ဗဟုတုသ

ကင်ဆာရောဂါ ကုလို့ ပျောက်တယ်ဆို

** ကင်ဆာရောဂါ ကုလို့ ပျောက်တယ်ဆို **

====================
====================

တကယ်တော့ ကင်ဆာကို ကုလို့ပျောက်ကင်းနိုင်တာမျိုး မရှိသေးပေမယ့် ကင်ဆာအဆင့် အစောကြီးကတည်းက စောစောသိ စောစောကုနိုင်ရင် အခြေအနေ ကောင်းတတ်ကြတယ်။ အသက်ရှင်နှုန်းများတဲ့ ကင်ဆာရောဂါတွေကတော့ မှဲ့ကင်ဆာ၊ Hodgkin lymphoma လို့ခေါ်တဲ့ လင့်ပြန်ကြိတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ဝှေးစေ့ကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ သိုင်းရွိုက်ကင်ဆာတွေပါပဲ။

ကင်ဆာဆိုတာကို သေချာနားလည်းကြရဲ့လား? ပြောပြဦးမယ်နော်။ ကင်ဆာဆိုတာ ခန္ဓာကိုယ်ရဲ့ တစ်နေရာမှာ ဆဲလ်ကလာဒ်စည်းလေးတွေ ထိန်းမနိုင်သိမ်းမရ ပွားလာပြီးတော့ တခြားနေရာတွေကိုပါ ပျံ့နှံ့သွားတဲ့ ရောဂါတစ်မျိုးပါပဲ။ အဲဒါကြောင့် နောက်ဆုံးမှာ ဘေးနားတစ်ဝိုက်မှာရှိတဲ့ တစ်သျှူးတွေ၊ အင်္ဂါအစိတ်အပိုင်းတွေ ပျက်စီးရတော့တယ်။

နှစ်ပေါင်းများစွာ လေ့လာစမ်းသပ်မှုတွေ လုပ်နေပေမယ့်လည်း ကင်ဆာဟာ အသေများဆုံးရောဂါတစ်ခု ဖြစ်နေဆဲပါပဲ။

ရောဂါသည်ရဲ့ခန္ဓာကိုယ်ကနေ ကင်ဆာဆဲလ်တွေ လုံးဝအရှင်းပျောက်သွားတာကို ကင်ဆာ ကင်းစင်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ဒီလိုကင်းစင်ပြီးနောက်မှာ ပြန်ဖြစ်နိုင်သေးတယ်နော်။ တချို့ဆို နှစ်ပေါင်းများစွာကြာပြီးမှ ပြန်ဖြစ်တတ်တယ်။

ကင်ဆာ လုံးဝအမြစ်ပြတ် ပျောက်သွားတယ် ဆိုတာကတော့ လုံးဝကိုပြန်မဖြစ်ဘဲ ပျောက်သွားတာကို ပြောတာပါ။ တချို့တွေမှာတော့ ဒီလိုဖြစ်နိုင်ပေမယ့် လတ်တလောမှာတော့ ကင်ဆာအမြစ်ပြတ်တယ်ဆိုတာ မရှိသေးပါဘူး။

ဒီလို ကင်ဆာကို အောင်အောင်မြင်မြင် ကုသနိုင်ဖို့ အချက်ပေါင်းများစွာပေါ် မူတည်နေတယ်။ အထူးသဖြင့် ကင်ဆာအမျိုးအစားပေါ့။

ကင်ဆာအမျိုးအစားတွေကို ရှင်းပြတဲ့နေရာမှာ လေ့လာသူတွေက စံနှုန်းတစ်ခုအနေနဲ့ ၅ နှစ် အသက်ရှင်နှုန်းဆိုတာကို သုံးတတ်ကြတယ်။ ၅ နှစ် အသက်ရှင်နှုန်းဆိုတာ ကင်ဆာလို့စသိပြီး ၅ နှစ်အတွင်းမှာ လူဘယ်နှစ်ယောက်လောက် အသက်ရှင်လဲဆိုတာကို တွက်ချက်ထားတာပါ။

ဒီ ၅ နှစ် အသက်ရှင်နှုန်းဆိုတာ ကင်ဆာ ပျောက်၊ မပျောက်ဆိုတာကို နှိုင်းယှဉ်တာမဟုတ်ဘဲနဲ့ ကင်ဆာ ဘယ်လောက်ဆိုးလဲဆိုတာကိုပဲ ပြတာပါ။ သတိထားဖို့တစ်ချက်က အသက်ရှင်နှုန်းကို တွက်တဲ့အခါ ဘယ်လောက်စောစော သိတယ်ဆိုတာ အပါအဝင် အချက်တွေအများကြီး ရှိသေးတယ်။

