ဗဟုတုသ

ကျန်းမာရေးအတွက် ချောကလက်

ကျန်းမာရေးအတွက် ချောကလက်
***********************

ချောကလက်သမိုင်း

ချောကလက်ရဲ့ အရင်းအမြစ်ဟာ ကိုကာအို(Cocao) အပင်ရဲ့ အစေ့က ဖြစ်ပါတယ်။ ကိုကာအိုအပင်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ဝ၀ ကျော်လောက်က အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းနဲ့ မက္ကဆီကိုတောင်ပိုင်းဒေသက သစ်တောတွေ မှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဂရိဘာသာစကားအရ Theobroma လို့ ခေါ်ဆိုပြီး ဘုရားသခင်၏ အစားအစာ (food of the gods)လို့ အဓိပ္ပာယ်ရပါတယ်။ မက္ကဆီကို တောင်ပိုင်းရှိ မာယာ(Maya)လူမျိုးနှင့် အက်ဇ်တက်(Aztec) လူမျိုးတွေဟာ ချောကလက်ကို ရိုးရာဓလေ့ပွဲများနှင့် ဘာသာရေးပွဲများတွင် အထွတ်အမြတ်အစားအစာတစ်ခု အနေဖြင့် မပါမဖြစ် ထည့်သွင်းကြပါတယ်။ ကိုကာအိုအစေ့ ၏ အမှုန့်ကို တခြားသော နို့၊ သကြား၊ ထောပတ် စသော ပစ္စည်းများနှင့်ပေါင်းစပ်၍ ချောကလက်အနေဖြင့် ပြုပြင် စားသုံးကြခြင်း ဖြစ်ပါတယ်။

အမျိုးသမီးများ ဘာကြောင့် အညိုရင့်ရောင်ချောကလက်ကို နှစ်သက်ကြတာလဲ။
ချောကလက်ဟာ တစ်ကမ္ဘာလုံးမှာ ရှိပါတယ်။ ချောကလက်ကို ဘယ်သူတွေက မကြိုက်တာပါလဲ။ သေချာတာကတော့ လူတော်တော်များများက နှစ်သက်ကြပြီး ကမ္ဘာတစ်ဝန်း အသုံးပြုနေကြတာပါပဲ။ ကလေးတိုင်း ချောကလက်ကို ခံတွင်းတွေ့ပြီး မြိန်ယှက်စွာ စားသုံးကြပါတယ်။ အမျိုးသမီးတော်တော် များများကလည်း ချောကလက်ရဲ့ဆွဲဆောင်မှုကို မတွန်းလှန်နိုင်ကြပါဘူး။ မိမိ ချစ်ခင်နှစ်သက်သူကိုပေးတဲ့ လက်ဆောင်တွေထဲမှာ ချောကလက်ဟာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါ့အပြင် ဒီချောကလက်လေးတွေဟာ ချစ်သူနှစ်ဦးရဲ့ကြည်နူးတဲ့ အချစ်စိတ်ဆက်သွယ်မှုတွေကို ဖြစ်ပေါ်အောင် ကူညီပေးပါတယ်။ အမျိုးသား တစ်ဦးဟာ အမျိုးသမီးတစ်ဦးရဲ့အသည်းနှလုံးဆီကို ချဉ်းကပ်တော့မယ်ဆိုရင် ချောကလက်လေးတွေကို ဘယ်လိုဝယ်ယူရမလဲဆိုတဲ့ နည်းလမ်းကို သိထားသင့်ပါတယ်။

ဘာကြောင့် အညိုရောင်ချောကလက်ကိုမှ ရွေးချယ်ရတာပါလဲ။
အညိုရင့်ရင့်ချောကလက်လေးတွေမှာ သဘာဝအပင် တွေရဲ့အဆီအနှစ်တွေ ပါဝင်ထုတ်လုပ်ထားတဲ့အတွက် ကျွန်ုပ်တို့ တော်တော်များများ သတိမထားမိတဲ့ ထူးကဲလှတဲ့ အရသာ ပါရှိပါတယ်။ နောက်တစ်မျိုးပြောရမယ်ဆိုရင် အကျိုးကျေးဇူးများစွာ ရရှိနိုင်တာပါပဲ။ ချောကလက်ထဲမှာ ဖလေဗနွိုက်(flavanoids)လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ ပါဝင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို အိုမင်း ရင့်ရော်ပျက်စီးစေတဲ့ ဓာတ်တိုးပစ္စည်းတွေရဲ့ရန်ကနေ ကာကွယ်ပေးမှုများစွာ ပေးနိုင်ပါတယ်။ ဒါ့အပြင် ဒီလို များပြားလှတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို ရိုးရိုး ချောကလက်များထက် အညိုရင့်ရင့်ချောကလက်များမှာ ပိုမို တွေ့ရှိရတတ်ပါတယ်။ ဒီဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်တဲ့ဖလေဗနွိုက်ဟာ နိုက်ထရစ်အောက်ဆိုဒ်ဓာတ်ထွက်ရှိမှု ကို အားပေးတဲ့အတွက် သွေးကြောများကို ကျယ်စေပြီး သွေးပေါင်ချိန်ကို လျော့ကျစေရန် အကူအညီပေးပါတယ်။

အသည်းနှလုံးအတွက် ချောကလက်အနက်
ဒီအညိုရင့်ရင့် ဒါမှမဟုတ် အနက် ရောင် ချောကလက်ဟာ သင့်ရဲ့ နှလုံး ကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။ နေ့စဉ် အနက် ရောင် ချောကလက်အတောင့်သေးသေးတစ်တောင့်ကို စားသုံးပေးခြင်းဖြင့် နှလုံးသွေးကြောအဖွဲ့အစည်း ကောင်းစွာ အလုပ်လုပ်နိုင်ရန် ကူညီပေးနိုင်ပြီး ညီညွတ်မျှတတဲ့ လုပ်ဆောင်မှုတွေကိုလည်း ရရှိစေပါတယ်။ ဒီချောကလက် လေးတွေဟာ အသည်းနှလုံးဆီကို ရောက်တဲ့အခါမှာ အကျိုး ကျေးဇူးနှစ်ခုပေးပါတယ်။ သွေးပေါင်ချိန်ကို လျှော့ချပေးတဲ့ အစွမ်းနဲ့ ချောကလက်ထဲမှာ ပိုလီဖိနောဓာတ် (polyphenol) များစွာပါဝင်သောကြောင့် သွေးတွင်းအဆီဓာတ်ကို လျော့ကျစေဖို့ ခန္ဓာကိုယ်အဆီပမာဏကို လျှော့ချပေးနိုင်တဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ သွေးပေါင်ချိန်လျော့ကျ ဖို့ကတော့ ပထမပြောခဲ့သလို အနက်ရောင် ချောကလက် အတောင့်သေးသေးတစ်တောင့် နေ့စဉ် စားပေးရမှာဖြစ်ပြီး သွေးတွင်း ကိုလက်စထရောအဆီဓာတ်ကို လက်ရှိပမာဏ ထက် ၁၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်တဲ့အတွက် ခန္ဓာ ကိုယ် အဆီထုကိုလည်း ကျဆင်းစေပါတယ်။

စိတ်ကျရောဂါအတွက် ချောကလက်
နှလုံးထိခိုက်မှုကနေ ကာကွယ်ပေးတဲ့ အညိုရင့်ရောင် ချောကလက်လေးတွေဟာ အရသာအားဖြင့်လည်း ကောင်းမွန်လှတယ်ဆိုတာ ငြင်းဆန်လို့ မရနိုင်ပါဘူး။ ဒါ့အပြင် စိတ်ကျေနပ်ကြည်နူးမှုနှင့် စိတ်ဆန္ဒပြည့်ဝမှုကဲ့သို့ သော ခံစားချက်မျိုးကိုပေးစွမ်းနိုင်တဲ့ အန်ဒေါ်ဖင်း (endorphin) ဓာတ်ထွက်ရှိမှုကို ထိန်းညှိပေးရာမှာလည်း အကူ အညီ ဖြစ်စေပါတယ်။ ဒီထဲမှာ ပါဝင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ စီရိုတိုနင်ဓာတ်ဟာ စိတ်ဓာတ်ကျခြင်းကို ဆန့်ကျင်ပေးပြီး စိတ်ဓာတ်ပြန်လည်တက်ြွကလာအောင် ကူညီပေးနိုင်တယ် လို့ ဆိုပါတယ်။ ဒါ့အပြင် သီရိုဘရိုမင်းဓာတ်နှင့် ကဖင်း ဓာတ်တို့ ပါဝင်လို့ ခန္ဓာကိုယ်နဲ့ဦးနှောက်ကို လှုံ့ဆော်မှုတွေ ဖြစ်စေပါတယ်။ ဒီလိုလှုံ့ဆော်မှုပေးနိုင်တဲ့ တခြားသောဓာတ် ပစ္စည်းများလည်း အနည်းငယ်စီ ပါဝင်ပါတယ်။

