ဗဟုတုသ

ကျောက်တောင်ကို ထွင်းထုဖန်တီးထားတဲ့ အံသြစရာနေရာတစ်ခုအကြောင်း

ကျောက်တောင်ကို ထွင်းထုဖန်တီးထားတဲ့ အံသြစရာနေရာတစ်ခုအကြောင်း

====================
====================

Ellora လိုဏ်ဂူစုဟာ အိန္ဒိယနိုင်​ငံ၊ မဟာရသျှတြရပြည်​နယ်​ ၊ ​အောရုန်​ဂဘတ်​မြို့ရဲ့ အနောက်မြောက်ဘက် ၁၈မိုင်အကွာမှာ တည်ရှိပါတယ်​။

ကျောက်တောင်ကို ထွင်းထုထားတဲ့ အလွန်လက်ရာမြောက်သော ရှုပ်ထွေးသောဘုရားကျောင်းများ ရှိရာ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ်နာမည်ကျော်ပါတယ်။ အပြင်ဘက် အဆောက်အဦးဒီဇိုင်းတွေသာမက အတွင်းဘက်က အံ့မခန်းတဲ့ဗိသုကာလက်ရာတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်လျှက်ရှိပါတယ်။

ဒီလိုဏ်ဂူစု တည်ရှိတဲ့နေရာဟာ Sahyadri ဆိုတဲ့တောင်ပါ။ ဒီတောင်ရဲ့သက်တမ်းကတော့ နှစ်ပေါင်း ၆၅သန်း ရှိပြီဖြစ်ပါတယ်။ Ellora လိုဏ်ဂူစုဟာ ဒီကျောက်တောင်ကို ထွင်းထုပုံဖော်ထားတာပဲဖြစ်ပါတယ်။

ဒီလိုဏ်ဂူအများစုကို ရပ်စတြကုတ မင်းဆက်လက်ထက် အေဒီ ၆ရာစု နဲ့ ၁၀ရာစုအကြားမှာ ဖန်တီးခဲ့တာဖြစ်ပြီး ပညာရှင်အချို့ကတော့ ဘီစီ ၂၅၀ခန့်ကတည်းက ဒီနေရာဖန်တီးရေးလုပ်ငန်းတွေ စတင်နေပြီလို့ ဆိုပါတယ်။

ဒီနေရာဟာ ယနေ့သုတေသန ပညာရှင်တွေကို ဦးနှောက်ခြောက်စေတဲ့နေရာဆိုလည်း မမှားပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလိုဏ်ဂူ အဆောက်အဦးတွေအားလုံးကို ကွန်ကရစ်နဲ့ဆောက်လုပ်ထားခြင်းမဟုတ်ပဲ ကျောက်တောင်ကြီးတစ်ခုလုံးကို လိုသလိုထွင်းထုဖျက်ဖောက် ဒီဇိုင်းထုတ်ကာ တည်ဆောက်ထားခဲ့လို့ပါ။

ဘယ်လိုလူတွေ ဘယ်လိုပညာရှင်တွေက ဒီများပြားပြီး ဗိသုကာလက်ရာမြောက်လှတဲ့ လိုဏ်ဂူအဆောက်အဦးတွေကို ပုံဖော်ဖန်တီးခဲ့သလဲ ဆိုတာ အဖြေရှာလို့မရသေးပါဘူး။

Ellora လိုဏ်ဂူစုမှာ ဂူပေါင်း ၃၄ ခုပါဝင်ပြီး ဗုဒ္ဓဘာသာ ၊ ဟိန္ဒူ နဲ့ ဂျိန်းဘာသာဆိုင်ရာ ဂူတွေဖြစ်ပါတယ်။ လိုဏ်ဂူ ၃၄ခုထဲက ၁၇ခုဟာ ဟိန္ဒူဘာသာဆိုင်ရာလိုဏ်ဂူတွေဖြစ်ပြီး ၁၂လိုဏ်ဂူကတော့ ဗုဒ္ဓဘာသာဆိုင်ရာလိုဏ်ဂူတွေ နဲ့ ကျန် ၅ခုကတော့ ဂျိန်းဘာသာဆိုင်ရာလိုဏ်ဂူတွေဖြစ်ပါတယ်။ ဂျိန်းဘာသာဆိုင်ရာ လိုဏ်ဂူတွေကိုတော့ Yadava မင်းဆက်လက်ထက်မှာမှ ဖန်တီးခဲ့တယ်လို့ သိရပါတယ်။

