ဗဟုတုသ

လေချဉ်ခဏခဏတက်တာ ဘာကြောင့်လဲ

လေချဉ်ခဏခဏတက်တာ ဘာကြောင့်လဲ

====================
====================

လေချဉ်တက်ခြင်း ဆိုတာဟာ သဘာဝဖြစ်စဉ်တစ်ခုလို့ ပြောလို့ ရသလို ရောဂါအခြေအနေ တမျိုးမျိုးရဲ့ လက္ခဏာလို့လည်း ပြောလို့ရပါတယ်။ အထူးသဖြင့် အစာအိမ်၊ အူသိမ်ဦး၊ သည်းခြေအိတ်နှင့် အစာရေမြိုပြွန်တို့မှာ ရှိနေတဲ့ ရောဂါအခြေအနေ တမျိုးမျိုးကြောင့် ဖြစ်ရတတ်ပါတယ်။ ဒါ့အပြင် ကိုယ်ရဲ့ စားသောက်နေထိုင်မှု ပုံစံတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာ။ ။ စားတဲ့အစားအစာ၊ စားတဲ့ပုံစံ စတာမျိုးတွေ။

သဘာဝဖြစ်စဉ်ဆိုတာကို အရင် ရှင်းပြပါမယ်။ အစားအစာ စားနေတုန်း မြိုချမိတဲ့ လေတွေကြောင့်ပဲ ဖြစ်ဖြစ် စားပြီးနောက်မှ အစာချေခြင်း ဖြစ်စဉ်ကနေ ထုတ်ပေးတဲ့ ဓာတ်ငွေ့တွေကြောင့်ပဲ ဖြစ်ဖြစ် အစာချေလမ်းကြောင်းအတွင်းက ပိုလျံလာတဲ့ လေတွေကို လေချဉ်တက်ပြီး ထုတ်ပါတယ်။ ဒါပေမယ့် အဲလို အလွန်အကျွံဖြစ်လာပြီဆိုရင်တော့ အကြောင်းအရင်း တစ်ခုခုကို သေချာရှာဖွေဖို့ လိုနေပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဗိုက်နာခြင်းလို အခြား လက္ခဏာတွေပါ တွဲပြီး ဖြစ်လာတယ်ဆိုရင်တော့ ပိုပြီးသတိပြုရမှာပဲ ဖြစ်ပါတယ်။

ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့
၁။ ကော်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ ပဲအမျိုးမျိုး စတဲ့အစားအစာတွေ စားသုံးခြင်းနှင့် gas ဖြည့်သွင်းထားသော ဖျော်ရည်များ သောက်သုံးခြင်း

၂။ Hiatal hernia (အစာအိမ် အစိတ်အပိုင်းတချို့ဟာ ရင်ခေါင်းတဲ့ကို ကျွံတက်နေတဲ့ အခြေအနေ)
အဲလိုကျွံတက်နေတာကြောင့် အစာချေရည်တွေဟာ အစာရေမြိုပြွန်ထဲကို လျံတက်စေပြီး မကြာခဏဆိုသလို လေချဉ်တက်ခြင်းကို ခံစားရစေပါတယ်။ ဒီအခြေအနေမှာဆိုရင် အစာအိမ်ရဲ့ အနေအထား ပြောင်းသွားတာနဲ့ ဝေဒနာက ရုတ်ခြည်းဆိုသလို ပျောက်ကင်းသွားတတ်ပါတယ်။)

၃။ အူသိမ်အတွင်းတွင် ပိုးမွားများ လွန်ကဲစွာ ပွားများခြင်းကြောင့်လည်း အစာအိမ်နှင့် အူလမ်းကြောင်းအတွင်း ဓာတ်ငွေ့ထုတ်လွတ်မှု များပြားလာပြီး လေချဉ်တက်ခြင်း

၎။ Helicobacter pylori (H. pylori)
စူပါဘက်တီးရီးယား တစ်မျိုးကတော့ အစာအိမ်ရဲ့ ပြင်းထန်လွန်းတဲ့ အစာချေအက်စစ်ကို အန်တုပြီး နေနိုင်တဲ့ ပိုးအမျိုးအစားပဲ ဖြစ်ပါတယ်။ ဒီဘက်တီးရီးယားပိုးဟာလည်း အစာအိမ်အတွင်း ဓာတ်ငွေ့ထုတ်လွတ်မှုကို များပြားစေနိုင်ပါတယ်။

