ဗဟုတုသ

ငါးစားသုံးခြင်း၏ အကျိုးကျေးဇူးများ

ငါးစားသုံးခြင်း၏ အကျိုးကျေးဇူးများ

ငါးတွင် အဆီပါဝင်မှု နည်းပါးပြီး အသားဓာတ်(Protein)ပါဝင်မှု မြင့်မားသည်။ ထို့ပြင်အိုမီဂါ ၃ ဖက်တီးအက်စစ် ရရှိနိုင်သည့် အရင်းအမြစ်ကောင်း တစ်ခုလည်းဖြစ်သည်။ ငါးကိုပုံမှန် စားသုံးခြင်းဖြင့် ရောဂါအမျိုးမျိုး ဖြစ်ပွား မှုကို လျှော့ချပေးနိုင်သည်။ငါးသည် လူသားတို့အတွက် အလွန်ကောင်းသော အစားအစာ တစ်မျိုးဖြစ်သည်။ဗီတာမင်၊ သတ္တုဓာတ်နှင့် အဆီဓာတ်ကြွယ်ဝသော အိုမီဂါ ၃ အက်စစ်တို့ပါဝင်သောကြောင့် ကင်ဆာ ရောဂါမှစ၍ နှလုံးရောဂါ၊ စိတ်ကျ ရောဂါနှင့် အဆစ်ရောင် ရောဂါကဲ့သို့သော ရောဂါများစွာမှ ကာကွယ်ပေးနိုင်သည်။ဆော်လမွန်ငါး ကဲ့သို့သော အဆီများသည့် ငါးများသည် အဆီဓာတ်ကြွယ်ဝသည့် အိုမီဂါ ၃ အက်စစ်ပါဝင်မှု အမြင့်မား ဆုံးဖြစ်သည်။ ငါးများကို ပုံမှန်စားသုံးခြင်းဖြင့် လူသားတို့အတွက် ကြောက်စရာ ကောင်းသော ရောဂါများမှ ကာကွယ်ပေးနိုင်သည်။ နှလုံးရောဂါ(Heart Disease) အစားအစာ စံချိန်စံနှုန်း ထိန်းသိမ်းရေး အဖွဲ့အစည်း (Food Standard Agency)က လတ်ဆတ်သောငါး၊ အေးခဲထားသော ငါးနှင့် စည်သွတ် ပင်လယ်စာများကို အနည်းဆုံး တစ်ပတ်လျှင် နှစ်ကြိမ်ခန့် စားသုံးပေးရန် အကြံပြုထားသည်။ အင်္ဂလန်နိုင်ငံမှ နှလုံးအထူးကု အဖွဲ့ကြီး (British Heart Foundation)မှလည်း အဆီများသော ငါးကို စားသုံးခြင်းဖြင့် နှလုံးရောဂါ ဖြစ်ပွားမှုကို လျှော့ချနိုင်ကြောင်းနှင့် ရုတ်တရက် နှလုံးရပ်ခြင်း မဖြစ်စေရန် ကာကွယ်ပေးကြောင်း ပြောကြားထားသည်။ ငါးဆီသည် သွေးခဲခြင်းနှင့် နှလုံးရောဂါ ဖောက်ပြီးချိန် ဖြစ်လေ့ရှိသော နှလုံးခုန် မမှန်ခြင်းတို့ကို လျှော့ချနိုင်ကြောင်း တွေ့ရှိရသည်။ ငါးကိုအပတ်စဉ် စားသုံးခြင်းဖြင့် သွေးခဲခြင်းကို လျှော့ချပေးနိုင်ပြီး သွေးကြောဆန့်နိုင် ကျုံ့နိုင်မှု၊ သွေးဖိအား လျှော့ချပေးခြင်း၊ သွေးအတွင်း အဆီ လျော့နည်းစေခြင်း၊ ကိုယ်ခန္ဓာအတွက် ကောင်းစေသည့် ကိုလက်စထရောများ တိုးမြင့် စေခြင်းကို အားပေးသည်။ အယ်ဇိုင်းမားရောဂါ(Alzheimer’s) အဆီ ဓာတ်ကြွယ်ဝသော အက်စစ်(Polyunsaturated Fatty Acids)) ပါဝင်သော ငါးများ စားသုံးခြင်းဖြင့် ဦးနှောက်ဆဲလ်များ ပျက်စီးခြင်းကို ကာကွယ်နိုင်သည်။ ထို့ပြင် သွေးတိုးရောဂါ ဖြစ်ပွားခြင်းကိုလည်း ကာကွယ်နိုင်သည်။ လျှော့ချပေးနိုင်သည်။ ပြင်သစ် နိုင်ငံတွင် လူပေါင်း ၂ဝဝဝ ကို စမ်းသပ်ချက်အရ အနည်းဆုံး တစ်ပတ်တစ်ခါ ပင်လယ်စာ စားသော သူများသည် ခုနစ်နှစ်ကြာသည့်အခါ ပင်လယ်စာ လုံးဝ မစားသော သူများထက် သွေးတိုးရောဂါ ဖြစ်ပွားမှု ထင်ရှားစွာ လျော့ကျကြောင်းတွေ့ရသည်။ ကင်ဆာရောဂါ(Cancer) ဆွီဒင်နိုင်ငံတွင် လူပေါင်း ၆ဝဝဝ ကိုနှစ် ၃ဝ လေ့လာချက်အရ ငါး လုံးဝမစားသူများသည် ငါး စားသုံးသူများထက် ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းနှစ်ဆ၊ သုံးဆခန့်ပိုနေ ကြောင်းတွေ့ ရှိရ သည်။ ကဏန်းနှင့် ပုစွန်ကဲ့သို့သော အခွံမာများသည် ကင်ဆာရောဂါ ကာကွယ်ပေးသော (Selenium) ပါဝင်နေကြောင်းတွေ့ရသည်။ ငါးတွင် ပါဝင်သည့် အိုမီဂါ ၃ ဖက်တီးအက်စစ်သည် ကင်ဆာရောဂါ အများအပြားကို ရာခိုင်နှုန်း ၃ဝ မှ ၅ဝ ထိ လျှော့ချပေးနိုင်သည်။ အထူးသဖြင့် ခံတွင်း၊ ရင်သား၊သားဥအိမ်နှင့် မျိုးပွား အင်္ဂါများတွင် ဖြစ်ပွားမှုကို လျှော့ချ ပေးနိုင်သည်။ စိတ်ကျရောဂါ(Depression) ငါးစားခြင်းဖြင့် စိတ်ကျရောဂါကို သက်သာစေနိုင်ကြောင်းတွေ့ရသည်။ ထို့ပြင် ငါးတွင်ပါဝင် သည့် အိုမီဂါ ၃ အက်စစ်ဓာတ်သည် ဥာဏ်ရည်ထက်မြက် စေနိုင်သည်။ အဆစ်ရောင်ရောဂါ(Arthritis) ငါးများစွာ စားသုံးသောသူများသည် အဆစ်ရောင်ရောဂါ ဖြစ်ပွားမှုနှုန်းလျော့ နည်းကြောင်း တွေ့ရသည်။ လေ့လာမှုအရ အဆီများသော ငါးများသည် အဆစ်ရောင် ရောဂါ၏ လက္ခဏာ များကို သက်သာစေရန် အကူအညီပေးကြောင်း တွေ့ရသည်။ ပန်းနာရင်ကျပ်(Asthama) ငါးစားသုံးမှု နည်းပါးသော ကလေးငယ်များတွင် ပန်းနာရင်ကျပ် ရောဂါ ပိုမိုဖြစ်ပွား နိုင်ခြေ ရှိသည်။ ဦးနှောက်နှင့်မျက်စိ ငါးတွင်ပါဝင်သည့် အိုမီဂါ ၃ ဖက်တီးအက်စစ်သည် ဦးနှောက်တစ်သျှူးနှင့် မျက်ကြည်လွှာ ကျန်းမာရေးကို ထောက်ပံ့ပေးသည်။ ဆီးချိုရောဂါ(Diabetes) ငါးသည် ဆီးချို ရောဂါရှင်များအတွက် သွေးချိုနှုန်းကို ထိန်းညှိပေးနိုင်သည်။ အမြင်အာရုံ ငါးစားသုံးသည့် မိခင်နို့ကိုစို့သည့် ကလေးငယ်များသည် အမြင်အာရုံ ပိုမိုကောင်းမွန်စေသည်။ အိုမီဂါ ၃ ဖက်တီးအက်စစ်ကို မိခင်နို့မှတစ်ဆင့် ရရှိစေသောကြောင့် ဖြစ်သည်။ လမစေ့မွေးဖွားခြင်း ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ငါးစားသုံးပေးခြင်းဖြင့် လမစေ့ဘဲမွေး ဖွားခြင်းကို လျှော့ချပေး သည်။ ငါးကို အပတ်စဉ်တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ပုံမှန် စားသုံးခြင်းဖြင့် ကလေးဘဝတွင် ဖြစ်ပွား တတ်သည့် ပန်းနာရင်ကျပ်ရောဂါမှ အမျိုးသားများတွင် ဖြစ်ပွားတတ်သည့် မျိုးပွားအင်္ဂါ ကင်ဆာတို့အထိ အသက်အရွယ် အလိုက် ရောဂါဖြစ်ပွားမှု လအမျိုးမျိုးကို လျှော့ချ ပေးနိုင်ကြောင်း သုတေသန ပညာရှင်များက တွေ့ရှိထားကြသည်။သုံးနှစ်အရွယ်မှစ၍ ငါးများစွာစားသော ကလေးများသည် ၂၃ နှစ်ရောက်သည့်အခါ ငါးမစားသော ကလေး များထက် ရာဇဝတ်မှုမှတ်တမ်းလျော့နည်းကြောင်း တွေ့ရသည်။ စားသုံးသင့်သောငါးများမှာ Cod (ငါးကြီးဆီထုတ်သောငါး) ကဲ့သို့သော အဖြူရောင် ငါးများသည် ပရိုတင်းဓာတ်နှင့် သတ္တုဓာတ်ကြွယ်ဝသည်။ ငါးသေတ္တာ၊ ဆော်လမွန်ငါးနှင့် ငါးကွမ်းရှပ် တို့ကဲ့သို့ အဆီများသော ငါးများ သည် omega-3 fatty acid ကြွယ်ဝစွာ ပါဝင်သည်။ ကဏန်း၊ ပုစွန်နှင့် ယောက်သွားကဲ့သို့ အခွံမာငါးများသည် ကင်ဆာကာကွယ်သော ဆီလီနီယမ် ဓာတ်ပစ္စည်း ပါဝင်သည်။ ဆော်လမွန် ငါးစားသုံးခြင်းအားဖြင့် အရေပြား ပျက်စီးခြင်းနှင့် ပါးရေတွန့်ခြင်းမှ ကာကွယ်နိုင် ကြောင်း သိရသည်။ထို့ပြင် နေ့စဉ် ငါးကြီးဆီ တစ်လုံး သောက်ခြင်းဖြင့် နှလုံးရောဂါဝေဒနာရှင် ၁ဝဝဝဝ ၏ အသက်ကိုနှစ်စဉ် ကယ်တင်နိုင်ကြောင်း သိရသည်။ ထိုကဲ့သို့ အကျိုးကျေးဇူး များပြားလှပြီး ရောဂါအများအပြားကို ကာကွယ်ပေးနိုင်သဖြင့် ငါးကို အပတ်စဉ်တစ်ကြိမ် သို့မဟုတ်နှစ်ကြိမ် စားသုံးသင့်ပါကြောင်း လေ့လာအကြံပြုရေးသား လိုက်ရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *