ဗဟုတုသ

ျမန္မာ့ဆိုက္ကား ျဖစ္ေပၚလာပုံ

(Zawgyi)

ျမန္မာ့ဆိုက္ကား ျဖစ္ေပၚလာပုံ

၁၃၀၀ျပည့္ အေရးေတာ္ပုံလို႔ ျမန္မာ့သမိုင္းမွာ ေမာ္ကြန္းထိုးခဲ့တဲ့ အမ်ိဳးသားလြတ္လပ္ေရး အုံႂကြလႈပ္ရွားမႈႀကီး ကြၽန္မတို႔ မႏၲေလးမွာလည္း ျဖစ္ပြားေပၚေပါက္ခဲ့ပါတယ္။ ဒီအခ်ိန္မွာ မႏၲေလးၿမိဳ႕သူ ၿမိဳ႕သားေတြက အမ်ိဳးသားလုပ္ငန္းတစ္ခုျဖစ္တဲ့ ဆိုက္ကားယာဥ္ငယ္ကို ဝိုင္းၿပီး အားေပးလိုက္ၾကေတာ့ ဓာတ္ရထားလုပ္ငန္းဟာ ခြက္ခြက္လန္ေအာင္ရႈံးလို႔ အလုပ္ရပ္နားသြားရတာေပါ့။ မႏၲေလးၿမိဳ႕မွာ အဲဒီေခတ္က ၿမိဳ႕သူၿမိဳ႕သားမ်ား စီးနင္းသြားလာဖို႔ ျမင္းရထားေခၚတဲ့ ျမင္းတပ္ရထားလုံး နဲ႔ ဓာတ္ရထားပဲ ရွိတယ္။ ရန္ကုန္မွာလို လံျခား မရွိဘူး။ ၁၃၀၀ ျပည့္ အေရးေတာ္ပုံကာလႀကီးကို ေရာက္လာေတာ့ အမ်ိဳးသားစီးပြားေရးဟာ အမ်ိဳးသားေတြရဲ႕ လက္ထဲမွာပဲ ရွိရမယ္ ဆိုတဲ့ မူတစ္ခု ေပၚလာၿပီး ေသြးစုပ္ခ်ယ္လွယ္ေနတဲ့ ႏိုင္ငံျခားသားပိုင္ လုပ္ငန္းေတြအေပၚ စီးပြားေရး စစ္မ်က္ႏွာတစ္ခုလည္း အမ်ိဳးသားေတြက ဖြင့္လာၾကတယ္။

အဲဒီအခ်ိန္မွာ စက္အားမပါ၊ ေလာင္စာဆီမလို၊ လူအားနဲ႔လႈပ္ရွားတဲ့ ယာဥ္ငယ္ဆိုက္ကား ဆိုတဲ့ စီးစရာေလးတစ္ခု ေပၚလာတယ္။ ဆိုက္ကားဆိုတာက စက္ဘီးကေနၿပီး ျဖစ္လာတဲ့ ယာဥ္ကိုး။ အဲဒီေခတ္က ေယာက်ၤားေတြစီးတဲ့ စက္ဘီးအေကာင္းဆုံး ရေလး စပါယ္ရွယ္ ဆိုတာက တစ္စီးမွ ၁၂၅ က်ပ္ ေပးရတာ။ ဟာၾကဴလီ တံဆိပ္ဆိုရင္ အသစ္မွ ၅၀က်ပ္ ကေန ၇၀က်ပ္အထိပဲ တန္ဖိုးရွိတယ္။အဲဒီေတာ့ ၁၉၃၈ခုႏွစ္ေလာက္မွာ စက္ဘီးအေဟာင္းကို ေညာင္ပင္ေဈးက ကားေဘာ္ဒီလုပ္တဲ့ဆရာ ဆရာညိဳက ဆိုက္ကားဆိုတဲ့ ေဘးတြဲ တပ္ေပးတယ္။ တပ္ခကလည္း သိပ္မမ်ားေတာ့ ေငြ ၁၀၀က်ပ္ ၊ ၁၅၀က်ပ္နဲ႔ ဆိုက္ကားတစ္စီး ျဖစ္လာတာပဲ။ ဒီေလာက္ေငြက ျမန္မာေတြတတ္ႏိုင္တဲ့ အရင္းအႏွီးမ်ိဳးျဖစ္ေလေတာ့၊ ဆိုက္ကားအစီး ၁၀၀၀ ေလာက္ ေန႔ခ်င္းညခ်င္း မႏၲေလးမွာ ေပၚေပါက္လာေတာ့တယ္။

အဲဒီဆိုက္ကားက ေဈးခ်ိဳက ၂ျပား ေပးစီးခဲ့ရင္ ဓာတ္ရထားက ပို႔ေပးတဲ့ ၂ျပား ခရီးမ်ိဳးအျပင္ ဓာတ္ရထားမေရာက္တဲ့ လမ္းႀကိဳလမ္းၾကား ဝင္းႀကိဳဝင္းၾကားအထိ လိုက္ပို႔ေပးတယ္ေလ။ မႏၲေလးၿမိဳ႕ ဆိုတာကလည္း တခ်ိဳ႕ၿမိဳ႕ေတြလို ႐ြာႀကီးက တျဖည္းျဖည္းနဲ႔ ၿမိဳ႕ျဖစ္လာတာမ်ိဳး မဟုတ္ဘူး။ မင္းတုန္းမင္းႀကီးက ၿမိဳ႕သစ္တည္ဖို႔ စိတ္တိုင္းက်တဲ့ ေျမျပန႔္ ေျမညီတစ္ကြက္ကို ေသေသခ်ာခ်ာေ႐ြးၿပီးမွ အကြက္ေတြခ်ၿပီး တည္ခဲ့တဲ့ၿမိဳ႕။ ဒါေၾကာင့္ နန္းေတာ္ေရွ႕ဆရာတင္က “စည္မ်က္ႏွာကဲ့သို႔ ညီညာေပသကို” လို႔ မႏၲေလးကို သူ႔ျမနႏၵာ သီခ်င္းထဲမွာ ထည့္ဖြဲ႕ထားတယ္ မဟုတ္လား။ မႏၲေလးမွာ လမ္းေတြက အတက္အဆင္း၊ အနိမ့္အျမင့္ အလြန္နည္းတယ္။ ၿမိဳ႕ကို အကြက္ခ်ထားၿပီး လမ္းေတြေဖာက္တာ၊ အကြက္ေတြရဲ႕အလယ္က ဝင္းေတြဖြဲ႕တယ္။ ဝင္းထဲမွာ အရာရွိႀကီးေတြ ေနေစတယ္။ မႏၲေလးၿမိဳ႕ရဲ႕လမ္းေတြက အေရွ႕၊ အေနာက္၊ ေတာင္၊ ေျမာက္ တည့္တည့္တန္းတန္းရွိေနေအာင္ တမင္ေဖာ္ကထားတာ၊ တစ္ျပနဲ႔ တစ္ျပ အကြာအေဝးညီတယ္။ ဝင္းႀကိဳ ဝင္းၾကားေပါတယ္။

မႏၲေလးမွာ ၿဗိတိသွ်အစိုးရက ေက်ာက္လမ္းမိုင္ ၆၀ ခင္းေပးသတဲ့။ ဓာတ္ရထားသြားႏိုင္တာက ၆မိုင္ထဲရွိတာ။ ဆိုက္ကားက မိုင္ ၆၀ စလုံးကို သြားႏိုင္တဲ့အျပင္ လမ္းမရွိတဲ့ ဝင္းႀကိဳဝင္းၾကားထဲလည္း ဝင္ၿပီး ပို႔ေပးေလေတာ့၊ ၿမိဳ႕သူၿမိဳ႕သားေတြက ဆိုက္ကားပဲ စီးၾကတာေပါ့။ အဲဒီမွာ ၁၅၀က်ပ္တန္၊ ၂၀၀က်ပ္တန္ ဆိုက္ကားေတြနဲ႔ မယွဥ္ႏိုင္၊ မယွဥ္ဝံ့လို႔ ဓာတ္ရထားႀကီး သိမ္းလိုက္ရတယ္ဆိုတာ ၾကားၾကားသမွ်ကေတာ့ မယုံႏိုင္စရာႀကီး ျဖစ္ေနတာေပါ့။ ဒါေပမယ့္ တစ္ကယ့္ျဖစ္ရပ္ပဲ။ ဓာတ္ရထားႀကီးခဗ်ာမွာ လက္မွတ္တစ္ေစာင္ တစ္ေန႔လုံး စီးခ်င္ရာစီး ၃ပဲ ၊ စီးႏိုင္ရင္ တစ္ေန႔လုံး ဓာတ္ရထားေပၚက မဆင္းပဲေနခ်င္ေနဆိုၿပီး တစ္ေနကုန္စီးလည္း ၃ပဲ လက္မွတ္ေတြ ဘာေတြေတာင္ လုပ္ၿပီးျပဳတ္ခါနီးမွာ ထိန္းရွာပါေသးရဲ႕။ မရပါဘူး။ တစ္ခါတည္း လုပ္ငန္းပိတ္လိုက္ရပါေရာ။

ဆရာမႀကီး လူထုေဒၚအမာ ရဲ႕ ရတနာပုံမႏၲေလး မႏၲေလး ကြၽန္မတို႔မႏၲေလး စာအုပ္မွ

ေရးသားသူ – ဆရာမႀကီး လူထုေဒၚအမာ

Via – သုတဇုန္

(Unicode)

မြန်မာ့ဆိုက်ကား ဖြစ်ပေါ်လာပုံ

၁၃၀၀ပြည့် အရေးတော်ပုံလို့ မြန်မာ့သမိုင်းမှာ မော်ကွန်းထိုးခဲ့တဲ့ အမျိုးသားလွတ်လပ်ရေး အုံကြွလှုပ်ရှားမှုကြီး ကျွန်မတို့ မန္တလေးမှာလည်း ဖြစ်ပွားပေါ်ပေါက်ခဲ့ပါတယ်။ ဒီအချိန်မှာ မန္တလေးမြို့သူ မြို့သားတွေက အမျိုးသားလုပ်ငန်းတစ်ခုဖြစ်တဲ့ ဆိုက်ကားယာဉ်ငယ်ကို ဝိုင်းပြီး အားပေးလိုက်ကြတော့ ဓာတ်ရထားလုပ်ငန်းဟာ ခွက်ခွက်လန်အောင်ရှုံးလို့ အလုပ်ရပ်နားသွားရတာပေါ့။ မန္တလေးမြို့မှာ အဲဒီခေတ်က မြို့သူမြို့သားများ စီးနင်းသွားလာဖို့ မြင်းရထားခေါ်တဲ့ မြင်းတပ်ရထားလုံး နဲ့ ဓာတ်ရထားပဲ ရှိတယ်။ ရန်ကုန်မှာလို လံခြား မရှိဘူး။ ၁၃၀၀ ပြည့် အရေးတော်ပုံကာလကြီးကို ရောက်လာတော့ အမျိုးသားစီးပွားရေးဟာ အမျိုးသားတွေရဲ့ လက်ထဲမှာပဲ ရှိရမယ် ဆိုတဲ့ မူတစ်ခု ပေါ်လာပြီး သွေးစုပ်ချယ်လှယ်နေတဲ့ နိုင်ငံခြားသားပိုင် လုပ်ငန်းတွေအပေါ် စီးပွားရေး စစ်မျက်နှာတစ်ခုလည်း အမျိုးသားတွေက ဖွင့်လာကြတယ်။

အဲဒီအချိန်မှာ စက်အားမပါ၊ လောင်စာဆီမလို၊ လူအားနဲ့လှုပ်ရှားတဲ့ ယာဉ်ငယ်ဆိုက်ကား ဆိုတဲ့ စီးစရာလေးတစ်ခု ပေါ်လာတယ်။ ဆိုက်ကားဆိုတာက စက်ဘီးကနေပြီး ဖြစ်လာတဲ့ ယာဉ်ကိုး။ အဲဒီခေတ်က ယောင်္ကျားတွေစီးတဲ့ စက်ဘီးအကောင်းဆုံး ရလေး စပါယ်ရှယ် ဆိုတာက တစ်စီးမှ ၁၂၅ ကျပ် ပေးရတာ။ ဟာကြူလီ တံဆိပ်ဆိုရင် အသစ်မှ ၅၀ကျပ် ကနေ ၇၀ကျပ်အထိပဲ တန်ဖိုးရှိတယ်။အဲဒီတော့ ၁၉၃၈ခုနှစ်လောက်မှာ စက်ဘီးအဟောင်းကို ညောင်ပင်ဈေးက ကားဘော်ဒီလုပ်တဲ့ဆရာ ဆရာညိုက ဆိုက်ကားဆိုတဲ့ ဘေးတွဲ တပ်ပေးတယ်။ တပ်ခကလည်း သိပ်မများတော့ ငွေ ၁၀၀ကျပ် ၊ ၁၅၀ကျပ်နဲ့ ဆိုက်ကားတစ်စီး ဖြစ်လာတာပဲ။ ဒီလောက်ငွေက မြန်မာတွေတတ်နိုင်တဲ့ အရင်းအနှီးမျိုးဖြစ်လေတော့၊ ဆိုက်ကားအစီး ၁၀၀၀ လောက် နေ့ချင်းညချင်း မန္တလေးမှာ ပေါ်ပေါက်လာတော့တယ်။

အဲဒီဆိုက်ကားက ဈေးချိုက ၂ပြား ပေးစီးခဲ့ရင် ဓာတ်ရထားက ပို့ပေးတဲ့ ၂ပြား ခရီးမျိုးအပြင် ဓာတ်ရထားမရောက်တဲ့ လမ်းကြိုလမ်းကြား ဝင်းကြိုဝင်းကြားအထိ လိုက်ပို့ပေးတယ်လေ။ မန္တလေးမြို့ ဆိုတာကလည်း တချို့မြို့တွေလို ရွာကြီးက တဖြည်းဖြည်းနဲ့ မြို့ဖြစ်လာတာမျိုး မဟုတ်ဘူး။ မင်းတုန်းမင်းကြီးက မြို့သစ်တည်ဖို့ စိတ်တိုင်းကျတဲ့ မြေပြန့် မြေညီတစ်ကွက်ကို သေသေချာချာရွေးပြီးမှ အကွက်တွေချပြီး တည်ခဲ့တဲ့မြို့။ ဒါကြောင့် နန်းတော်ရှေ့ဆရာတင်က “စည်မျက်နှာကဲ့သို့ ညီညာပေသကို” လို့ မန္တလေးကို သူ့မြနန္ဒာ သီချင်းထဲမှာ ထည့်ဖွဲ့ထားတယ် မဟုတ်လား။ မန္တလေးမှာ လမ်းတွေက အတက်အဆင်း၊ အနိမ့်အမြင့် အလွန်နည်းတယ်။ မြို့ကို အကွက်ချထားပြီး လမ်းတွေဖောက်တာ၊ အကွက်တွေရဲ့အလယ်က ဝင်းတွေဖွဲ့တယ်။ ဝင်းထဲမှာ အရာရှိကြီးတွေ နေစေတယ်။ မန္တလေးမြို့ရဲ့လမ်းတွေက အရှေ့၊ အနောက်၊ တောင်၊ မြောက် တည့်တည့်တန်းတန်းရှိနေအောင် တမင်ဖော်ကထားတာ၊ တစ်ပြနဲ့ တစ်ပြ အကွာအဝေးညီတယ်။ ဝင်းကြို ဝင်းကြားပေါတယ်။

မန္တလေးမှာ ဗြိတိသျှအစိုးရက ကျောက်လမ်းမိုင် ၆၀ ခင်းပေးသတဲ့။ ဓာတ်ရထားသွားနိုင်တာက ၆မိုင်ထဲရှိတာ။ ဆိုက်ကားက မိုင် ၆၀ စလုံးကို သွားနိုင်တဲ့အပြင် လမ်းမရှိတဲ့ ဝင်းကြိုဝင်းကြားထဲလည်း ဝင်ပြီး ပို့ပေးလေတော့၊ မြို့သူမြို့သားတွေက ဆိုက်ကားပဲ စီးကြတာပေါ့။ အဲဒီမှာ ၁၅၀ကျပ်တန်၊ ၂၀၀ကျပ်တန် ဆိုက်ကားတွေနဲ့ မယှဉ်နိုင်၊ မယှဉ်ဝံ့လို့ ဓာတ်ရထားကြီး သိမ်းလိုက်ရတယ်ဆိုတာ ကြားကြားသမျှကတော့ မယုံနိုင်စရာကြီး ဖြစ်နေတာပေါ့။ ဒါပေမယ့် တစ်ကယ့်ဖြစ်ရပ်ပဲ။ ဓာတ်ရထားကြီးခဗျာမှာ လက်မှတ်တစ်စောင် တစ်နေ့လုံး စီးချင်ရာစီး ၃ပဲ ၊ စီးနိုင်ရင် တစ်နေ့လုံး ဓာတ်ရထားပေါ်က မဆင်းပဲနေချင်နေဆိုပြီး တစ်နေကုန်စီးလည်း ၃ပဲ လက်မှတ်တွေ ဘာတွေတောင် လုပ်ပြီးပြုတ်ခါနီးမှာ ထိန်းရှာပါသေးရဲ့။ မရပါဘူး။ တစ်ခါတည်း လုပ်ငန်းပိတ်လိုက်ရပါရော။

ဆရာမကြီး လူထုဒေါ်အမာ ရဲ့ ရတနာပုံမန္တလေး မန္တလေး ကျွန်မတို့မန္တလေး စာအုပ်မှ

ရေးသားသူ – ဆရာမကြီး လူထုဒေါ်အမာ

Via – သုတဇုန်

Leave a Reply

Your email address will not be published. Required fields are marked *