ဗဟုတုသ

❓??အားဆေးသောက်ရင် တကယ်အားရှိသလား??❓

❓??အားဆေးသောက်ရင် တကယ်အားရှိသလား??❓

အလုပ်တွေ တအားပင်ပန်းတဲ့အခါ၊ အိပ်ရေးပျက်ပြီး ပင်ပန်းနွမ်းနယ်တဲ့အခါ၊ ကိုယ့်ကိုယ်ကို အားနည်းတယ်လို့ ထင်တဲ့အခါတွေမှာ အားဆေးတွေ ဝယ်သောက်တတ်ကြပါတယ်။
အဲလိုအားဆေးသောက်လိုက်တဲ့အခါ တချို့သူတွေအတွက်အားပြည့်သွားသလို ခံစားရပေမယ့် တချို့တွေအတွက်တော့ သောက်သာသောက်တယ်၊ ဘာမှ မထူးခြားသလို၊ အားတွေ ထူးထူးထွေထွေရှိလာသလို မခံစားရပါဘူး။ ဒါဟာဘာကြောင့်လဲ။
အားဆေးလို့ မြန်မာလိုခေါ်တဲ့ဆေးတွေဟာ တကယ်တော့ Multivitamins and Minerals လို့ခေါ်တဲ့ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေပါတဲ့ ဆေးတွေပါ။ အဲဒီတော့ အားဆေးကို ဗီတာမင်နဲ့ သတ္တုဓာတ်ချို့တဲ့တဲ့သူတွေ၊ ချို့တဲ့လာနိုင်လို့ မချို့တဲ့အောင် ကြိုတင်ကာကွယ်ဖို့လိုသူတွေ အဓိကသောက်သုံးရမှာပါ။
အားဆေးအများစုမှာ ပါဝင်တဲ့ ဗီတာမင်အုပ်စုတွေကတော့ ဗီတာမင် A, Bအုပ်စု၊ D၊ Eစသည်တို့ ဖြစ်ပြီး သတ္တုဓာတ်တွေကတော့ မဂ္ဂနီဆီယမ်၊ ကော့ပါး၊ ဇင့်၊ ဆီလီနီယမ်၊ ခရိုမီယမ်စသည်တို့ဖြစ်ပါတယ်။ အဲဒါကြောင့် အထက်ပါဗီတာမင်နဲ့ သတ္ထုဓာတ်တွေထဲက တချို့သောဓာတ်တွေ ချို့တဲ့နေသူတွေမှာသာ အားဆေးသောက်လို့ အားနည်းတာသက်သာမှာဖြစ်ပြီး တခြားအကြောင်းတွေကြောင့် အားနည်းတာတွေဟာ အားဆေးသောက်ရင် သက်သာမှာမဟုတ်ပါဘူး။ ဥပမာအားဖြင့် အိပ်ရေးပျက်လို့ အားနည်းသလိုခံစားရတာဟာ အိပ်ရေးဝဝပြန်အိပ်မှသာ အားပြန်ပြည့်မှာဖြစ်ပြီး အားဆေးသောက်လို့ အားပြန်ပြည့်မှာ မဟုတ်ပါ။
အားနည်းတာဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။
-ဆီးချိုရောဂါ
-သွေးအားနည်းခြင်း
-သိုင်းရွိက်ဟော်မုန်းရောဂါ
-တီဘီရောဂါ
-သွေးပေါင်ကျခြင်း
-ရေဓာတ်ခမ်းခြောက်ခြင်း
-ပိုတက်ဆီယမ်ဓာတ်နည်းခြင်း
-အသည်းရောင်ခြင်း
-နှလုံးအမောဖောက်ခြင်း
-အအေးမိဖျားနာခြင်း
-စိတ်ကျရောဂါ
-အိပ်ရေးပျက်ခြင်း
စတဲ့ အခြေအနေတွေ ခံစားနေရတဲ့သူတွေမှာ အားနည်းနေနိုင်ပါတယ်။ အထက်ပါအကြောင်းအရင်း၊ ရောဂါတွေကြောင့် အားနည်းနေသူတွေဟာ ရောဂါအရင်းမြစ်ကို ကုသမှသာ အားနည်းတာပျောက်ကင်းမှာဖြစ်ပြီး အားဆေးသောက်ရုံနဲ့ အားနည်းတာပျောက်ကင်းမှာ မဟုတ်ပါ။

❓အားဆေးဘယ်အခါမှာ လိုအပ်သလဲ။❓

အားဆေးမှာ ဗီတာမင်အမျိုးမျိုးနဲ့ သတ္ထုဓာတ်တွေ ပါဝင်တာဖြစ်တဲ့အတွက် ဗီတာမင်နဲ့ သတ္ထုဓာတ်တွေချို့တဲ့နေသူတွေမှာ အားဆေးအမှန်တကယ်လိုအပ်ပါတယ်။
-ကာလကြာရှည်အစာကောင်းကောင်းမစား၍ အာဟာရပြတ်လပ်နေသူတွေ
-အစာလမ်းကြောင်းရောဂါတစ်ခုခုကြောင့် အရည်သာ သောက်သုံးနေရသူတွေ
-အရက်စွဲနေသူတွေ
-ကိုယ်ဝန်ဆောင်မိခင်တွေဟာ
အားဆေးကို သောက်သုံးသင့်ပါတယ်။

Dr.Zay Nyi Nyi
Doctor Golden Land

Leave a Reply

Your email address will not be published. Required fields are marked *