အမာရွတ်အတွက် ဆေးစွမ်းကောင်းတစ်လက်
==================
==================
ငယ်ငယ်တုန်းကဆို စကတ်တို၊ ဘောင်းဘီတိုဝတ်ပြီး အပြင်သွားရမှာ သေမလိုကြောက်ခဲ့ဖူးပါတယ်။ အတိုဝတ်ဖို့ဆိုတာဝေး .. အရှည်ဝတ်ထားရင်း လေတိုက်လို့ ထဘီ/စကတ်လန်သွားရင်တောင် အသည်းအသန်ပြန်ဖုံးပြီး ခြေမျက်စိတောင် လူမြင်မခံရဲခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ခြင်ဆိုတဲ့ သွေးစုပ်သတ္တဝါတွေရဲ့ အကိုက်ခံရရာကနေ ခြေထောက်မှာ ခြင်ကိုက်ဖုတွေဖြစ်၊ ကလေးပီပီ အဖုလေးတွေက ယားတော့ မသန့်တဲ့ လက်တွေနဲ့ကုတ်မိရာက အနာတွေဖြစ်လာတာကြောင့်ပါ။
မှတ်မှတ်ရရ သူငယ်တန်းလောက်ကစပြီး အဲ့လိုခြင်ကိုက်ဖုလေးတွေ စဖြစ်ခဲ့တာထင်တယ်။ ကျောင်းစတက်ရတော့ စာသင်ခန်းမှောင်မှောင်ထဲ အလင်းရောင်ရောင်ကောင်းကောင်းမရတဲ့နေရာတွေမှာ ထိုင်ရတာကနေ ခြင်ကိုက်ခံရတယ်ပေါ့နော်။ သူများတွေလည်း အကိုက်ခံရတာချင်းတူတူ နန္ဒာ့နားမှာဆို ခြင်တွေပိုပိုဝိုင်းနေတတ်တာ ဘယ်ဘဝက အကုသိုလ်ကြောင့်လဲတော့မသိဘူး (အမေကတော့ အဲ့ဒါ အိုသွေးဆိုတော့ သွေးပိုချိုလို့လို့တော့ ပြောခဲ့ဖူးတာပဲ။ ဟုတ်လားတော့မသိ.. ) အတန်းထဲမှာ ခြင်ကိုက်ခံရတော့ ယားလို့ကုတ်တာချင်းတူတူ နန္ဒာတစ်ယောက်တည်းကွက်ပြီး အဖုလေးတွေကနေ အနာတွေဖြစ်လာတယ်။ ကလေးဆိုတော့ လူကြီးတွေက မကုတ်နဲ့ ပြောလည်း ခဏပဲ .. လူလစ်တာနဲ့ စပယ်ရှယ်ကုတ်တာ။ နင် အသက်ကြီးလာရင် အမာရွတ်တွေကျန်ခဲ့မှာနော် ပြောလည်း ပြောပြောပေါ့… မကုတ်လိုက်ရရင်ကို ရင်ထဲမကောင်းဘူး။
ငယ်တုန်းကတော့ မရှက်တတ်သေးဘူးပေါ့။ ငါးတန်းခြောက်တန်းရောက်လာတော့ အမေက လှလှပပလေးဝတ်စေချင်လို့ ဂါဝန်လေးတွေဆင်ရင် ကိုယ့်မှာ ဝတ်ချင်ပေမဲ့ မဝတ်ရဲဘူးရယ်။ ကျောင်းစိမ်းထဘီနဲ့ကိုတောင် သူများတွေလို ထဘီမ,မရဲဘူး .. ခြေထောက်ပေါ်မယ့်ကိစ္စ ဘာဆိုဘာမှကို မလုပ်ရဲတာ။ အသားဖြူတော့ပိုဆိုးတယ်။ အနာမရှိတော့ပေမဲ့ ခြေသလုံးဖြူဖြူဖွေးဖွေးပေါ်မှာ အမည်းစက်တွေဆိုတော့ တအားသိသာနေတာပေါ့နော်။ လူကြီးတွေကတော့ ပြောပါတယ်။ သွေးသားပြောင်းလဲချိန်တန် ရင် သွသူ ပျောက်သွားမှာပါတဲ့။ အဲ့မျှော်လင့်ချက်ကလေးလည်း ရှစ်တန်းရောက်တဲ့အချိန်မှာ ကြေမွပျက်စီးသွားတယ်။ သွေးသားပြောင်းလဲလည်း အဲ့အမာရွတ်တွေကတော့ မပြောင်းမလဲ ခြေသလုံးနှစ်ဖက်မှာ နေရာယူထားကြတုန်းပဲကိုး။
