ ဖြစ်ပေါ်လာရခြင်းပါ..

? MWD: စိတ်ဝင်စားစရာကောင်းပါတယ် ဆရာ.. ကျွန်မသတိထားမိတာကတော့ အသက်ကြီးရင် အရေပြားလည်း ပါးလာတာတွေ့ရပါတယ် ဆရာ.. အဲ့ဒါကရော ဘာကြောင့်ပါလဲ..

Dr.KML: ဟုတ်ကဲ့ပါ.. ကျွန်တော် ဆက်ပြီးရှင်းပြပါ့မယ်.. ကျွန်တော်တို့အရေပြားမှာ အလွှာသုံးခုရှိပါတယ်.. Epidermis, Dermis နဲ့ Subcutaneous tissue အလွှာတွေ ဖြစ်ပါတယ်.. အသက်ကြီးလာတာနဲ့အမျှ အဲ့ဒီအလွှာသုံးခုစလုံးမှာရှိတဲ့ ဆဲလ်အရေအတွက်ဟာ လျော့ကျသွားပါတယ်.. အဓိကကတော့ ဆဲလ်အသစ်တွေထုတ်လုပ်မှု လျော့ကျသွားလို့ ဖြစ်ပါတယ်..
အထူးသဖြင့် Epidermis လို့ခေါ်တဲ့ အပေါ်ဆုံးအလွှာကိုကြည့်ရင် အောက်ခြေမှာရှိတဲ့ဆဲလ်က ပွားများနှုန်းနှေးလာလို့ အပေါ်မှာရှိတဲ့ dead cell တွေဟာ ကွာကျရမယ့်အချိန်မှာ မကွာနိုင်တဲ့အတွက် အသားအရေတွေတွန့်တာ တွေ့ရပါလိမ့်မယ်.. နောက်ကြာရင် dead cell တွေကွာကျပြီး အောက်ကလည်း ထုတ်လုပ်မှုသိပ်နည်းသွားရင်တော့ အရေပြားပါးလွှာသွားတာ တွေ့ရပါလိမ့်မယ်..
နောက်အရေပြားပါးသွားတဲ့အကြောင်းက အောက်ဆုံးမှာရှိတဲ့ အဆီပြင် မရှိတော့လို့ ဖြစ်ပါတယ်.. အသက်ကြီးလာတာနဲ့အမျှ Subcutaneous အလွှာလို့ခေါ်တဲ့ အဆီတွေလျော့နည်းသွားပါတယ်.. အဲ့ဒီအခါမှာ အသားအရေတွန့်ခြင်းဟာ ပိုသိသာလာပါတယ်.. ဥပမာ မျက်စိဆိုရင်လည်း မျက်လုံးဘေးမှာ အဆီတွေလျော့သွားလို့ မျက်တွင်းဟောက်ပက် ဖြစ်လာတာမျိုးတွေ့ဖူးမှာပါ..
ဒီထက် ပိုဆိုးတာက အရေပြားခြောက်သွေ့လာခြင်းပဲ.. ချွေးထွက်တာ နည်းလာတယ်.. ရေဓာတ်ကို ထိန်းသိမ်းနိုင်စွမ်းကျလာတယ်.. အသက်ကြီးလေ ပိုဆိုးလေ ဖြစ်ပါတယ်.. ဒါကြောင့် အသက်ကြီးတဲ့သူတွေဟာ ရေကို မကြာခဏသောက်ပေးဖို့ လိုအပ်ပါတယ်..

? MWD: ပြင်ပပယောဂကြောင့်ဖြစ်တဲ့ အသားအရေတွန့်ခြင်းအကြောင်းလည်း ဆက်ပါဦင်္း ဆရာ..

Dr.KML: ဒီနေရာမှာ အဓိကအကြောင်းရင်း (၄) ခုရှိပါတယ်.. နေရောင်ခြည်၊ ပြင်းထန်တဲ့ရာသီဥတု၊ လေထုညစ်ညမ်းမှုနဲ့ ဆေးလိပ်သောက်ခြင်းအလေ့အထတို့ ဖြစ်ပါတယ်.. ဒီလေးခုထဲက တစ်ခုဖြစ်စေ၊ တစ်ခုထက်ပို၍ဖြစ်စေ ထိတွေ့ရင် ထိတွေ့မှုများလေလေ၊ အရေပြားတွန့်မှု ပိုမြန်လေ ပိုများလေ ဖြစ်ပါတယ်..

(၁) နေရောင်ခြည်
နေရောင်ခြည်ဟာ အထူးသဖြင့် UVB တွေဟာ အရေပြားကို ပျက်စီးစေပါတယ်.. တစ်နေ့ကို ၁၅ မိနစ်၊ နာရီဝက်လောက်သာ ကျန်းမာရေးအတွက် ထိတွေ့ဖို့လိုပါတယ်.. ဒီထက်ပိုပြီး ထိတွေ့ခဲ့ရင် အရေပြားတွန့်ခြင်းကို ဖြစ်စေရုံမက တင်းတိတ်၊ မှဲ့ခြောက်မှအစ အရေပြားကင်ဆာအဆုံး ဖြစ်စေနိုင်ပါတယ်.. နေရောင်ခြည်ကြောင့်ဖြစ်တဲ့ Aging process ကို Photoaging လို့ခေါ်ပါတယ်.. အသားရောင်နုတဲ့သူတွေဟာ ရင့်တဲ့သူတွေထက် Photoaging ပိုမြန်မြန် ဖြစ်ပါတယ်.. နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့ နာရီပိုများလေလေ ပါးရေ၊အသားရေတွန့်တာ ပိုမြန်လေ၊ ပိုများလေ ဖြစ်ပါတယ်.. ဒါကြောင့်
နေပူထဲသွားရင် ထီးတို့၊ ဦးထုပ်တို့ ဆောင်းပြီးမှ သွားသင့်ပါတယ်..

(၂) ပြင်းထန်သောရာသီဥတု
ရာသီဥတု ပူလွန်းအေးလွန်းခြင်းဟာလည်း အရေပြားကိုပျက်စီးစေပါတယ်.. ရာသီဥတုသိပ်အေးခဲ့ရင် ပတ်ဝန်းကျင်မှာရှိတဲ့ ရေငွေ့ပါဝင်မှု (RH) ကျသွားတဲ့အတွက် အရေပြားကိုခြောက်သွေ့ပြီး ကွဲအက်စေပါတယ်.. အသားတွေပတ်ပြီး ကွဲအက်တဲ့အတွက် ဆီပါတဲ့ Ointment တစ်ခုခုကို လိမ်းဖို့လိုအပ်ပါတယ်.. သိပ်ပူလွန်းရင်လည်း အရေပြားမှာရှိတဲ့ ချွေးဂလင်းတွေဟာ အလုပ်ပိုလုပ်ရလို့ အရည်များများသောက်ဖို့ လိုအပ်ပါတယ်.. မသောက်ခဲ့ရင် ချွေးထွက်များပြီး အရည်ခြောက်သွေ့ခါ ပျက်စီးစေနိုင်ပါတယ်..

(၃) လေထုညစ်ညမ်းမှု
ပတ်ဝန်းကျင် လေထုညစ်ညမ်းတာကို အမြဲရှူခဲ့ရင် ပါဝင်တဲ့ဓာတ်ပစ္စည်းတွေကြောင့် Aging process ကို မြန်စေပါတယ်.. အရေပြားတွန့်ခြင်းကို အားပေးရာရောက်ပါတယ်..

(၄) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တဲ့သူမှာ Aging process ဟာ လျင်မြန်ပါတယ်.. အရေပြားမှာ တွန့်ရုံတင်မက အရောင်ပါညစ်ထေးစေပါတယ်.. ဆေးလိပ်သောက်သုံးတဲ့ပမာဏနဲ့ သုံးစွဲခဲ့တဲ့နှစ်တွေပေါ်မူတည်ပြီး အသားအရေတွန့်တာပေါ်မှာ များစွာသက်ရောက်မှုရှိပါတယ်.. များများသောက်လေ၊ ကြာကြာသောက်ခဲ့လေ၊ ပါးရေမြန်မြန်တွန့်လေ ဖြစ်ပါတယ်.. ဆေးလိပ်သောက်ရင် အရေပြားကိုသွားတဲ့သွေးကြောလေးတွေ ကျဉ်းကုန်ပါတယ်.. ဒီတော့ အရေပြားမှာရှိတဲ့ဆဲလ်အသစ်တွေ ကောင်းကောင်းမထုတ်နိုင်တော့ပါဘူး..
အောက်စီဂျင်နဲ့ အာဟာရဓာတ်တွေ ကောင်းကောင်းမပို့နိုင်တဲ့အပြင် ဗီတာမင်အေလို ပစ္စည်းတွေ Carotenoid တွေကို မပို့နိုင်တော့ UVBတွေရဲ့ဒဏ်ကိုလည်း မခံနိုင်တော့ပါ.. အဲ့ဒီအခါမှာ Collagen နဲ့ Elastin tissue တွေ ပိုပြီးပျက်စီးလာပါတယ်.. ဆေးလိပ်သောက်ရင် ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းအားလုံးမှာ အရေပြားတွန့်ခြင်း ဖြစ်စေတာမို့ အဆိုးဆုံး ဖြစ်ပါတယ်.. လေ့လာချက်တွေအရ စီးကရက် (သို့မဟုတ်) ဆေးလိပ် တစ်နေ့ ၁၀ လိပ်နှုန်းနဲ့ ၁၀ နှစ်သောက်ခဲ့ရင် အရေပြားတွန့်ခြင်း ဖြစ်ပေါ်စေနိုင်တယ် ဆိုပါတယ်..