Kailasa ဘုရားကျောင်း

Kailasa ဘုရားကျောင်းဟာ ဧရာမကျောက်တုံးကြီးတစ်တုံးကို ဖြတ်တောက်ထွင်းထုထားတဲ့ ကမ္ဘာပေါ်မှာအကြီးဆုံး ဟိန္ဒူဘုရားကျောင်းတစ်ခုဖြစ်ပါတယ်။ Ellora လိုဏ်ဂူစုမှာ အကြီးဆုံးဘုရားကျောင်းလည်း ဖြစ်ပြီး လိုဏ်ဂူနံပါတ်ကတော့ ၁၆ ဖြစ်ပါတယ်။

နှစ်ထပ်အဆောက်အဦးဖြစ်ပြီး ဟိန္ဒူနတ်ဘုရား ရှီဗာ ကို ကိုးကွယ်ဖို့ဆောက်လုပ်ထားတာလို့ ဆိုပါတယ်။ အပြင်ဘက်ရော အတွင်းဘက်မှာပါ လက်ရာမြောက်လွန်းတဲ့ ဟိန္ဒူဘာသာဆိုင်ရာ ဗိသုကလက်ရာတွေကို တွေ့ရမှာဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဆိုင်ရာ လိုဏ်ဂူများ

လိုဏ်ဂူနံပါတ် ၁ ကနေ ၁၂ အထိဟာ ဗုဒ္ဓဘာသာဆိုင်ရာ လိုဏ်ဂူတွေဖြစ်ပါတယ်။ ဒီအထဲက အစောဆုံးလိုဏ်ဂူကတော့ လိုဏ်ဂူနံပါတ် ၆ ဖြစ်ပါတယ်။ လိုဏ်ဂူ ၁၂ခုမှာ ၁၁ခုက ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေဖြစ်ပါတယ်။

လိုဏ်ဂူအသီးသီးမှာ နံရံဗိသုကာလက်ရာတွေအပြင် ခန်းမဆောင်များ ၊ အိပ်ခန်းများ ၊ မီးဖိုးခန်းများပါဝင်ပါတယ်။ လက်ရာမြောက်လှတဲ့ ရုပ်ပွားတော်တွေ နဲ့ မဟာယနဆိုင်ရာရုပ်တုတွေကိုလည်း ဒီလိုဏ်ဂူတွေမှာ တွေ့ရမှာဖြစ်ပါတယ်။

ဟိန္ဒူဘာသာဆိုင်ရာ လိုဏ်ဂူများ

လိုဏ်ဂူအမှတ် ၁၃ကနေ ၂၉အထိဟာ ဟိန္ဒူဘာသာဆိုင်ရာ လိုဏ်ဂူတွေဖြစ်ပါတယ်။ ဒီအထဲမှာ အစောဆုံးဖန်တီးခဲ့တဲ့လိုဏ်ဂူကတော့ နံပါတ် ၂၈လိုဏ်ဂူဖြစ်ပါတယ်။ ဟိန္ဒူလိုဏ်ဂူတွေထဲမှာ လူသိများတဲ့လိုဏ်ဂူကတော့ ဟိန္ဒူနတ်ဘုရားရှီဗာကို ရည်စူးတည်ဆောက်ထားတဲ့ Dhumar Lena ဘုရားကျောင်း(အမှတ်၂၉ လိုဏ်ဂူဖြစ်ပါတယ်)။

ဒီဘုရားကျောင်းဟာ ပေ ၂၀၀ ၀န်းကျင်အကျယ်ရှိပြီး အမြင့် ၁၈ပေခန့်ရှိပါတယ်။ ကြီးမားတဲ့ခြသေ့င်္ရုပ်ကြီး ၂ရုပ် နဲ့ ဆင်ရုပ်ငယ်ပေါင်းများစွာ ရှိနေပြီး တိုင်လုံးကြီးပေါင်း ၂၆တိုင်ကို အောက်ခံအဖြစ် ထားရှိပါတယ်။