ကလေးများနဲ့ ချောကလက်
ချောကလက်မှာ ဖော့စဖောရပ်(phosphorus)နဲ့ မဂ္ဂနီ စီယမ်ဓာတ်(magnesium) ကြွယ်ဝစွာပါဝင်ပါတယ်။ အဲဒီ ဓာတ်နှစ်မျိုးကနေ အကျိုးကျေးဇူးများစွာ ရစေပါတယ်။ မဂ္ဂနီဆီယမ်ကတော့ ကြွက်သားနဲ့ အာရုံကြောတွေရဲ့လုပ်ငန်း တွေကို ကောင်းမွန်အောင် ထိန်းသိမ်းပေးပြီး အရိုးများ သန်မာစေပါတယ်။ ဒါ့အပြင် ကိုယ်ခံအားစနစ်နဲ့ တခြား သောနေရာများ ကျန်းမာစေရန်လည်း ထောက်ပံ့ပေးပါတယ်။ ဖော့စဖောရပ်ကတော့ ကလေးငယ်များရဲ့အရိုးများနဲ့ သွားများ ဖြစ်ပေါ်မှုအတွက် အရေးပါလှတယ်။ ၄င်းကို ကယ်စီယမ်နဲ့ တွဲဖက်သုံးစွဲခြင်းဖြင့်လည်း အရိုးများ သန်မာစေပြီး ကျွန်ုပ် တို့ ဘဝတစ်လျှောက်လုံး ကျန်းမာသော အရိုးပိုင်ရှင်များ ဖြစ်နိုင်ပါတယ်။
ချောကလက်ထဲမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတချို့ကြောင့် ပျော်ရွှင်ကြည်နူးတဲ့ခံစားချက်တွေကို ဦးနှောက်ထဲမှာ ဖြစ်ပေါ် စေပါတယ်။ ကလေးငယ်အများစုဟာ သကြားလုံးအချို၊ ချောကလက်အချိုတွေကိုနှစ်သက်ကြပါတယ်။ စားသောက် ကုန်စတိုးဆိုင်ကို ရောက်တာနဲ့ သူတို့ရဲ့မျက်လုံးတွေဟာ ချောကလက်သကြား၊ သကြားလုံးအချိုအမျိုးမျိုးရှိတဲ့နေရာ ကိုပဲ ရောက်သွားကြပါတယ်။ အဲဒီအခါမှာ လူကြီးဖြစ်တဲ့သူ အနေနဲ့ ကလေးတွေနဲ့သင့်တော်မယ့် သကြားမပါသော ချောကလက်များကိုသာ ဝယ်ပေးသင့်ပါတယ်။
ချောကလက်မှာ ကဖင်းဓာတ်ပါတယ်ဆိုပေမဲ့ ကော်ဖီ ထဲမှာပါတဲ့ ပမာဏလောက်တော့ များပြားမှုမရှိပါဘူး။ ဒါ့ အပြင် သွေးတွင်းအဆီဓာတ်များထဲမှ မကောင်းသော အဆီ ဓာတ်တစ်မျိုးကို မမြင့်မားစေအောင်လည်း ပြုလုပ်ပေးနိုင် တယ်လို့ ဆိုပါတယ်။

အကောင်းဆုံးချောကလက်
တစ်ကမ္ဘာလုံးက သဘောတူထားတဲ့ အကောင်းဆုံး ချောကလက်ကတော့ ဘယ်လ်ဂျီယံမှပြုလုပ်တဲ့ ချောကလက်ပဲ ဖြစ်ပါတယ်။ အဲဒီထဲမှာမှ ဆွစ်ဇ်လူမျိုးများဟာ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံမှ ချောကလက်ပြုလုပ်နည်းများကို အများဆုံး အသုံးပြုတဲ့ ကမ္ဘာကျော်ချောကလက်လုပ်သူများပဲ ဖြစ်ပါ တယ်။
အနက်ရောင်ချောကလက်ရဲ့လျှို့ဝှက်ချက် နောက်တစ်ခု ကတော့ သင့်ရဲ့ခန္ဓာကိုယ်ကို ကောင်းကျိုးပေးနိုင်တဲ့ ကိုကာ ပါဝင်ခြင်းပဲ ဖြစ်ပါတယ်။ နို့နဲ့ပြုလုပ်ထားတဲ့ အဖြူရောင် ချောကလက်မှာတော့ ဒီလိုအကျိုးပြုတဲ့ဓာတ် ပါဝင်မှု နည်းပါးလှပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီလိုချောကလက် အမျိုးအစားတွေမှာ ကိုကာပမာဏထက် ကျန်းမာရေးကို ထိခိုက်စေတဲ့ သကြားဓာတ်အများအပြားပါဝင်တဲ့ အရာ ဖြစ်လို့ သင့်ရဲ့ခုခံအားစနစ်ကို ကောင်းမွန်စေပြီး အိုမင်းရင့်ရော် မှု ဖြစ်စဉ်ကို နှေးကွေးစေပါတယ်။
ဒါကြောင့်မို့လို့ သင့်အနေနဲ့ ချောကလက်လေးတွေ ဝယ်ယူစားသုံးတဲ့အခါမှာဖြစ်ဖြစ်၊ လက်ဆောင်ပေးတဲ့အခါမှာ ပဲ ဖြစ်ဖြစ် ကျန်းမာရေးအတွက် အမှန်တကယ်အကျိုးရှိတဲ့ အနက်ရောင်ချောကလက်လေးများကိုသာ ရွေးချယ်ဝယ်ယူ ပါလို့ အကြံပြုလိုက်ပါရစေ။

creid; ဒေါက်တာခင်မိုးမိုးအောင်

Leave a Reply

Your email address will not be published. Required fields are marked *