အရင်ကတော့ အတိုအပြတ်မဝတ်ရဲတာကလွဲရင် အမာရွတ်တွေရှိနေတာကို အဲ့သလောက်ကြီး စိတ်အနှောင့်အယှက်မဖြစ်ခဲ့ဘူး။ နောက်ပိုင်းတော့ ရှက်တတ်လာတယ် .. ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ အမာရွတ်တွေမြင်နေရတာကိုလည်း စိတ်ပျက်လာတယ်။ အာ့နဲ့စပြီး လက်လှမ်းမီသမျှဆေးတွေ ဝယ်လိမ်းတော့တာပဲ။ လိမ်းလည်းလိမ်းလိမ်းပဲ .. အမာရွတ်တွေက မဆိုစလောက်လေး မှိန်သွားတာကလွဲရင် အသားပေါ်မှာ သိသိသာသာကြီး မြင်နေရတုန်းပဲ။ ဟိုဟာစမ်းသုံးလိုက် .. ဒီဟာစမ်းသုံးလိုက်ပေါ့နော် ။ နောက်ဆုံး ဘယ်မှာအဆင်ပြေသွားလဲဆိုရင် ကြိတ်မှန်ရွက်နဲ့ တွေ့သွားမှရယ်။ ကြိတ်မှန်ရွက်ကို ကျိုချက်ပြီးရလာတဲ့ ကြိတ်မှန်ရွက်သတ္တုရည်ကို နေ့တိုင်းခြေထောက်မှာလူးပေးတာ .. ခြောက်လလောက် မပျက်မကွက်ပေါ့နော်။ ကြိတ်မှန်ရွက်ရှာရခက်ရင် လှပျိုဖြူ အမာရွတ်ပျောက်ဆေး (သူလည်း ကြိတ်မှန်ရွက်နဲ့ လုပ်ထားတာ) လူးပေးလို့ရပါတယ်။ ခုထိ ဈေးကွက်ထဲမှာ ရှိသေးရဲ့လားတော့ နန္ဒာလည်းမပြောတတ်ဘူး။
ကြိတ်မှန်ရွက်က အမာရွတ်ကိုတွေကို တဖြည်းဖြည်းမှေးမှိန်သွားစေပါတယ် .. စိတ်သာရှည်ရင် လုံးဝအမှတ်အသားမကျန်တော့တဲ့ ထိ ပျောက်သွားအောင် ကုပေးနိုင်တာမို့ နန္ဒာတော့ အနာနဲ့ဆေးတွေ့သွားတယ်ပြော ရမှာပါ။ ကြိတ်မှန်ရွက်ကျေးဇူးကြောင့် အမာရွတ်တွေ အားလုံးပျောက်သွားတဲ့အပြင် အသားလည်းပိုချောသွားတယ်။ သူက အနံ့တော့ တော်တော်ပြင်းတယ်။ နန္ဒာက ရလဒ်ပိုကောင်းပြီး ပိုမြန်အောင် ဗီတာမင် စီ လည်း များများစားပေးခဲ့တယ် .. အသီးအနှံတွေက ဗီတာမင် စီ ဓာတ်အပြင် ဗီတာမင်စီ ပါတဲ့ ဆေးတွေလည်းသောက်တယ် .. ပြီးတော့ ဗီတာမင် စီ နဲ့ Whitening (အသားဖြူဆေး) ပါတဲ့ Lotion (လိုးရှင်း) တွေ ပုံမှန်လူးပေးတာကြောင့်လည်း ပါမယ်ထင်တယ်။ ဗီတာမင် စီ ကတော့ သိကြတဲ့အတိုင်း အစက်အပြောက်တွေ၊ နေလောင်တာတွေနဲ့ အမာရွတ်တွေကို ကုပေးတဲ့နေရာမှာ ဆရာကြီးပဲလေ။ နန္ဒာ တစ်သက်လုံးပျောက်တော့မှာ မဟုတ်ဘူးလို့ထင်ထားတဲ့ အမာရွတ်တွေ လုံးဝ (လုံးဝ) ပျောက်သွားခဲ့တာ ကိုယ်တွေ့ပါပဲ။ ခုဆို ခြင်ကိုက်ရင် အသားကုန် ကုတ်ဖဲ့ပစ်တာမျိုး မလုပ်တော့ဘူး .. ခုနှစ်နှစ်၊ ရှစ်နှစ်လောက် ဒီအမာရွတ်တွေကြောင့် စိတ်ဒုက္ခရောက်ခဲ့ရတော့ မစွန့်စားရဲတော့ဘူးလေ။
ယောင်းတို့ထဲမှာလည်း အမာရွတ်တွေကုရခက်လို့ စိတ်ဒုက္ခရောက်နေတဲ့သူတွေများ ရှိနေခဲ့ရင် စိတ်မပျက်ပါနဲ့လို့ .. စိတ်ရှည်ရှည်နဲ့ ပျောက်အောင်ကုရင် ပျောက်ကိုပျောက်ပါတယ်လို့နော်။
ခြွင်းချက်အနေနဲ့ တစ်ချို့တွင်းနက်တဲ့ဒဏ်ရာတွေ (အသားချိုင့်ဝင်နေတဲ့ ဒဏ်ရာအမာရွတ်တွေ) ကတော့ အသားပြန်တက်ဖို့မလွယ်တတ်တာကြောင့် သက်ဆိုင်ရာ တတ်ကျွမ်းနားလည်တဲ့ အရေပြားဆရာဝန်တွေနဲ့ပဲ တိုင်ပင်ကုသသင့်ပါတယ်နော်။
ယောင်းတို့အားလုံး အပြစ်ကင်းတဲ့ အသားအရည်နဲ့ အလှအပကို ရရှိပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းပေးရင်း .. ဒီမှာပဲ ပုဒ်မချလိုက်ပါတယ်ကွယ်။
credit:forhermyanmar
===========
Morning News