ဗဟုတုသ

အရက်အလွန်အကျွံသောက်သုံးသူတွေ ဘာလို့ လက်တုန်တာလဲ


အရက်အလွန်အကျွံသောက်သုံးသူတွေ ဘာလို့ လက်တုန်တာလဲ

အရက်အလွန်အကျွံသောက်သုံးခြင်းက ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာကို သိပေမယ့် ယစ်မူးစေတဲ့ အရက်က စွဲလန်းမှုကိုလည်း ဖြစ်ပေါ်စေတာကြောင့် ထပ်ခါတလဲလဲသောက်နေ မိတတ်ကြပါတယ်။ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ သောက်စားပျော်ပါးတတ်တဲ့ သူတွေလည်း ရှိသလို၊ လုပ်ငန်းကိစ္စ၊ မိသားစုအရေး၊ လူမှုရေး ပြဿနာတွေကို ခဏတာ မေ့လျော့ဖို့အတွက် မကြာခဏ ဆိုသလို အရက်သောက်ဖြစ်နေတဲ့ သူတွေ ရှိကောင်းရှိပါလိမ့်မယ်။

ပျော်လို့ သောက်တာပဲဖြစ်ဖြစ်၊ စိတ်ညစ်လို့ သောက်တာပဲဖြစ်ဖြစ်၊ အရက်ကတော့ သင့်ရဲ့ခန္ဓာကိုယ်အတွက် ဘာမှ ကောင်းကျိုးမပြုပါဘူး။ စိတ်ဖိစီးမှုတွေ ဖြေလျော့ဖို့ အတွက် အရက်သောက်ကြတယ်လို့ ပြောကြပေမယ့် အရက်က စိတ်ဖိစီးမှုကို ပိုမိုဖြစ်ပေါ်စေတဲ့ အရာတစ်ခုဖြစ်တယ်လို့ ဆေးပညာရှင်များက ဆိုထားပါတယ်။ အရက်က ခန္ဓာကိုယ်တွင်း ရေဓာတ်ဆုံးရှုံးမှုကိုလည်း ဖြစ်ပေါ် စေသလို၊ ညဘက်အရက်သောက်ပြီး မနက်အိပ်ရာနိုးချိန်မှာ ဆိုရင်လည်း အလွန်အကျွံသောက် ထားမိပြီဆိုရင် ခေါင်းကိုက်ခြင်း၊ အရက်နာကျခြင်းအပြင် တချို့ဆိုရင် လက်တုန်တာမျိုးတောင် တွေ့ရပါတယ်။

လက်တုန်တာက အရက်ကိုတောင့်တတာ ဖြစ်တယ်လို့ လူအများစုက သတ်မှတ်ကြပါတယ်။ အမှန်တကယ်တော့ လက်တုန်တာကလည်း အရက်နာကျတဲ့ ရောဂါတစ်မျိုးပါ။ အရက်အလွန်အကျွံ သောက်သုံးပြီး မနက်အိပ်ရာထချိန်မှာ လက်ကတုန်နေမယ် ဆိုရင် နောက်ထပ် တစ်ခွက်လောက်မော့ လိုက်မယ် ဆိုတာမျိုး အလွယ်တကူ ကုသလိုက်ကြပါတယ်။

အရက်အလွန်အကျွံသောက်တဲ့ သူအများစုက ဘာလို့ လက်တုန်ရလဲဆိုတာကို ဆေးပညာရှင်တွေ လေ့လာဆန်းစစ်ကြည့်တဲ့ အခါမှာ အရက်ကြောင့် ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အာရုံကြောစနစ် လုပ်ဆောင်ချက်များက Overactive ဖြစ်သွားတဲ့အတွက် လက်တုန်လာရတာလို့ ဆိုပါတယ်။ Gamma-aminobutyric acid လို့ခေါ်တဲ့ GABA က ခန္ဓာကိုယ်တွင်းက အာရုံကြောများကို ထိန်းချုပ်ပေးနိုင်တဲ့ အရာတစ်ခုပါ။ ဒါပေမယ့် ခန္ဓာကိုယ်တွင်း အယ်လ်ကိုဟောဓာတ် ဝင်ရောက်သွားတဲ့အခါ GABA ထုတ်လွှတ်မှု ပိတ်ဆို့သွားတဲ့ အတွက် အာရုံကြောစနစ်များက အထိန်းအကွပ်မဲ့ Overactive ဖြစ်သွားပြီး လက်တုန်လာရခြင်းပဲ ဖြစ်ပါတယ်။

လက်တုန်တာက အရက်နာကျတဲ့ လက္ခဏာတစ်ရပ်ဆိုပေမယ့် အခြေအနေဆိုးတာ၊ မဆိုးတာဆိုပြီး အခြေအနေ နှစ်ရပ်ခွဲခြားသတ်မှတ်နိုင်ပါတယ်။ ညဘက်သောက်တာများပြီး လက်တုန်တာကို ကုသဖို့အတွက်ဆိုရင်တော့ ဆေးဖြစ်ဝါးဖြစ်အနေနဲ့ တစ်ခွက်လောက် ထပ်သောက်ပေးတာက ကုသနည်းတစ်ရပ်လို့ လူအများစုက သတ်မှတ်ထားကြပါတယ်။ လက်တုန်လို့ တစ်ခွက်လောက် သောက်ပြီး နာရီပိုင်းလောက်အကြာမှာ လက်တုန်ရီတာမျိုး မဖြစ်တော့ဘူးဆိုရင်တော့ အရက်နာကျပြီး အရက်စွဲနေတဲ့သူ မဖြစ်သေးပါဘူး။ ဒါပေမယ့် အရက်သောက်ပြီးတဲ့ အချိန်တိုင်း လက်ကတုန်နေမယ်၊ သောက်တဲ့အချိန်မှာလည်း ခွက်က တုန်ခါနေတာမျိုးထိ ဖြစ်နေမယ်ဆိုရင်တော့ အရက်စွဲတဲ့ ရောဂါဖြစ်နေပါပြီ။

လက်တုန်ရီတာရဲ့ နောက်ဆက်တွဲပြဿနာတွေက စိတ်ဖိစီးမှုများလာခြင်း၊ စိတ်မထိန်းနိုင်ခြင်းနဲ့ ဒေါသထွက်လွယ်ခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒ့ါကြောင့် အရက်သောက်သုံးပြီးလို့ မကြာခဏ ဆိုသလို၊ လက်တုန်နေမယ်၊ အခြေအနေ ဆိုးရွားနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသပြီး အရက်ဖြတ်သင့်ရင်လည်းဖြတ်ဖို့ လိုပါကြောင်း အကြံပြုလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *