ဗဟုတုသ

ဆီးသီး(ဇီးသီး) စားခြင်း၏ အကျိုးကျေးဇူးများ

ဆီးသီး(ဇီးသီး) စားခြင်း၏ အကျိုးကျေးဇူးများ

ဆီးသီးအမျိုးအစားပေါ်မူတည်၍ အရသာ ချဉ်လေ ဗီတာမင်စီ ဓာတ်ကြွယ်ဝလေဖြစ်၏။ အသီးသာမက၊ အရွက် နှင့်ပင်စည်အခေါက်တို့ကလဲ လွန်စွာဆေးဘက် ဝင်ကြပါတယ်။

(၁)ဆီးသီးထဲတွင် မြင့်မားစွာပါရှိသော phytonutrients က ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ်အစွမ်းထက်စေသလို၊ ဗီတာမင်စီဓာတ် လဲ အလုံအလောက်ပါရှိသဖြင့်၊ ကိုယ်ခံစွမ်းအားကိုတိုးတက်မြင့်မားစေကာ၊ အအေးမိ/နှာစေး/ချောင်းဆိုး စသည့်ကူးစက် ရာသီ ဖျားများကို မဖြစ်စေပါဘူး။ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် နာတာရှည်ဖျားနာသူများ စားပေးသင့်ပါတယ်။

(၂)ယခုလို ဆောင်းရာသီမှာ နေ့တာတိုပြီးညတာရှည်တဲ့အတွက် နေ့အလင်းရောင်ဆုံးရှုံးတာဟာ အစာစားလိုစိတ်ကို တိုးစေတယ် လို့ စကော့တလန် သုတေသီတွေက ဆိုပါတယ်။ အစာစားလိုစိတ်ပေါ်လို့ စားတဲ့အခါ၊ အဆီဓာတ်လုံးဝမပါဘဲ ကယ်လိုရီ လုံလောက်တဲ့ ဆီးသီးလတ်လတ်ဆတ်ဆတ်ကို ဦးစားပေး စားသင့်ပါတယ်တဲ့။

(၃)ဆီးသီးထဲတွင်ပါရှိသော Asphenols (ခေါ်) အင်တီအောက်ဆီးဒင့်အာနိသင်က ဦးနှောက်နှင့်ဆက်စပ်လျှက်ရှိသော ဆဲလ်များကို ပုံမှန်အလုပ်လုပ်စေကာ၊ ဦးနှောက်ကိုကျန်းမာစေပြီး မှတ်ဉာဏ်စွမ်းအားလဲ တိုးတက်လာစေပါတယ်။

ဆီးသီးဟာ အာရုံကြော တွေကို ငြိမ်းအေးစေပြီး သဘာဝအတိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေလို့ဆီးသီး ၅လုံး (သို့) ၆ လုံးကို ပုံမှန် စားပေးသင့်ပါ တယ်။ ဒါ့ပြင် စိတ်နှလုံးတည်ငြိမ်ကာ၊ စိတ်ဖိစီးမှုကိုဖြေလျော့ပေးနိုင်လို ၊့ စိတ်ဝေဒနာရှင်များအတွက် ဆီးသီး (ဝါ) ဆီးယိုတို့ကို ဓာတ်စာအဖြစ်ကျွေးသင့်ပါတယ်။ ညဉ့်လုံးပေါက်အိပ်ရေပျက်ခံအလုပ်လုပ်ကြသူများလဲ စိတ်အာရုံကြည်လင်စေရန် တစ်နေ့လျှင် ၃-၄လုံး စားပေးသင့်ပါတယ်။

(၄)ဗီတာမင်ကေလုံလောက်စွာပါရှိလို့၊ အယ်လ်ဇိုင်းမားရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆီးသီးဟာ မူးယစ်ထုံထိုင်းမှုကိုပြေစေလို့၊ မူးယစ်စေတတ်သောအရက်သေစာ သောက်သုံးများ ဆီးသီးစားပေးသင့်ပါတယ်။

(၅)ဆီးသီးထဲမှာ အစွမ်းထက် Lycopene ဓာတ်ပါရှိလို့၊ ရင်သားကင်ဆာ၊ အူကင်ဆာ၊ အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာနှင့် အသက်ရှုလမ်းကြောင်း ဆိုင်ရာကင်ဆာတို့ ကို ကာကွယ်ပေးနိုင်ပါတယ်။ နောက်ပြီး ခန္ဓာကိုယ်ထဲတွင် Lycopene ဓာတ်ချို့ တဲ့သူများသည်၊ မချို့တဲ့သူထက် ပန်ကရိယကင်ဆာဖြစ်လာနိုင်ချေ အလားအလာ ၅-ဆမျှ ပိုတယ်လို့ ဆိုပါတယ်။

(၆)ဗီတာမင်အေ နှင့် ဘီတာကယ်ရိုတင်းဓာတ်ကြွယ်ဝသော ဆီးသီးကိုစားပေးခြင်းဖြင့် အရေပြား၊ အချွဲမြှေးလွှာနဲ့ အမြင်အာရုံကို တိုးတက်ကောင်းမွန်စေရုံသာမက၊ သက်ကြီးပိုင်းတွင်ဖြစ်လေ့ရှိတဲ့ မက်ကူလာယိုယွင်းပျက်စီး၍ အမြင်အာရုံချို့တဲ့ခြင်းနှင့် ၊ မျက်လုံးကွယ်ခြင်းများကို ၃၆% ထိလျော့ချပေးနိုင်ကြောင်း ဆေးသုတေသီများးက အကြံပြုထားပါတယ်။

(ရ)ဆီးသီးဟာ ကယ်လိုရီနည်းပါးပြီး၊ အန္တရာယ်ရှိတဲ့ မပြည့်ဝဆီလည်း လုံးဝမပါဝင်တာကြောင့် နှလုံးနဲ့ သွေးကြောတွေကို ကျန်းမာ စေပါတယ်။

(၈)ဆီးသီးမှာပါတဲ့ ပိုတက်စီယမ်ဓာတ်ဟာ နှလုံးခုန်နှုန်းကို ကောင်းမွန်စေပြီး သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းထား ပေးနိုင်လို့ နှလုံး နှင့် သွေးတိုးရောဂါသည်များအတွက် အထူးသင့်တော်ပါတယ်။

(၉)ဆီးသီးဟာ ခန္ဓာကိုယ်မှ သံဓာတ်စုပ်ယူမှုကို ကောင်းစေတာကြောင့်၊ ကိုယ်ခံစွမ်းအားစံနစ်ကို တိုးတက်စေပြီး တစ်သျှူးတွေကို ကျန်းမာစေကာ၊ လေဖြတ်ခြင်းကြောင့် သေဆုံးမှုနှုန်းကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့ပြင် သွေးနီဥတွေကိုဖြစ်ပေါ်စေလို့၊ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့ စားသုံးပေးသင့်ပါတယ်။

ဗီတာမင်စီဓာတ်များတဲ့ ဆီးသီးများများစားပေးခြင်းဖြင့် နားတွင်းမကြာခဏ ပိုးဝင်မှုကို ကာကွယ်ပေးပါတယ်။

(၁၀)ဆီးသီးဟာ အရိုးများကိုသိပ်သည်းစေပြီး၊ သွေးဆုံးပြီးအမျိုးသမီးကြီးများကို အရိုးကြွတ်ဆတ်/အရိုးပွခြင်းမှ ကာကွယ်ပေးနိုင် ကြောင်း Florida State University မှ ဆေးသုတေသီများက အတည်ပြုထားပါတယ်။ ဒါ့ပြင် အဆစ်ရောင်ရောဂါများကိုလဲ မဖြစ် စေပါဘူးတဲ့။

(၁၁)ဆီးသီးမှာပါတဲ့ ချေဖျက်လွယ်သောအမျှင်ဓာတ်တွေဟာ အူတွေကိုသန့်စင်စေပြီး၊ အစာခြေစံနစ်ကိုကောင်းမွန်စေလို့၊ ဝမ်းမချုပ် စေဘဲ၊ ဆီးသီးကို သဘာ၀၀မ်းပျော့ဆေးအဖြစ် အားထားလောက်ပါတယ်။

(၁၂)ဆီးသီးထဲတွင် ခန္ဓာကိုယ်တွင်းထိခိုက်မှုတွေမဖြစ်အောင် ကာကွယ်ပေးတဲ့ဓာတ်တွေပါဝင်တာကြောင့်၊ အောက်ဆီဂျင်ပြတ်လပ်၍ ဆဲလ်များသေဆုံးခြင်းနှင့် ကိုယ်တွင်းအင်္ဂါအစိပ်အပိုင်းများ ပျက်စီးခြင်းမှ ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီ ကြွယ်ဝလို့ မကောင်းသောကိုလက်စထရောများကိုသုတ်သင်ရှင်းလင်းပေးကာ၊ သွေးလွှတ်ကြောများ ပိတ်ဆို့အနည် ကျခြင်းမှ ကာကွယ်ပေးပါတယ်။

(၁၃)ဆီးပင်၏အခေါက်ထဲမှာ phenols (ခေါ်) neocholorogenic အက်ဆစ် နှင့် chlorogenic အက်ဆစ်ဓာတ်တို့ပါရှိသဖြင့်၊ ချောင်းဆိုးရောဂါ၊ ကျောက်ကပ်ရောဂါ နှင့် ဆီးအိမ်ရောဂါတို့အတွက် လွန်စွာဆေးဘက်ဝင်လှလို့၊ ဆီးပင်အခေါက်ကို လက်ဘက်ရည်ကြမ်းကြို၍ သောက်ပေးသင့်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဆီးပင်ခေါက်က ဝမ်းကိုက်ပျောက်စေပါတယ်။

(၁၄)ထိခိုက်ပြတ်ရှနာများ ပိုးဝင်၍ ရောင်ရမ်းခြင်းအတွက် ဆီးသီးသတ္တုရည်ကို ပိုးသတ်ဆေးရည်အဖြစ် အသုံးပြုနိုင်ပါတယ်။

(၁၅)ဆီးပင်၏ အရွက်နှင့်အခေါက်တို့ဟာ ဆီးထဲရှိ ဂလူးကို့စ်ပမာဏကိုကျစေလို့၊ တောင်အာဖရိက၊ စပိန် နှင့် ဂျပန်နိုင်ငံတို့တွင် ဆီးချိုရောဂါ ကုထုံးအဖြစ် ဆီးရွက်/ဆီးပင်ခေါက်တို့ကို လက်ဘက်ရည်ကြမ်းလုပ်ကာ သောက်သုံးလေ့ရှိကြပါတယ်။

(၁၆)ဆီးပင်အခေါက်ထဲရှိ ဗီတာမင်အေက အရပ်ရှည်ပြီး ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက် တွန်းအားပေးနိုင်ရုံသာမက၊ မျိုးပွားအင်္ဂါ များ ခုခံအားစံနစ်လုပ်ဆောင်မှုတွေမှာလည်း ကူညီပေးနိုင်ပါတယ်။ အိန္ဒိယနိုင်ငံတွင် ဆီးပင်ခေါက်ကို အနှစ်ပြုလုပ်ပြီး၊ လိင်အင်္ဂါ ပေါ်ရှိ ကူးစက်နာများအတွက် ရိုးရာကုထုံးအဖြစ် အသုံးပြုလျှက်ရှိကြပါတယ်။

(၁၇)ဆီးသီးထဲရှိအစေ့အဆံ ဟာ ဝမ်းလျှောရောဂါကိုပျောက်စေလို့၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှာ ရိုးရာတိုင်းရင်းဆေးကုထုံးအဖြစ် တွင်ကျယ်စွာကုသနေကြပါတယ်။

ဆီးသီးထဲတွင်ပါရှိသော သဘာဝဖလေဗွိုးနွိုက်ဓာတ်ပေါင်းစုများသည်၊ ခန္ဓာကိုယ်ထဲရှိမလိုလားအပ်သော free radials များကို တွန်းလှန်နိုင်သောကြောင့်၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုမှ ကာကွယ်ပေးပါတယ်။ ပါးရေတွန့်သည့်အရေးအကြောင်းတို့ကို မဖြစ်စေဘဲ၊ အသားအရေကို ကြည်လင်တောက်ပစေပါတယ်။ သွားပိုးလည်း မစားစေပါဘူးတဲ့။

သတိပြုရန်

ဆီးသီးဟာကျန်းမာရေးအတွက်ကောင်းကျိုးများစေတာမှန်သော်လဲဘဲ၊ ဆီးသီးအပါအဝင် သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်တို့ ကို လိုအပ်သည့်ပမာဏထက် အလွန်အကျူးစားသုံးပါက၊ ထို အသီးအနှံထဲတွင်ပါရှိသော oxalates ဓာတ်က ဆီးကျောက်တည်ခြင်း ကိုဖြစ် ပေါ်စေနိုင်ပါတယ်။

ဆီးသီးနဲ့စားတော်ပဲတွဲစားပါက၊ ဝမ်းလျောစေနိုင်ပါတယ်။

ဆီးသီးဟာ ဈေးမကြီးသော်ငြားလည်း ရာသီစာဖြစ်တဲ့အတွက် တစ်နှစ်ပတ်လုံးစားခွင့်မကြုံနိုင်ပါဘူး။ ယခုလို လှိုင်လှိုင်ပေါတဲ့ အခါသမယ မှာတော့ ဆီးသီးကို လက်လွတ်မခံဘဲ အမိအရစားသုံးကြခြင်းဖြင့်၊ ကျန်းမာရေးအကျိုးကျေးဇူးများ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း…….။

Leave a Reply

Your email address will not be published. Required fields are marked *