ဗဟုတုသ

အချစ်ဟာ တောင်တွေကိုတောင် အမှန်တကယ်ရွေ့နိုင်ကြောင်း သက်သေပြခဲ့တဲ့ အမျိုးသား

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဘီဟာပြည်နယ် ဂါယာမြို့ရဲ့ အစွန်အဖျားပိုင်းတစ်နေရာမှာ မူဆာဟာစ် လို့ခေါ်တဲ့ ဇာတ်မရှိသူတွေ နေထိုင်ပါတယ်။ စာဖတ်သူတွေ သိကြတဲ့အတိုင်း အိန္ဒိယမှာ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားတဲ့စနစ်ရှိတဲ့အပြင် မျိုးရိုးအနိမ့်အမြင့်ပေါ်မူတည်ပြီး အခွင့်အရေးတွေ၊ ခံစားခွင့်တွေ ရရှိကြပါတယ်။ ဒါပေမယ့် အခုဖော်ပြတဲ့ မူဆာဟာစ်တွေကတော့ ဇာတ်မဲ့ မျိုးရိုးမဲ့တာကြောင့် သူများတကာတွေလို သောက်သုံးရေ၊ လျှပ်စစ်မီး၊လမ်း၊ ကျောင်းနဲ့ ဆေးရုံစတဲ့ အခြေခံလိုအပ်ချက်တွေနဲ့ မပြည့်စုံကြပါဘူး။

သူတို့နဲ့ အနီးဆုံးဆေးရုံဟာ ကီလိုမီတာ(၇၀) ကွာဝေးပြီး သူတို့နေထိုင်ရာ အသိုင်းအ၀ိုင်းနဲ့ မြို့ပြအဖွဲ့အစည်းရဲ့ ကြားထဲမှာ ပေ(၃၀၀) အမြင့်ရှိတဲ့ တောင်ကြီးတစ်တောင်ဟာ ကာဆီးလျက်ရှိနေပါတယ်။ ဒါကို ဒတ်ရှ်ရာ့သ်မန်ဂျီက လုံးဝမကျေနပ်ပါဘူး။ ဒတ်ရှ်ဟာ ရွာမှာနေထိုင်တဲ့ အခြား မူဆာဟာစ်အမျိုးသားတွေလိုပဲ တောင်ရဲ့တခြားဘက်မှာရှိတဲ့ မြို့ပြမှာ နေ့တိုင်းသွားရောက်အလုပ်လုပ်ကိုင်ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကတော့ ဒတ်ရှ်ရဲ့ ဇနီးသည်ဟာ ဆေးဝါးကုသမှု အချိန်မီမခံယူလိုက်နိုင်တာကြောင့် မသေသင့်ပဲ သေဆုံးသွားခဲ့ပါတယ်။ နေထိုင်ရတဲ့နေရာက ချောင်ကျလွန်းလို့ ဆေးရုံဆေးခန်းသွားဖို့ မမှီလိုက်တဲ့ ဇနီးသည်ရဲ့ သေဆုံးမှုအပေါ်မှာ ဒတ်ရှ်က ဘ၀င်မကျပါဘူး။ တစ်နေ့မှာတော့ ဒတ်ရှ်ဟာ မိသားစုပိုင် ဆိတ်(၃)ကောင်ကို ရောင်းချလိုက်ပြီး သူ့အကြံအစည်ကို စတင်အကောင်အထည် ဖော်ပါတော့တယ်။

ဒတ်ရှ်ဟာ သူ့တို့ရွာနဲ့ မြို့ကိုဆီးခံထားတဲ့ တောင်ကြီးကို ဖြိုဖျက်ဖို့ ဆိတ်တွေရောင်းချလို့ ရတဲ့ငွေနဲ့ တူတွေ၊ ဆောက်တွေကိုဝယ်ယူပြီး တောင်ကို စတင်ဖောက်ထွင်းပါတော့တယ်။ မနက်ပိုင်းမှာတော့ သူလုပ်နေကျ ထုံးစံအတိုင်း လယ်ကွင်းတွေထဲမှာ ထယ်ထိုးပြီး ညနေနဲ့ညဘက်တွေမှာ သူ့ရဲ့တောင်ထွင်းတဲ့ လုပ်ငန်းကြီးကို စဉ်ဆက်မပြတ်လုပ်ကိုင်ခဲ့ပါတယ်။

