ဗဟုတုသ

ကလေးတွေဖျားတဲ့အခါ

“ကလေးတွေဖျားတဲ့အခါ”

====================
====================

ရာသီအပြောင်းမှာ ကလေးငယ်တွေ ဖျားနာတတ်ပါတယ်။ဒီအခါမှာတော့ မိဘတွေက စိတ်ပူပန်ပင်ပန်းရတာမျိုးဖြစ်လာပါပြီ။ဒါကြောင့် အခုတစ်ပတ်မှာ Popularnews ပရိတ်များအတွက် မိမိတို့ရဲ့ရင်သွေးငယ်တွေ ဖျားနာတာမျိုးဖြစ်လာရင် တွေ့ရတဲ့ လက္ခဏာအချို့နဲ့ ဂရုစိုက်သင့်တဲ့အချက်အချို့ကို ရေးသားတင်ပြပေးလိုက်ပါတယ်။

မိဘအများစုက မိမိကလေးဖျားနေရင် သာမန်အထိအတွေ့နဲ့တင် ကောင်းကောင်းသိပါတယ်။ကိုယ်အပူချိန်ကိုတိတိကျကျတိုင်းချင်ရင်တော့ သာမိုမီတာများကိုသုံးနိုင်ပါတယ်နော်။ဆေးဆိုင်တွေမှာဝယ်ယူနိုင်ပြီးဈေးလည်းမကြီးတာကြောင့် မိဘတွေအနေနဲ့ ဆောင်ထားသင့်ပါတယ်ရှင့်။

ကလေးကိုယ်အပူချိန်ဟာ အောက်ပါထက် ကျော်လွန်နေရင် ဖျားတယ်လို့ သတ်မှတ်နိုင်ပါတယ်။
ပါးစပ်တွင်း အပူချိန် 100’F (38°C) နဲ့ချိုင်းအောက် အပူချိန် 99’F (37°C)ဆိုရင် အဖျားရှိတယ်လို့ သတ်မှတ်နိုင်ပါတယ်။

အဖျားကြီးလေ ပိုးပြင်းထန်လေ ရောဂါဆိုးလေလို့လဲ ပြောလို့မရပါဘူး။ အချို့သော အန္တရာယ်မရှိတဲ့ ဗိုင်းရပ်ကြောင့် ဖျားတဲ့ အဖျားရောဂါတွေမှာ ကိုယ်အပူချိန်ဟာ ၁၀၃-၁၀၄ ဖါရင်ဟိုက်ထိ တက်တတ်ပါတယ်နော်။

အဖျားအတက်အကျနဲ့ လိုက်ပြီး ချမ်းတုန်တဲ့ ခံစားမှု ရှိတတ်ပါတယ်။ အဖျားသိပ်တက်ရင် လက်ဖျား ခြေဖျား တွေအေးစက်နေတတ်ပါတယ်။ ဒါကို ကြောက်စရာမလိုပါဘူး။ ဆရာဝန်တွေပြောလေ့ရှိတဲ့ ခြေလက်အေးရင် မကောင်းဘူးဆိုတာက လက်မောင်း ခြေသလုံး စသည်တို့ အထူးသဖြင့် မဖျားပဲ အေးစက်သွားတာကို ဆိုလိုတာပါ။

ဖျားနေတဲ့ ကလေးဟာ အသက်ရှု နည်းနည်းမြန်တတ်ပါတယ်။ နှလုံးခုန်နည်းနည်း မြန်တတ်ပါတယ်။ ဒါကလဲ ကိုယ်ခန္ဓာရဲ့ သဘာဝ တုံ့ပြန်မှုတွေပါပဲ။ အဖျားကျသွားတာတောင် ဆက်မြန်ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

အဖျားရှိနေတဲ့ကလေးတွေဟာ ခေါင်းကိုက်ခြင်း၊ ခြေလက်ကိုက်ခြင်း၊ အစားပျက်ခြင်း၊ သာမန်ထက်ပို ဂျီကျခြင်း စသည်တို့လဲ ဖြစ်တတ်ပါတယ်။

ဘယ်နှစ်ရက်ဖျားနေသလဲဆိုတာဟာလဲအရေးကြီးပါတယ်။ အသက်တစ်နှစ်အထက်ကလေးတွေဟာ သာမန် ဗိုင်းရပ်ပိုးတွေကြောင့် (၂) ရက် (၃) ရက်ဖျားနိုင်ပါတယ်။

အသက်တစ်နှစ်အောက် အထူးသဖြင့် (၃)လအောက်ဆိုရင်တော့ ဖျားရုံနဲ့ ဆရာဝန်ပြသင့်ပါတယ်။

(၃) လ နဲ့ (၁) နှစ်ကြားမှာတော့ ဖျားပေမဲ့ လန်းတယ် ဆော့တယ် နို့စို့တယ် အရေများများဝင်တယ် ဆိုရင် တခြားလက္ခဏာတွေလဲ မရှိရင် (၁) ရက်လောက်စောင့်ကြည့်ပါ။

ယဉ်သူဇာလွင်(Diploma in Nutrition ( Shaw Academy ) , Advanced Diploma in Child Nutrition Specialist )

==========

Popular News Journal

Leave a Reply

Your email address will not be published. Required fields are marked *