ဗဟုတုသ

မြန်မာနိုင်ငံမှာ တစ်ခုတည်းသာ ကျန်ရှိတော့သော နှစ်ပေါင်း၁၂၀ သက်တမ်းရှိ ကြမ်းခင်းပန်းချီနှင့် အနုလက်ရာမြောက် ရှေးဟောင်းသိမ်တော်

မြန်မာနိုင်ငံမှာ တစ်ခုတည်းသာ ကျန်ရှိတော့သော နှစ်ပေါင်း၁၂၀ သက်တမ်းရှိ ကြမ်းခင်းပန်းချီ နှင့် အနုလက်ရာမြောက် ရှေးဟောင်းသိမ်တော်

(ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် သံတံခါးကျေးရွာမှာ တည်ရှိပါတယ်) ”အုန်းနှဲမှာ အိမ်၊ သံတံခါးမှာ သိမ်၊ မိုးခိုင်မှာ လောင်း၊ နိဗ္ဗာန်မှာ ကျောင်း” ဆိုသည့် စာချိုးအရ နာမည်ကျော် ရှေးဟောင်း သံတံခါးသိမ်တော်ကြီးဆီသို့ တစ်ခါတစ်ခေါက် ရောက်ရှိခဲ့ပါတယ်။

အခုခေတ်အထိတိုင် ကုန်းလမ်းရေလမ်း လမ်းပန်းဆက်သွယ်ရေး ကြမ်းတမ်း၊ မိုးအခါ ရေကြီး၊ နွေအခါ ရေမရှိ၊ ဖုန်းလိုင်းမမိသည့် အရပ်ဒေသမို့ လွန်ခဲ့သော နှစ်ပေါင်း၁၂၀ခန့်က ဒီထက်မက ပိုမိုခေါင်ခိုက်နေလိမ့်ဦးမည်ဟု တွေးဆမိပါတယ်။ ဒီလိုခေါင်ခိုက်နေတဲ့ အရပ်ဒေသမှာ သဒ္ဒါတရားထက်သန်လှသည့် အလှူရှင်မိသားစုတစ်စုက ”သံတံခါးမှာ သိမ်” ဟု ဒေသခံတို့အတွက် ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကျော်ကြားလာစေမည့် သိမ်တော်ကြီးတစ်ဆောင်ကို အနုပညာလက်ရာမြောက်စွာ အမွေထားရစ်ခဲ့ပါတယ်။

သံတံခါးသိမ်တော်ကြီးကို သံတံခါးရွာမှ မိခင်ကြီးဒေါ်ရွှေကြုကို အမှူးထား၍ မြေပိုင်ရှင် ကိုပိုခါး+ဇနီးမရင်၊ သား မောင်ရွှေဘ၊ သမီး မသိန်းရင် မိသားစုတို့မှ ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။ ၁၂၆၃ခုနှစ်တွင် စတင်တည်ဆောက်ပြီး ၁၂၆၆ခုနှစ်တွင် အပြီးသတ်ခဲ့ခြင်းကြောင့် ၃နှစ်တာတည်ဆောက်ခဲ့ရသည့် သိမ်တော်ကြီးဖြစ်ပါတယ်။

သိမ်တော်ကြီး၏ အတွင်းအပြင်အနုလက်ရာများကို မန္တလေးမှ ပညာရှင်များကို ခေါ်ယူ၍ တန်ဆာဆင် တည်ဆောက်ခဲ့ကြောင်း သိရပါတယ်။သိမ်တော်ကြီးကို ကျွန်းတိုင်လုံးများနှင့် တည်ဆောက်ထားပြီး မှန်စီရွှေချပညာရပ်အစွမ်းကို အပြည့်အဝအသုံးချထားသည့်နေရာဟု ဆိုနိုင်ပါတယ်။မှန်စီရွှေချအတွက် နိုင်ငံခြားဖြစ် ဖန်ရွဲလုံးများကို မှာယူအသုံးပြုခဲ့ခြင်းကြောင့် အရောင်အသွေးစုံလင်စွာနဲ့ အမြင်ဆန်းစေခဲ့ပါတယ်။