အဲဒါကြောင့် ပိုပြီးတိကျဖို့ဆိုရင် သာမန်လူနဲ့ ကင်ဆာဝေဒနာရှင်တွေရဲ့ ၅ နှစ် အသက်ရှင်နှုန်းကို နှိုင်းယှဉ်ဖော်ပြတဲ့ ၅ နှစ် ပျမ်းမျှအသက်ရှင်စံနှုန်းကို သုံးလေ့ရှိကြတယ်။ ဒီစံနှုန်းမှာက တခြားအချက်တွေကိုပါ ထည့်ပြီးစဉ်းစားထားတယ်။

၁။ ရင်သားကင်ဆာ

ရင်သားကင်ဆာအဆင့် ၀ နဲ့ ၁ အတွက်ဆိုရင် ၅ နှစ် ပျမ်းမျှအသက်ရှင်နှုန်း ၉၉ – ၁၀၀% တောင် ရှိတယ်။ အဲဒါကြောင့် သေချာကုသမှုယူရင် ဒီအဆင့်နဲ့ ဒီကင်ဆာအမျိုးအစားမှာ ရောဂါမရှိသူတွေလိုပဲ အသက်ရှင်နိုင်ပါတယ်။

ကင်ဆာအဆင့်ဆိုတာဟာ အကျိတ်ရဲ့အရွယ်အစားနဲ့ နေရာပေါ် မူတည်ပြီးတော့ တွက်ရတယ်။ အဆင့် – ၀ ဆိုတာဟာ ပုံမမှန်ကလာဒ်စည်းဆဲလ်တွေရဲ့ ကြီးထွားမှုဟာ ရင်သားတစ်သျှူးတွေထဲမှာပဲ ရှိနေသေးတယ်လို့ ဆိုလိုတာပါ။ ဒီအဆင့်ကို ကင်ဆာလို့ မသတ်မှတ်ပေမယ့် ကင်ဆာ အစောဆုံးအဆင့်လို့ ပြောလို့ရတယ်။

အဆင့် – ၁ မှာ ဆိုရင်တော့ အကျိတ်လေး သေးသေးလေး ထွက်လာပြီ။ အရွယ်အစားကတော့ ၂ စင်တီမီတာအောက်ပဲရှိသေးတယ်။ ပြီးတော့ တခြားဘယ်နေရာကိုမှ မပြန့်သွားသေးဘူး။

ဒီအဆင့်တွေဆိုရင် ပိုမဆိုးလာခင်ကတည်းက ထိန်းလိုက်ပြီးတော့ ကုသပျောက်ကင်းနိုင်တာပေါ့။

၂။ ဆီးကျိတ်ကင်ဆာ

ဆီးကျိတ်ကင်ဆာဟာ အဆင့် ၁ နဲ့ ၂ ဆိုရင် ၅ နှစ် ပျမ်းမျှအသက်ရှင်နှုန်း ၉၉% တောင် ရှိနေတယ်။ ဆီးကျိတ်ကင်ဆာတွေဟာ ကြီးထွားမှုနှုန်း မြန်သလို လုံးဝဆက်ပြီး မကြီးထွားတော့တာမျိုးလည်းရှိလို့ ကုသရ လွယ်ကူတယ်။ အဲဒါကြောင့် ထပ်ပြီးတော့ မကြီးလာတဲ့ ဆီးကျိတ်ကင်ဆာမျိုးကို ဆရာဝန်တွေက အရေးမကြီးလှဘူးလို့ ယူဆပြီး ဘာကုသမှုမှ မလုပ်တတ်ဘူး။

၃။ ဝှေးစေ့ကင်ဆာ

ဝှေးစေ့အတွင်းမှာပဲ ရှိနေတတ်တဲ့ ဝှေးစေ့ကင်ဆာတွေရဲ့ ၅ နှစ် ပျမ်းမျှအသက်ရှင်နှုန်းဟာ ၉၉% ရှိပြီး ဝှေးစေ့ဘေးပတ်လည်ရှိတဲ့ တစ်သျှူးတွေ၊ လင့်ပြန်ကျိတ်တွေထဲ ပြန့်နေတဲ့ကင်ဆာမျိုး ဆိုရင်တော့ ၉၆% ရှိတယ်။ ဒီလိုအစောပိုင်းအဆင့်တွေမှာ ဆရာဝန်တွေက ဝှေးစေ့တစ်လုံး ဒါမှမဟုတ် ၂ လုံးလုံးကို ဖြတ်တောက်ကုသတာမျိုး ပြုလုပ်နိုင်တယ်။

ဝှေးစေ့ ဖြတ်တောက်ကုသတာဟာ အကျိုးရှိတဲ့ ကုထုံးတစ်မျိုး ဖြစ်ပေမယ့် ကင်ဆာပြန့်သွားပြီ ဆိုရင်တော့ သိပ်အကျိုးမထူးတတ်ဘူး။

၎။ သိုင်းရွိုက်ကင်ဆာ

သိုင်းရွိုက်ကင်ဆာဟာ အဆင့် ၁ နဲ့ ၂ အဆင့်မှာ ၅ နှစ်ပျမ်းမျှအသက်ရှင်နှုန်း ၉၈ – ၁၀၀% ရှိတယ်။ သိုင်းရွိုက်ဆိုတာ လည်ပင်းထဲမှာရှိတဲ့ ဂလင်းအကျိတ်တစ်လုံးဖြစ်ပြီး ကိုယ်ခန္ဓာ ကောင်းကောင်း အလုပ်လုပ်နိုင်အောင် အထောက်အပံ့ပေးတဲ့ ဟော်မုန်းတွေ ထုတ်လုပ်ပေးတယ်။ သိုင်းရွိုက်ကင်ဆာ အများစုဟာ ဖြည်းဖြည်းချင်းပဲ ကြီးထွားလေရှိတာမို့ ကုဖို့အချိန်မီလေ့ ရှိတယ်။ လည်ပင်းတစ်ဝိုက် တခြားနေရာတွေကို ပြန့်နေရင်တောင်မှ သိုင်းရွိုက်ဂလင်းကို ထုတ်လိုက်ရင် ပျောက်သွားတတ်ကြတယ်။

၅။ မှဲ့ကင်ဆာ

အဆင့် ၁-A နဲ့ ၁-B မှဲ့ကင်ဆာတွေရဲ့ ၅ နှစ် ပျမ်းမျှအသက်ရှင်နှုန်းဟာ ၉၂ – ၉၇% လောက် ရှိပါတယ်။ မှဲ့ကင်ဆာဆိုတာဟာ အရေပြားမှာဖြစ်တဲ့ ကင်ဆာတစ်မျိုးဖြစ်ပြီး အလွယ်တကူ မြင်တွေ့နိုင်တာမို့ အစောပိုင်း မပွားခင်ကတည်းက စောစောသိ စောစောကုသနိုင်ပြီး အသက်ရှင်နှုန်းများတယ်။

စောစောမသိခဲ့ရင်တော့ အရေပြားအောက်ထဲထိကို ပြန့်သွားပြီး ဖယ်ရှားဖို့ ခက်ခဲတယ်။

၆။ သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာ အဆင့် ၀ နဲ့ ၁-A အဆင့်မှာ စောစောသိခဲ့ရင် ၅ နှစ် ပျမ်းမျှအသက်ရှင်နှုန်း ၉၃% ရှိနိုင်တယ်။ ဒီလို စောစောသိရင် မပြန့်ခင်ကတည်းက စောစောကုနိုင်တာပေါ့။ နောက်ပိုင်းအဆင့်တွေ ဆိုရင်တောင် ကင်ဆာဆဲလ်တွေဟာ ဖြည်းဖြည်းချင်း ကြီးထွားတာကြောင့် ကုသလို့ ရနိုင်သေးတယ်။

၇။ လင့်ပြန်ဂလင်း အကျိတ်ကင်ဆာ (Hodgkin lymphoma)

အဆင့် ၁ နဲ့ ၂ ဆိုရင် ၅ နှစ် ပျမ်းမျှအသက်ရှင်နှုန်း ၉၀% လောက် ရှိတယ်။

ဒီကင်ဆာမျိုးက ဓာတ်ရောင်ခြည်ကုထုံးကို ကောင်းကောင်း တုန့်ပြန်မှုရှိတာကြောင့် အသက်ရှင်နှုန်း များတာပါ။ အဆင့်များရင်တောင်မှ အသက်ရှင်နှုန်း နည်းနည်းမြင့်သေးတယ်။ ဒါပေမဲ့ Hodgkin အမျိုးအစားမဟုတ်တဲ့ တခြား လင့်ပြန်ကျိတ်ကင်ဆာတွေ ဆိုရင်တော့ ဒီကုသမှုမျိုးကို ကောင်းကောင်း မတုန့်ပြန်နိုင်ပါဘူး။

နောက်ဆုံးအနေနဲ့ အချုပ်ပြောရရင် – ကင်ဆာအတွက် အမြစ်ပြတ် ပျောက်ကင်းနိုင်မယ့် ကုထုံးရယ်လို့ မရှိသေးဘူးနော်။ ဒါပေမဲ့ ကင်ဆာလက္ခဏာတွေ ပျောက်ကင်းသွားပြီးတော့ ကက်ဆာကင်းစင်အဆင့်ထိ ရောက်အောင် ကုသနိုင်တယ်ဆိုတာကို ပြောချင်ပါတယ်။ အဓိက,ကတော့ အဆင့်နည်းတုန်း မပျံ့နှံ့ခင်မှာ စောစောသိ စောစောကုဖို့ လိုတယ်နော်။

Dr. Mya Phoo Ngon

==========

DrMyanmar

Leave a Reply

Your email address will not be published. Required fields are marked *