ဂျိန်းဘာသာဆိုင်ရာ လိုဏ်ဂူများ

Ellora လိုဏ်ဂူစုရဲ့ မြောက်ဘက်အဆုံးမှာတည်ရှိနေတဲ့ လိုဏ်ဂူနံပါတ် ၃၀ ကနေ ၃၄အထိဟာ ဂျိန်းဘာသာဆိုင်ရာလိုဏ်ဂူတွေဖြစ်ပါတယ်။ နောက်အကျဆုံးတည်ဆောက်ခဲ့တဲ့ လိုဏ်ဂူတွေဖြစ်ပြီး အေဒီ ၉ရာစုနဲ့ ၁၀ရာစုကြားမှာ ဆောက်ခဲ့တဲ့ လိုဏ်ဂူတွေဖြစ်ပါတယ်။ ဒီလိုဏ်ဂူတွေဟာ ဗုဒ္ဓလိုဏ်ဂူ နဲ့ ဟိန္ဒူလိုဏ်ဂူ အဆောက်အဦးတွေထက် သေးငယ်ပေမယ့် ပိုပြီးလက်ရာမြောက်စွာ ထွင်းထုထားတယ်လို့ သိရပါတယ်။

ဂျိန်းလိုဏ်ဂူတွေမှာ လက်ရာအမြောက်ဆုံးကတော့ နံပါတ် ၃၂ ၊ Indra Sabha လိုဏ်ဂူဖြစ်ပါတယ်။ Kalisha ဘုရားကျောင်းနဲ့ ကြမ်းပြင်ခြင်းဆင်တူပေမယ့် အတက်အဆင်း လှေကားဖန်တီးမှုမှာတော့ ဒီလိုဏ်ဂူက လက်ရာပိုမြောက်ပါတယ်။ လိုဏ်ဂူထဲမှာတော့ ဂျိန်းဘာသာဆိုင်ရာ အကြီးအကဲတွေဖြစ်တဲ့ Parasnath နဲ့ Gomateshvara ရုပ်ပုံတွေကိုတွေ့ရမှာဖြစ်ပြီး အတွင်းဘက်ဆုံးမှာတော့ ဂျိန်းဘာသာတည်ထောင်သူ မဟာဝီရ ရဲ့ရုပ်တုရှိနေပါတယ်။

လိုဏ်ဂူတည်ဆောက်သူတွေဟာ လိုဏ်ဂူတွေအထဲကို နေရဲ့အလင်းရောင်ရောက်ရှိစေဖို့ multi-mirror နည်းပညာကို အသုံးပြုတည်ဆောက်ထားခဲ့ပေမယ့် တချို့နေရာတွေကို အလင်းရောင်က ရောက်ရှိခြင်းမရှိပါဘူး။ ထူးခြားတာတစ်ခုကတော့ အလည်းရောင်အနည်းငယ် (သို့) ဘာအလင်းရောင်မှ မရတဲ့နေရာမျိုးမှာ လက်ရာမြောက်တဲ့ ဒီဇိုင်းဗိသုကာတွေကို ဘယ်လိုဖန်တီးခဲ့သလဲဆိုတာပါ။

Ellora လိုဏ်ဂူစု ဟာ သူနဲ့ဆင်တူဖြစ်တဲ့ အာဂျန်တာလိုဏ်ဂူစု နဲ့အတူ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် ၁၉၈၃ခုနှစ်မှာ သတ်မှတ်ခံခဲ့ရပါတယ်။ ဒီလိုဏ်ဂူတွေကို အင်္ဂါနေ့ကလွဲရင် နေထွက် နေ၀င် အချိန်အထိ လာရောက်လေ့လာကြည့်ရှု့လိုသူများအတွက် ဖွင့်ပေးထားတယ်လို့ သိရပါတယ်။ အံသြစရာဗိသုကာများနဲ့ Ellora လိုဏ်ဂူများအကြောင်းကို သုတဇုန် မိတ်ဆွေများအတွက် ဗဟုသုတ အနေနဲ့မျှဝေလိုက်ခြင်းဖြစ်ပါတယ်။

==========

ကဲ..အပြင်မှာ မသွားနိုင်သေးရင် ဒီဗီဒီယိုလေးကနေ အရင်သွားလည်ကြည့်ကြရအောင်ဗျာ ?
https://www.facebook.com/AncientExplorers/videos/708381739262719/

Leave a Reply

Your email address will not be published. Required fields are marked *