ဗဟုတုသ

ဆယ်ကျော်သက် တွေ ဘာတွေ အဓိက စားသင့်သလဲ

ဆယ်ကျော်သက် တွေ ဘာတွေ အဓိက စားသင့်သလဲ

အာဟာရဆိုတာ အသက်အရွာ်မရွေးနဲ့ ဆိုင်တယ်ဆိုတာ လူတိုင်း သိထားပြီးသား ဖြစ်တယ် ဆိုပေမယ့် ဘယ်အသက်အရွယ်မှာ ဘယ်လို အာဟာရ ဓါတ်တွေ အဓိက လိုနေတယ် ဆိုတာ ကို သေချာ သိရင် ကလေးတွေ ကြီးထွားဖွံ့ဖြိုးအောင် ပြုစု ပျိုးထောင်ရတာ ပို အဆင်ပြေပါတယ်။

အထူးသဖြင့် ကလေးငယ် မွေးစ က နေ ကြီးထွားဖွံ့ဖြိုးအောင် ဂရုတစိုက် ကျွေးဖြစ်ကြပေမယ့် ဆယ်ကျော်သက် (၁၀ နှစ် မှ ၁၉ နှစ် အထိ) အရွယ်ရောက်ရင် မိဘ များ က သေချာ ဂရုပြုပြီး မကျွေးဖြစ်တတ်ကြတာလေး တွေ တွေ့ရပါတယ်။

တကယ်တော့ ဆယ်ကျော်သက်အရွယ် ဟာ ဟိုးကလေးငယ် ဘဝ မှာ မရခဲ့တဲ့၊ ချို့တဲ့ခဲ့တဲ့ အာဟာရ ဓါတ်တွေ ကို ပြန်လည် ဖြည့်တင်းပေးဖို့ အတွက် ဒုတိယ အခွင့်အရေး လို့ပြောရင်လည်း မမှားပါဘူး။ ငယ်ငယ် က သေချာ မစားမိ လို့ လူကောင်သေးနေတယ်၊ ညှက်နေတယ် ဆိုရင် ဆယ်ကျော်သက်အရွယ် မှာ ကောင်းကောင်းကျွေးပြီး ကြီးထွားဖွံ့ဖြိုးအောင် လုပ်လို့ရပါသေးတယ်။ ဒီ ဆယ်ကျော်သက် အရွယ် ကိုကျော်သွား မယ်ဆိုရင်တော့ ထပ်ပြီး ကြီးထွားဖို့ လုပ်ဖို့က ခက်သွားတတ်ပါတယ်။ ဥပမာ အရပ်အမောင်း လိုမျိုးပါ။

ဆယ်ကျော်သက် အရွယ်မှာ ဘာတွေ စားဖို့လိုသလဲ????

1. သံဓါတ် ကြွယ်ဝတဲ့ဂအစားအစာ တွေစားဖို့လိုပါတယ်။ ကျွန်တော် တို့ မြန်မာနိုင်ငံ မှာ အသားစားနှုန်း က အရမ်းနည်းပါတယ်။ ထမင်းကို အဓိက အခြေခံပြီးစားနေတဲ့ အတွက် စားလိုက်တဲ့ အသား ပမာဏ က တကယ့်လိုအပ်ချက်နဲ့ တွက်ကြည့်ရင် ကိုက်ညီမှု မရှိပါဘူး။ အင်မတန် နည်းနေတဲ့ အခြေ အနေ မျိုးပါ။ ဒီ့အပြင် သံဓါတ် ချို့တဲ့ စေတဲ့ အစားအစာ တွေ ဖြစ်တဲ့ လက်ဖက်၊ လက်ဖက်ရည်၊ နို့လက်ဖက်ရည်၊ စတာတွေ အစားများ ရင် လည်း သံဓါတ် စုပ်ယူမှု့ ကို လျှော့နည်းစေပြီး သံဓါတ်ချို့တဲ့ကာ သွေး အားနည်း ရောဂါကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် မိန်းကလေးတွေ မှာ ဆိုရင် ဓမ္မတာ ကြောင့် သွေးဆုံးရှုံးမှု့တွေ ဖြစ်တဲ့လအတွက် သံဓါတ်ပို ချို့တဲ့နိုင်တာ ကြောင့် လူငယ်တွေ အကြိုက် ဖြစ်တဲ့ လက်ဖက်တို့ နို့လက်ဖက်ရည် တို့ကို လျှော့ သောက်၊ လျှော့စား ပေးသင့်ပါတယ်။ နောက်ပြီး သံဓါတ် ကြွယ်ဝတဲ့ အစားအစာ တွေ စားပေးဖို့လည်း လိုအပ်ပါတယ်။

