ဗဟုတုသ

ကလေးတွေ ဒစ်ဂျစ်တယ်ဖန်သားပြင် ကြည့်တာ ဘယ်လောက်ထိ ကန့်သတ်သင့်သလဲ .

.
လန်းဆက် ဆေးပညာ ဂျာနယ်မှာ ဖော်ပြထားတဲ့ အမေရိကန် နိုင်ငံအတွင်း ကလေးသူငယ်တွေကို လေ့လာမှု တခုအရ ကလေးတွေ တီဗီ၊ တက်ဘလက်၊ ဖုန်း အစရှိတဲ့ ဒစ်ဂျစ်တယ် ဖန်သားပြင် တခုခုကို တရက်မှာ ၂ နာရီအောက်ပဲ သုံးမယ် ဆိုရင် သိမှတ် နားလည်နိုင်မှု စွမ်းရည် တက်လာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

အဲဒီ လေ့လာမှုမှာ အသက် ၈ နှစ် ကနေ ၁၁ နှစ် အတွင်း ရှိတဲ့ ကလေးငယ် ၄၅၀ဝ ပါဝင်ပြီး ကလေးတွေရဲ့ ကိုယ်လက် လှုပ်ရှားမှု၊ အပန်းဖြေ ဒစ်ဂျစ်တယ် ဖန်သားပြင် သုံးချိန်နဲ့ အိပ်ချိန်တွေကို လေ့လာ ခဲ့တာ ဖြစ်ပါတယ်။

အခုလို လေ့လာ ရာမှာ တရက်ကို ၂ နာရီအောက်ပဲ ဒစ်ဂျစ်တယ် ဖန်သားပြင်သုံးပြီး၊ အိပ်ချိန် ၁၁ နာရီနဲ့ ကိုယ်လက် လှုပ်ရှားမှုလည်း အနည်းဆုံး တနာရီရှိတဲ့ ကလေးတွေဟာ ဒီလို မရှိတဲ့ ကလေးတွေထက် ဘာသာ စကား စွမ်းရည်၊ မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှု ကောင်းတာကို တွေ့ရတာ ဖြစ်ပါတယ်။

အဲဒီ အထဲမှာ ဒစ်ဂျစ်တယ် ဖန်သားပြင်ကို ၂ နာရီအောက် သုံးတယ်ဆိုတဲ့ အချက်က ကလေးတွေရဲ့ သိမှတ် နားလည် နိုင်စွမ်းကို သက်ရောက်မှု အရှိဆုံး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အခုလို လေ့လာမှုမှာ ပါဝင်တဲ့ ကနေဒါနိုင်ငံ အော့တဝါမြို့ CHEO Research Institute က ဒေါက်တာ ဂျယ်ရမီ ဝဲ့လ်ရှ် ကတော့ ကလေးတွေ ဘာကို ကြည့်တာလဲ ဆိုတဲ့အပေါ် မူတည်ပြီး အသေးစိတ် လေ့လာဖို့ လိုသေးပေမယ့် ဖုန်းနဲ့ လူမှုကွန်ရက်စာမျက်နှာ သုံးတာတွေ ကတော့ အာရုံ မစူးစိုက်နိုင်တာ၊ မှတ်ဉာဏ် အားနည်းတာနဲ့ စိတ်မြန်လက်မြန် လုပ်မိ တာတွေ ဖြစ်နိုင်ကြောင်း တွေ့ရတယ်လို့ ဆိုပါတယ်။

ကလေး ဆေးပညာရှင်တွေ၊ မိဘဆရာတွေနဲ့ ပညာရေး မူဝါဒ ချမှတ်သူတွေ အနေနဲ့ကတော့ ကလေးတွေ အချိန်မှန် အပြည့် အဝ အိပ်ဖို့နဲ့ ကိုယ်လက် လှုပ်ရှားဖို့ အပြင် ဒစ်ဂျစ်တယ် ဖန်သားပြင် သုံးတဲ့အချိန် လျှော့ချရေးကိုလည်း ကလေး ဘဝတည်းက စပြီး အားပေးသင့်နေပြီလို့ ဒေါက်တာ ဝဲ့လ်ရှ်က ပြောပါတယ်။

BBC Burmese

Leave a Reply

Your email address will not be published. Required fields are marked *