? MWD: ဆေးလိပ်ဆိုရာမှာ သောက်တဲ့သူပဲ ဖြစ်တာလား.. တစ်အိမ်ထဲအတူနေတဲ့ တခြားသူတွေရော ဖြစ်နိုင်ပါသလား ဆရာ..

Dr.KML: ဖြစ်နိုင်တာပေါ့.. ကိုယ်တိုင်ဆေးလိပ်မသောက်ပေမယ့် ဆေးလိပ်သောက်တဲ့သူနဲ့ တစ်အိမ်ထဲ တစ်ခန်းထဲ နေတဲ့သူတွေဟာလည်း ဆေးလိပ်သောက်တဲ့သူ ရှူထုတ်လိုက်တဲ့ အဆိပ်ငွေ့တွေကိုရှူနေရတဲ့အတွက် ဆေးလိပ်သောက်သကဲ့သို့ အတူတူ ဖြစ်ပါတယ်.. တကယ်တမ်းပြောရင် သူက ပိုတောင်ဆိုးဆိုးဝါးဝါး ခံစားရနိုင်ပါတယ်.. လေ့လာချက်တစ်ခုမှာ အဆုတ်ကင်ဆာဖြစ်ရတဲ့ အမျိုးသမီးအတော်များများဟာ သူတို့ရဲ့ခင်ပွန်း ဆေးလိပ်သောက်သုံးမှုကြောင့်လို့ သိရပါတယ်.. သူတို့ကိုယ်တိုင် မသောက်ဘဲ ဝေဒနာခံစားရတဲ့အတွက် အပြစ်မဲ့တဲ့သူတွေအတွက်ကို အထူးဆင်ခြင်သင့်ပါတယ်.. အလားတူပါပဲ.. ဘတ်စ်ကားတွေထဲမှာ ဆေးလိပ်သောက်တဲ့အကျင့်တွေ၊ စားသောက်ဆိုင်၊ ဟိုတယ်၊ လေဆိပ်အစရှိတဲ့ အများနဲ့ဆိုင်တဲ့နေရာတွေမှာ ဆေးလိပ်သောက်သုံးခြင်းကိုလည်း ရှောင်ကျဉ်သင့်ပါတယ်..

? MWD: ဆွဲငင်အားအပါအဝင် အခြားအားသက်ရောက်မှုတွေကြောင့် အသားအရေတွန့်ရတဲ့အကြောင်းကိုလည်း ဆက်ပါဦး ဆရာ..

Dr.KML: အဲ့ဒီမှာလည်း အဓိကအချက် (၃) ချက်ရှိပါတယ်..

(၁) Repetitive facial expression လို့ခေါ်တဲ့ မျက်နှာကို မကြာခဏ မျက်မှောင်ကျုံ့တာမျိုးလုပ်ရင် အရေပြားတွန့်လွယ်ပါတယ်.. နှဖူးကြောကျုံ့တဲ့ အလေ့အကျင့်ရှိသူဟာ နှဖူးကြောအရေတွေ ပိုတွန့်တတ်ပါတယ်.. ဘာလို့လဲဆိုရင် မျက်နှာမှာရှိတဲ့ကြွက်သားတွေကို အလွန်အမင်း ကျုံ့ပစ်လိုက်တဲ့အတွက် အောက်မှာရှိတဲ့ Collagen fiber တွေ ပြတ်သွားလို့ ဖြစ်ပါတယ်..

(၂) Sleeping position
အိပ်တဲ့အခါမှာ ခေါင်းကိုဘယ်လိုထားပြီး အိပ်သလဲဆိုတာ မူတည်ပြီး မျက်နှာအရေးအကြောင်း ဖြစ်ပေါ်လေ့ရှိပါတယ်.. ဥပမာ တစ်ဘက်ထဲကို စောင်းအိပ်တာများရင် လည်ပင်းမှာ အရေးအကြောင်းတွေ ပိုဖြစ်တတ်ပါတယ်.. မှောက်အိပ်ရင် မျက်နှာမှာ အရေးအကြောင်း ပိုဖြစ်တတ်ပါတယ်.. ပက်လက်လှန်အိပ်တာ အကောင်းဆုံး ဖြစ်ပါတယ်..

(၃) Gravity
ကမ္ဘာ့မြေဆွဲငင်အားဟာလည်း မျက်နှာအရေးအကြောင်းဖြစ်ဖို့၊ ပါးရေတွန့်ဖို့ အဓိကကျပါတယ်.. ကမ္ဘာမြေကြီးရဲ့ဆွဲငင်အားဟာ အချိန်နဲ့အမျှ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ပေါ်ကို ကျရောက်နေတာကို ဂရုပြုမိသူ နည်းပါလိမ့်မယ်.. အထူးသဖြင့် မျက်လုံးအောက်၊ လည်ပင်းအောက်၊ နားရွက် စတဲ့နေရာတွေမှာ အရေးအကြောင်းတွေ တွဲကျလာခြင်းဟာ ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကြောင့် ဖြစ်ပါတယ်..

? MWD: ပါးရေတွန့်ခြင်းကို နှေးကွေးအောင် လုပ်လို့ရပါသလား ဆရာ..

Dr.KML: ရပါတယ်လို့ ပြောနိုင်ပါတယ်.. လုပ်သင့်တာတွေလုပ်ရင် ပါးရေတွန့်ခြင်းကို နောက်ကိုအများကြီး ရွှေ့ပစ်လို့ရပါတယ်.. ထင်ရှားတဲ့လုပ်ဆောင်မှုတွေအနေနဲ့…

(၁) နေပူထဲတိုက်ရိုက်မထွက်ပါနဲ့.. အပြင်ထွက်ရင် ထီး၊ ဦးထုပ် တစ်ခုခုဆောင်းသွားပါ..
နေကာမျက်မှန်တပ်ရင် မျက်စိတစ်ဝိုက် အရေးအကြောင်းသက်သာပါတယ်..
(၂) ရေ ဒါမှမဟုတ် သဘာဝသစ်သီးဖျော်ရည်တွေ များများသောက်ပေးပါ.. အထူးသဖြင့် ပူအိုက်တဲ့ရာသီမှာ အပြင်ထွက်တဲ့အခါတွေမှာ ပိုသောက်ပေးပါ.. လိမ္မော်သီးဖျော်ရည်၊ ကမ္ဗလာသီးဖျော်ရည်တွေဟာ အင်မတန်အကျိုးရှိပါတယ်..
(၃) ဆေးလိပ်သောက်ရင် ဆေးလိပ်ဖြတ်ပါ.. ဆေးလိပ်သောက်နေသူအနားမှာ မနေမိအောင် ရှောင်ကျဉ်ပါ..
(၄) အရေပြားကို ချောမောလှပစေတဲ့ ဗီတာမင်တွေပါတဲ့ အသီးအနှံတွေကို မကြာခဏ စားပေးပါ.. ဥပမာ သရက်သီး၊ သင်္ဘောသီး၊ နာနတ်သီး၊ ရွှေဖရုံသီး
(၅) ကိုယ်အလေးချိန်ကို ပုံမှန်ရှိနေအောင် ထိန်းသိမ်းပါ.. အလွန်အမင်းပိန်ခြင်း၊ ဝခြင်း မရှိစေရန် ဂရုပြုပါ..
(၆) မျက်နှာကို မျက်မှောင်ကျုံ့တဲ့အကျင့်မျိုး မပြုလုပ်ပါနဲ့..
(၇) Facial massage လုပ်ပေးနိုင်ရင် ပိုကောင်းတယ်.. ကျွမ်းကျင်သူနဲ့လုပ်ရင် မျက်နှာမှာ သွေးလှည့်ပတ်မှုကောင်းစေပြီး ကြွက်သားတွေ သန်စွမ်းလာပါမယ်.. အောက်ဆီဂျင်ပိုရပြီး Collagen tissue တွေ အသစ်ဖြစ်ပေါ်မှုကို အားပေးပါတယ်..
(၈) Supplement အနေနဲ့ Antioxidant တွေပါတဲ့ သောက်ဆေးတစ်ခုခု မှီဝဲပါ.. (ဥပမာ..Completec ဆယ်ပင်အားဆေး)
(၉) Antiwrinkle cream တစ်မျိုးမျိုးကို ညအိပ်ခါနီး လိမ်းအိပ်ပါ..
(ဥပမာ.. Ladymax Anti-wrinkle Cream)
(၁၀) သန့်ရှင်းတဲ့လေကို ရှူရပါမယ်.. (ဥပမာ.. မြို့ထဲသွားတဲ့အခါ Mask တပ်ရပါမယ်)

? MWD: ကျွန်မရဲ့အသိတစ်ယောက် အသက်က ၅၅ နှစ်လောက်ရှိပါပြီ.. မျက်နှာမှာ ပါးရေတွန့်လို့ဆိုပြီး နိုင်ငံခြားမှာ ဆေးထိုးပြီး ကုသခဲ့ပါတယ်.. အဲ့ဒါနဲ့ပတ်သက်လို့ ဆရာ့အမြင်လေး သိပါရစေ..

Dr.KML: အဓိကအသုံးများတဲ့ ထိုးဆေး ၂ မျိုးရှိပါတယ်.. ပထမတစ်မျိုးက Botox injection ပါ.. သူကတော့ Botuliom လို့ခေါ်တဲ့ ဘက်တီးရီးယားရဲ့အဆိပ်နဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်.. သူ့ကိုထိုးလိုက်ရင် အောက်မှာရှိတဲ့ muscle လေးတွေ ကျုံ့ခြင်းမပြုလုပ်နိုင်တဲ့အတွက် အရေးအကြောင်းတွေ ပျောက်သွားတာ ဖြစ်ပါတယ်.. ခဏပဲခံပါတယ်.. ဆေးအာနိသင် ပြယ်သွားရင် မူလအတိုင်း ပြန်ဖြစ်သွားမှာ ဖြစ်ပါတယ်..

ဒုတိယတစ်မျိုးကတော့ Restylane injection ပါ.. သူကတော့ အောက်မှာရှိတဲ့ Fibroblast တွေကို new collagen တွေထုတ်ပေးနိုင်အောင် ပြုလုပ်တဲ့ဆေးဖြစ်လို့ ပိုကောင်းပါတယ်.. Collagen tissue တွေ ပြန်ပြည့်လာလို့ မျက်နှာအရေးအကြောင်းတွေ ပြည့်သွားတာဖြစ်လို့ ဒုတိယထိုးဆေးကိုတော့ ကျွန်တော့်အနေနဲ့ ပိုသဘောကျပါတယ်.. ဒါ့အပြင် Collage tissue တွေကိုဖျက်ဆီးမယ့် Collagenase enzyme တွေကိုပါ ဟန့်တားနိုင်စွမ်းရှိလို့ ပိုကောင်းပါတယ်..

? MWD: ခွဲစိတ်ကုသမှုပြုလုပ်ရင်ကော ကောင်းမလား သိပါရစေ ဆရာ..

Dr.KML: Plastic surgery အနေနဲ့ တွန့်နေတဲ့အရေပြားကို တင်းနေအောင် ခွဲစိတ်ပြုပြင်ပေးလို့ရပါတယ်.. တချို့လဲလုပ်ကြပါတယ်.. လတ်တလောတင်းသွားလို့ ကြည့်ကောင်းတာမှန်ပေမယ့် ငွေကြေးကုန်ကျမှုများတာရယ်.. ခွဲပြီးရင် အနာကျက်အောင်စောင့်ရတာရယ်.. နာကျင်မှုရှိတာရယ်တွေကြောင့် မိမိကိုခွဲစိတ်ပေးမယ့် ခွဲစိတ်ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးပြီးမှ ပြုလုပ်သင့်ပါတယ်..

#MWDHealthTalkProgramme

==========

Leave a Reply

Your email address will not be published. Required fields are marked *