ဥပမာ – ဝက်သား၊ အမဲသား၊ ဆိတ်သား စတဲံ အနီရောင် ရှိတဲ့ အသားတွေ တစ်ပါတ် နှစ်ကြိမ်၊ အဖြူရောင်အသားတွေ ဖြစ်တဲ့ ကြက်သား၊ ငါး၊ ပဲအမျိုးမျိုး၊ ကြက်ဥ၊ ကြက်အသည်း၊ ဟင်းနုနွယ်၊ ကန်ဇွန်းရွက် စတာ တွေ ကို စားပေးသင့်ပါတယ်။ နောက် ထပ် အရေး ကြီးတာ ကတော့ အခုဖော်ပြထားတဲ့ သံဓါတ် ကြွယ်ဝတဲ့ အစားအစာ တွေ ကို စားရင် သံဓါတ်စုပ်ယူ မှု့ အားကောင်းစေတဲ့ ဗီတာမင် စီ ကြွယ်ဝ တဲ့ အစားအစာ တွေ နဲ့ ရောစားသင့်ပါတယ်။ ဥပမာ- ကင်ပွန်းချဉ်ရွက် ဟင်းချို၊ ချဉ်ပေါင်ဟင်း၊ သံပုရာသီး၊ ဆန်းကစ်သီး၊ ရှောက်ချိုသီး၊ လိမ္မော်သီး၊ ငရုတ်ပွ၊ မာလကာသီး၊ ကျွဲကောသီး၊ နာနတ်သီး စတာတွေ နဲ့ တွဲစားပေးသင့်ပါတယ်။


2. အသားဓါတ် ပြည့်အောင် ကျွေးပေးရပါမယ်။ မိဘများအနေနဲ့ ကလေးငယ် ကို အသက်ရလာတဲ့ အခါ မှ မညှက်နေအောင်၊ လူကောင် မသေးနေအောင် ငယ်စဉ် အရွယ်ထဲ က အသားဓါတ် ပြည့်ဝ အောင် ကျွေးပေးဖို့လိုအပ်ပါတယ်။ ဘယ်လောက်စားပေးသင့်သလဲ ဆိုရင်တော့ ၁၀ ကျပ်သား လောက် အနည်းဆုံး စားပေးသင့်ပါတယ်။ အသားကျွေးရခက်တဲ့ ကလေးတွေ ဆိုရင် နွားနို့၊ ကြက်ဥ၊ ပဲ အမျိုးမျိုး စတာတွေ ကို လည်း ကျွေးလို့ရပါတယ်။ ဒါမှ အရပ်ရှည်ပြီး လူကောင်ထွားလာမှာ ဖြစ်ပါတယ်။


3. ကောင်းတဲ့ အဆီ တွေ ပါတဲ့ အစားအစာ ကျွေးပါ။ ကောင်းတဲ့အဆီ ဆိုတာ မပြည့်ဝ ဆီ (Unsaturated Fat) တွေ ကြွယ်ဝတဲ့ အစားအစာ တွေ ကို အသင့်အတင့် စားပေူဖို့ လိုအပ်ပါတယ်။ ဥပမာ – ဆော်လမွန်ငါး၊ တူနာငါး၊ ဆာဒင်းငါး၊ ငါးမြင်း၊ ငါးတန် တွေ အပြင် သီဟိုစေ့၊ ဗာဒံစေ့၊ နေကြာစေ့၊ မြေပဲ (လက်တဆုပ်စာ) လောက် ကျွေးပေးလို့ရပါတယ်။


4. ကြက်ဥ တစ်လုံးကျွေးပေးပါ။ ကြက်ဥ မှာ ပါဝင်တဲ့ ကိုလင်း (Choline) ဓါတ်က မှတ်ဉာဏ်စွမ်းအား ငို ပိုကောင်းစေတဲ့ အတွက် ကျောင်းသား၊ ကျောင်းသူ အရွယ် လေး တွေ အတွက် ပို အသုံးဝင်တယ်လို့ ဆိုနိုင်ပါတယ်။


5. နွားနို့ တစ်နေ့ တစ်ခွက် အနည်းဆုံးသောက် သင့်ပါတယ်။ ကလေးငယ် တွေ အရိုးအဆစ်တွေ သန်မာလာစေပြီး အရပ်ရှည်စေဖို့ အတွက် အဓိက လိုအပ်တဲ့ ကယ်ဆီယမ် ထုံးဓါတ် ကို နွားနို့က အဓိက ရတဲ့ အတွက် တစ်နေ့ တစ်ခွက် ၂၀၀ ml လောက် သောက်သင့်ပါတယ်။


6. ဆယ်ကျော်သက်တွေ မှာ ဝမ်းချုပ်တဲ့ ပြဿနာ က လည်း တော်တော် လေး များလာတာ သတိထားမိလာပါတယ်။ ဒါကြောင့် အမျှင်ဓါတ် များတဲ့ အစားအစာ တွေ ဖြစ်တဲ့ အသီးအနှံ ဟင်းသီးဟင်းရွက် တွေ များများ စားပေးဖို့လိုပါတယ်။ ဥပမာ အသီးဂတစ်နေ့ တစ်လုံး၊ အရွက် တစ်နေ့ တရုတ်ပန်ကန်လုံး ၂ လုံးလောက် ကျွေးသင့်ပါတယ်။

ဒီလောက် ဆိုရင် ကိုယ့်ကလေး က ညှက်နေသေးတယ် ငယ်ငယ် က သေသေချာချာ စနစ်တကျ မကျွေး ဖြစ်လိုက်ဘူး ဆိုရင် ဒီ ဆယ်ကျော်သက်အရွယ်က ဒုတိယ အခွင့်အရေး ဖြစ်တဲ့ အတွက် မမေ့မလျော့ ပဲ သေချာ သတိထား ကျွေးမွေး ပြုစု စောင့်ရှောက်ပေးဖို့ တိုက်တွန်း လိုက်ပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Leave a Reply

Your email address will not be published. Required fields are marked *