(၁၉၆၀)ကနေ (၁၉၈၂)အတွင်း ဒတ်ရှ်ဟာ တောင်ကိုထွင်းပြီး လမ်းတစ်လမ်းပေါ်လာဖို့အတွက်သာ ရည်ရွယ်ပြီး အလုပ်ကြိုးစားခဲ့ပါတယ်။ ကျောက်တုံးတွေကို ခွဲဖို့အတွက် ဒတ်ရှ်မှာ သူ့နည်းလမ်းနဲ့သူရှိပါတယ်။ ဒတ်ရှ်က ကျောက်တုံးတွေပေါ်မှာ ထင်းမွှေးပြီး ပူနေတဲ့ ကျောက်သားမျက်နှာပြင်တွေပေါ်မှာ ရေတွေဖြန်းပါတယ်။ အကြောင်းကတော့ ကျောက်တုံးကြီးတွေကို ထုခွဲတဲ့အခါမှ အလွယ်တကူ ထုခွဲနိုင်အောင်လို့ ဖြစ်ပါတယ်။ နှစ်တွေအများကြီးကြာအောင် တစိုက်မတ်မတ်နဲ့ လမ်းထွင်ဖို့ ကြိုးစားခဲ့တဲ့ဒတ်ရှ်ဟာ သူရူးတစ်ယောက်လို့တောင် လူအများရဲ့ ပြက်ရယ်ပြုခံခဲ့ရပါတယ်။

ဒါပေမယ့် (၁၉၈၂)ခုနှစ်အရောက်မှာတော့ လွန်ခဲ့တဲ့(၂၂)နှစ်လုံးလုံး လက်လုပ်ကိရိယာတွေသုံးပြီး ကိုယ်တိုင်လမ်းဖောက်ခဲ့တဲ့ ဒတ်ရှ်ရဲ့ကောင်းမှုဟာ တစ်ရွာလုံးကို အကျိုးဖြစ်ထွန်းစေခဲ့ပြီဖြစ်ပါတယ်။ ထိုအချိန်မှာ ဒတ်ရှ်ဟာ တောင်ကိုဖြတ်ဖောက်ထားတဲ့ (၃၆၀)ပေရှည်လျားတဲ့ လမ်းတစ်ခုကို ဖောက်လုပ်ခဲ့ပြီးဖြစ်ပါတယ်။ အနီးဆုံးကျောင်းနဲ့ ဆေးရုံတွေကလည်း သူ့ရွာကနေ ကီလိုမီတာအနည်းငယ်လောက်သာ ကွာဝေးပါတော့တယ်။

ဒတ်ရှ်ရဲ့ ဆောင်ရွက်ကြိုးပမ်းမှုအတွက် အစိုးရကိုယ်တိုင်က သူ့ကိုလူမှုထူးချွန်ဆုချီးမြှင့်ခဲ့ပြီး တောင်လူသားအဖြစ် လူတွေက အသိအမှတ်ပြုခဲ့ကြပါတယ်။ ဒါတင်မကသေးပါဘူး။ ဒတ်ရှ်က နယူးဒေလီကိုသွားပြီး သူဖောက်ခဲ့တဲ့လမ်းကို လမ်းမကြီးနဲ့ဆက်သွယ်ပေးဖို့၊ ရွာအတွက် လိုအပ်တဲ့သောက်သုံးရေ၊ ကျောင်းနဲ့ ဆေးရုံတွေကို ဆောက်လုပ်ပေးဖို့ပါ အသနားခံစာတင်ခဲ့ပါတယ်။ ဒတ်ရှ်က “ကျွန်တော့်ဇနီးကို ချစ်တဲ့အချစ်တွေနဲ့ ဒီအလုပ်ကို စဖြစ်ခဲ့တယ်။ ကျွန်တော့ လူတွေအတွက် အလုပ်ကို ဆက်လုပ်ဖြစ်တယ်။ ကျွန်တော်မှ မလုပ်ရင် ဘယ်သူမှ လုပ်မယ့်လူရှိမှာမဟုတ်ဘူး။” လို့ဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒတ်ရှ်ဟာ သူ့အိပ်မက်ရဲ့ အသီးအပွင့်တွေကိုတော့ မမြင်ခဲ့ရရှာပဲ အသက်(၇၃)နှစ်အရွယ်မှာ ဆုံးပါးသွားခဲ့ပါတယ်။ ဒတ်ရှ်ရဲ့ သူ့ဇနီးသည်နဲ့ ရွာသူရွာသားတွေအပေါ်မှာထားတဲ့ မေတ္တာ၊ စေတနာတွေကတော့ လေးစားအတုယူဖွယ်ပဲဖြစ်ပါတယ်။
Ref: elitereaders

Leave a Reply

Your email address will not be published. Required fields are marked *