၅။ အစားအစာနှင့် မတည့်ခြင်း
တချို့သော အစားအစာတွေမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေနဲ့ မတည့်တဲ့အခါမှာလည်း လေချဉ်တက်ခြင်းကို ပိုဆိုးစေပါတယ်။ ဥပမာ lactose နဲ့ gluten ကဲ့သို့သော ဓာတ်များ (ဒီမှာပြောချင်တဲ့ မတည့်ခြင်းဆိုတာ အလာဂျီလို့ ခေါ်တဲ့ ဓာတ်မတည့်ခြင်းကို ပြောတာမဟုတ်ဘဲ intolerance လို့ခေါ်တဲ့ မခံနိုင်ခြင်းကို ပြောတာဖြစ်ပါတယ်။)

၆။ သည်းခြေကျောက်တည်ခြင်း၊ သရက်ရွက်ရောင်ခြင်း
စတဲ့အကြောင်းရင်းတွေကြောင့် သရက်ရွက် အလုပ်ကောင်းစွာ မလုပ်တဲ့အခါမှာ အစာကို ကောင်းစွာ ချေဖျက်နိုင်ရန် အားနည်းသွားပါတယ်။ အဲဒိအခါမှာ ဘက်တီးရီးယားများအတွက် အစာများစွာ ရရှိစေပြီး ပိုမိုပွားများစေတဲ့အတွက်လည်း လေချဉ်တက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။

လေချဉ်တက်စေတဲ့ အကြောင်းရင်းတွေကို ပြောပြပြီးပြီဆိုတော့ သက်သာစေတဲ့ နည်းတွေကို ဆက်ပြောပြမယ်နော်။
၁။ အစာစားရင် ဖြည်းဖြည်းစားခြင်းက လေတွေအများကြီး အစာနဲ့ အတူ မျိုချမိခြင်းကို တားနိုင်ပါတယ်တဲ့။
၂။ အစာဝါးနေတုန်းလည်း စကားမပြောနဲ့တဲ့။ (ဟုတ်တယ်လေ ပလုတ်ပလောင်းနဲ့ ကိုယ့်ရှေ့ စကားပြောနေမယ့်လူကို မြင်ကြည့်လိုက်ဗျာ၊ ဘယ်လိုမှ ကြည့်မကောင်းတာ)
၃။ gas ပါတဲ့ အအေးတွေ ဘီယာတွေရှောင်တဲ့။ (ဒါမျိုး ဒေါက်တာလင်းတို့ အမျိုးသားထုကြီးလက်မခံပါ။ ဘီယာလေးသောက်ပြီး ဂေ့ဆို လေတက်ရတာကိုက အရသာဗျ)
၎။ ပိုက်နဲ့စုတ်သောက်တာထက် ဖန်ခွက်ထဲ ထည့်သောာက်ပါတဲ့။ (လာထားလေ Cheers………)
၅။ ဆေးလိပ်ဖြတ်ပါတဲ့။ မဟုတ်ရင် ဆေးလိပ်သောက်တုန်း ရှုမိတဲ့ အငွေ့တွေကြောင့်လည်း အစာခြေလမ်းကြောင်းထဲ လေတွေ အများကြီး ဝင်လာပြီး လေချဉ်တက်တာကို ပိုဆိုးစေနိုင်ပါတယ်တဲ့။ (ကြုံလို့ပြောရရင် ဆေးလိပ်သောက်တဲ့ သူတွေဟာ ပိုတိုလာတတ်တယ်တဲ့။ ဘာ တိုလာတာလဲကတော့ ကွကိုယ်လေ့လာဗျာ)
၆။ သွားတုတပ်တဲ့သူတွေဆိုရင်တော့ သွားတုက သေချာ ကျကျနနဖြစ်နေအောင် သတိပြုပါတဲ့။
၇။ စိတ်ဖိစီးမှုတွေကို လျော့ချပါတဲ့။ (မဟုတ်ရင် ဒေါသနဲ့အတူ လေတွေပါ မျိုချမိမှာစိုးလို့တဲ့။)
အဲလောက်ဆိုရင်တော့ ဒေါက်တာလင်းလို မကြာခဏလေတတ်တဲ့သူတွေအတွက် ဗဟုသုတရလိမ့်မယ်လို့ မျော်လင့်ပါတယ်ဗျာ။ အားလုံးပဲ ဘီယာကို ပိုက်နဲ့စုတ်မသောက်ပါနဲ့ပြောကြားရင်းပဲ……

ဒေါက်တာလင်း
#ဒေါက်တာဇီဝက

Leave a Reply

Your email address will not be published. Required fields are marked *