မန္တလေးမှပညာရှင်များက ဖန်ရွဲသီးများကို လိုအပ်သလို ဖြတ်တောက်ပြီး သူ့နေရာနှင့်သူ အချိုးအစားကျနစွာ အသုံးပြုထားပါတယ်။ဖန်ပြင်ညီများကို အကွေးအညွှတ်အခတ် အခုံးအချိုင့်အခွက်များ ပြုလုပ်ရာမှာ အပူအတွက် ဖယောင်းမီးတိုင်ကို အသုံးပြုပြီး ညအခါမှအလုပ်လုပ်ကြတယ်လို့ သိရတယ်။

သိမ်၏ နံရံ၊ မျက်နှာကျက်၊ ကျွန်းတိုင်လုံးများတွင် မှန်စီရွှေချများကို အပြည့်တန်ဆာဆင်ထားပြီး ကိုလိုနီခေတ်ဦးလက်ရာများဖြစ်သည့် စပျစ်နွယ်၊ မုဒရက်ပန်းနွယ်၊ သုံးပွင့်ဖတ်၊ ငါးပွင့်ဖတ်များနှင့် လူပျံတော်အရုပ်လေးများကို ထည့်သွင်းတန်ဆာဆင်ထားပါတယ်။မြန်မာ့ရိုးရာအရုပ်များအနေနဲ့ ဘီလူးခေါင်း၊ ခြူးရုပ်၊ ပဉ္စရူပ၊ နယားရုပ်၊ မျောက်ဘီလူးရုပ်၊ ဘီလူးခါးပြတ်၊ ဟသာ်ရုပ် အစရှိသည်တို့ကို သူ့နေရာနှင့်သူ အချိုးအစားကျနစွာ နေရာချထားထည့်သွင်းထားပါတယ်။သိမ်တော်ကို စတင်တည်ဆောက်စဥ်အခါက ကြမ်းခင်းပန်းချီများမှာ ကြမ်းခင်းအပြည့် ခင်းထားပါသော်လည်း အခုအခါ ပျက်ဆီးယိုယွင်းမှုများကြောင့် လစ်လပ်သွားသောနေရာတွင် ခေတ်သစ်အလှူရှင်များ၏ အခင်းကြွေပြားများ အစားထိုးခြင်းကို ခံနေရပြီး သိမ်တော်အတွင်းရှိ ဘုရားအရှေ့မှာသာ အနည်းငယ်ခန့် ကျန်ပါတော့သည်။ မြန်မာနိုင်ငံတွင် တစ်ခုတည်းသာ ကျန်တော့သည့် နောက်ဆုံးကြမ်းခင်းပန်းချီလက်ရာဖြစ်တာမို့ ပညာရှင်များ အချိန်မှီထိန်းသိမ်းသင့်လှပါသည်။

၁၂၆၆ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သော သံတံခါးသိမ်တော်ကြီးသည် နှစ်ပေါင်း၁၂၀ပြည့်ရန်အတွက် ၂နှစ်သာလိုပါတော့သည်။ အနုပညာလက်ရာမြောက် မှန်စီရွှေချလက်ရာများ၊ မြန်မာနိုင်ငံတွင် နောက်ဆုံးကျန်ရစ်သော တစ်ခုတည်းသော ကြမ်းခင်းပန်းချီလက်ရာများဖြင့် သမိုင်းတန်ဖိုးကြီးမားလှစွာသော သံတံခါးသိမ်တော်ကြီးကို ဝိုင်းဝန်းထိန်းသိမ်းပြုပြင်ပေးကြဖို့အတွက် မေတ္တာရပ်ခံရင်း နိဂုံးချုပ်အပ်ပါသည်။ ခက်ခဲကြမ်းတမ်း လမ်းကြမ်းကြမ်းကို မရောက်ရောက်အောင် ဆိုင်ကယ်တစ်စီးနဲ့ လိုက်လံပို့ဆောင်ပေးတဲ့ ကို Phoe Chun ကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

မူရင်း ကို NwayOoMaung အားလေးစားစွာဖြင့် ခရက်ဒစ် / နော်ဂဲလယ်ထူး ထံမှ ပြန်လည်မျှဝေပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *