
စီရော်နယ်ဒို ဆိုတဲ့ ဘောလုံးသမားဟာ အထွေအထူး မိတ်ဆက်ရမယ့်သူ မဟုတ်ပါဘူး။ ကမ္ဘာ့ဘောလုံးသမိုင်းမှာတောင် အကောင်းဆုံးစာရင်းဝင်သူ၊ စံချိန်ပေါင်း၊ ဆုတံဆိပ်ပေါင်းမြောက်များစွာရဲ့ အရှင်သခင်၊ Living legend တစ်ယောက်၊၊
တကယ်တော့ အားကစားဟာ လူငယ်တစ်ယောက်ကို ပါရမီ ဘယ်လောက်ပါသလဲ၊ Talent ဘယ်လောက်ရှိသလဲ ဆိုတာတွေပေါ်မှာ အဓိကအခြေခံ အကဲဖြတ်တဲ့ နယ်ပယ်တစ်ခု ဖြစ်ပါတယ်။ ဒီအခါ ငယ်ငယ်က တအားကို တော်တယ်၊ တချိန်မှာ ထွန်းတောက်လာမယ်လို့ သတ်မှတ်ခံခဲ့ရပေမယ့် တကယ့်လက်တွေ့မှာ ထင်သလို ဖြစ်မလာတဲ့ ကစားသမားတွေ၊ တစ်ဖက်မှာလည်း အောင်မြင်မှုကို၊ ၂နှစ် ၃နှစ်အပြင် ပိုထိန်းမထားနိုင်တဲ့သူတွေ အများအပြား ဖြစ်လာတယ်။ အဲဒီလိုလူတွေကြားထဲမှာ နှစ်ပေါင်းများစွာ အောင်မြင်နေ၊ အောင်မြင်ဆဲဖြစ်တဲ့ ရော်နယ်ဒိုရဲ့အကြောင်းက ခုလို စာရေးဖို့ ဖြစ်လာခဲ့တယ်။
ပတ်ဝန်းကျင်မှာလည်း ကြည့်ကြည့်ပါ။ ကျောင်းတုန်းက စာသိပ်မတော်ဘူး ထင်ရတဲ့သူတွေက ခုချိန်မှာ အောင်မြင်နေတာတွေ ရှိပါတယ်။ စာတော်ပါတယ် ဆိုတဲ့သူတွေထဲမှာလည်း ပေါက်ပေါက်မြောက်မြောက် ဖြစ်မနေတာတွေ ရှိပါတယ်။ ဘာကြောင့်ပါလဲ။ အကြောင်းတစ်ခုကတော့ ဘဝရဲ့အောင်မြင်မှုကို Talent တစ်ခုတည်းကပဲ အာမ,မခံပေးနိုင်တာကြောင့် ဖြစ်ပါတယ်။
၁။ စိတ်အားထက်သန်ခြင်း (Motivation)
စီရော်နယ်ဒို ရယ်လို့ ဖြစ်လာစေခဲ့တဲ့ အဓိက အကြောင်းရင်းလို့တောင် ဆိုချင်ပါတယ်။ စီရော်နယ်ဒိုကို ဘယ်လိုအခြေအနေမျိုးမှာမှ ခေါင်းငိုက်စိုက်ကျနေတဲ့ပုံ၊ စိတ်ဓါတ်ကျနေတဲ့ပုံ မတွေ့ဖူးပါဘူး။ အဲဒီစိတ်ကြောင့်ပဲ အသင်းအနိုင်မရတဲ့အခါ ကလေးတစ်ယောက်လို ငိုကြွေးတာ၊ ညစ်တွန်းတွန်းသလို ဖြစ်ဖြစ်သွားတာ၊ မီဒီယာတွေမှာ ခပ်ဆတ်ဆတ် ဖြေတာ စတဲ့ အမည်းစက်တွေလည်း ရလာပါတယ်။
သူဟာ အင်မတန် အောင်မြင်ချင်တယ် အောင်မြင်ဖို့အတွက်လည်း အချိန်ပြည့်ကြိုးစားနေတယ်။ ကွင်းထဲမှာ ဂိုးတွေ တဒိုင်းဒိုင်း သွင်းနေတာက နေရင်းထိုင်ရင်း ဖြစ်လာတာ မဟုတ်ဘူး။ ငယ်စဉ်ကတည်းက ရော်နယ်ဒိုဟာ လေ့ကျင့်ရေးကွင်းကို အစောဆုံးရောက်ပြီး နောက်အကျဆုံး ပြန်တတ်တဲ့သူ။ ၂၀၀၈ ခုနှစ်မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကန်တော့ အဲဒီပွဲမှာ အသစ်ထုတ်လုပ်ထားတဲ့ ဘောလုံးနဲ့ကန်ရမယ်။ အဲဒီဘောလုံးတွေ လေ့ကျင့်ရေးကွင်း ရောက်လာတဲ့အခါ အားလုံးက အမှုမဲ့အမှတ်မဲ့ နေခဲ့ပေမယ့် ရော်နယ်ဒိုကတော့ အဲဒီဘောလုံးအသစ်နဲ့ ကျင့်သားရနေအောင် အထပ်ထပ်အခါခါ လေ့ကျင့်နေခဲ့ပါတယ်။
သူတို့လူငယ်ဘဝက သူ့ထက် ခြေစွမ်းသာလို့ အသင်းကြီးတွေက ခေါ်ယူသွားတဲ့ ဘောလုံးသမားတွေ အခု မထင်မရှားဘဝနဲ့ ပြီးဆုံးသွားတဲ့အချိန်မှာ ရော်နယ်ဒို ဆိုပြီး အောင်မြင်နေရတဲ့ အဓိကအကြောင်းကတော့ အဲဒီ စိတ်အားထက်သန်မှုပါပဲ။ တကယ်တော့ အဲဒီစိတ်ဟာ အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုကြားက အကြီးမားဆုံးသော ခြားနားချက်လည်းပဲ ဖြစ်ပါတယ်။
၂။ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်ခြင်း (Self-control)
အောင်မြင်ချင်ဇောနဲ့ မလုပ်သင့်တဲ့ အပြုအမူတချို့ လုပ်ခဲ့ပေမယ့် သူ့ရဲ့လေ့ကျင့်မှု၊ ကိုယ့်ကိုယ်ကိုယ် ပျိုးထောင်မှုနဲ့ ပတ်သက်ရင်တော့ ရော်နယ်ဒိုဟာ အင်မတန်မှကို Self-control မြင့်မားသူ ဖြစ်ပါတယ်။ သူ လေ့ကျင့်ခန်းပျက်ကွက်တာ၊ အစားအသောက်မှားတာ တစ်ခါမှ မမြင်ဖူးဘူးလို့ ရီးရဲအသင်းတာဝန်ရှိသူတွေက ပြောဖူးပါတယ်။ ဘောလုံးသမားတွေ အောင်မြင်လာရင် အကျင့်ပျက်လာကြတယ်။ ငွေကလည်း ပေါလာတာကိုး။ ဆေးလိပ်သောက်တာ၊ ဘားမှာ ကဲနေတာ၊ မိန်းမကိစ္စတွေ ပါလာတာ၊ ဒါတွေ ရှိလာတယ်။ ရော်နယ်ဒိုမှာတော့ အဲဒီလိုပြဿနာတွေ အင်မတန်မှကို နည်းခဲ့တယ်။ ရလဒ်အနေနဲ့ ဒဏ်ရာပြဿနာလည်း တအားနည်းတယ်။ ဒါကြောင့်လည်း ခုလိုနှစ်ပေါင်းများစွာ အောင်မြင်နေခဲ့တာလို့ ဆိုနိုင်ပါတယ်။
၃။ မိမိကိုယ်ကို သိခြင်း (Self-awareness)
ရော်နယ်ဒို အသက် ၃၀ ပြည့်တဲ့နှစ်မှာ တိုက်တိုက်ဆိုင်ဆိုင် ခြေစွမ်းကျနေတဲ့ အခိုက်အတန့်နဲ့ ဆုံသွားပါတယ်။ ဒီတော့ ရော်နယ်ဒိုခေတ် ပြီးဆုံးသွားပြီလို့ ထင်မြင်ယူဆတာတွေ ရှိလာတယ်။ ဒါပေမယ့် ခက်ခဲတဲ့ အခြေအနေတွေကနေ ပြန်လာလေ့ရှိတဲ့ ထုံးစံအတိုင်းပဲ ရော်နယ်ဒိုဟာ အောင်မြင်မှုတွေဆီ ပြန်ရောက်လာခဲ့တယ်။
ဘယ်လိုပုံစံနဲ့လဲ ဆိုတော့ ပုံစံအသစ်နဲ့ပါ။ ကိုယ့်ကိုယ်ကိုယ် သိတယ်။ ကိုယ့်အနေအထားကို နားလည်တယ်။ အသက်အရွယ်အရ အရင်လို တစ်ကွင်းလုံးပတ်ပြေး ကစားလို့မရတော့ဘူး။ ပွဲတိုင်း ဝင်ကန်ချင်လို့ မရတော့ဘူး။ ပုံစံပြောင်းကစားတယ်။ ဂိုးသွင်းနိုင်ဖို့ကိုပဲ ဦးစားပေးလာတယ်။ ကစားပုံက မဟာဗျူဟာ ပိုကျလာတယ်။ ရာသီကုန်ခါနီးမှာ ပွဲမပန်းတဲ့အပြင် အင်ပြည့်အားပြည့် ဖြစ်နေတယ်။
မရှိတာထက် မသိတာခက် ဆိုတဲ့စကားကို အရင်က နားမလည်ခဲ့ပါဘူး။ ဒါပေမယ့် ကိုယ့်အားသာချက်၊ အားနည်းချက် ကိုယ်မသိ၊ ကိုယ့်အသက်အရွယ်၊ ကိုယ့်အနေအထားနဲ့ အကောင်းဆုံး ဘာလုပ်သင့်မှန်းမသိ ဖြစ်နေတဲ့သူတွေ တွေ့ရပါ များလာတဲ့အခါမှာမှ ဒီစကားကို နက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့ပါတယ်။
၄။ အခက်အခဲကို အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း (Changing Problem to Blessing)
ရော်နယ်ဒိုဟာ အလားအလာရှိတဲ့ လူငယ်ကစားသမားတစ်ယောက်အဖြစ် မန်ချက်စတာ ယူနိုက်တက်ကို ရောက်လာပါတယ်။ အရည်အချင်းရှိတယ်။ အောင်မြင်ချင်စိတ် ပြင်းပြတယ်။ တစ်ဖက်မှာလည်း ကိုယ်ရည်သွေးချင်တယ်တစ်ကိုယ်ကောင်းဆန်ချင်တယ်။ ဒီအခါ ထင်သလောက် အလုပ်မဖြစ်ဘူး။ အသင်းနဲ့ အံမဝင်ဘူး။
၂၀၀၆ ခုနှစ်အထိ အဲဒီလိုဖြစ်နေတဲ့ လူငယ်တစ်ယောက်ဟာ ၂၀၀၇ မှာ ကမ္ဘာ့အကောင်းဆုံးစာရင်းဝင် ဖြစ်လာတယ်။ ၂၀၀၈ မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား စဖြစ်တယ်။
ဘယ်အရာက ပြောင်းလဲပေးလိုက်တာလဲ
အသက် ၂၀ ကျော်လူငယ်တစ်ယောက်အနေနဲ့ဆိုရင် ကြီးမားလွန်းတဲ့ ပြဿနာတစ်ရပ်က ပြောင်းလဲပေးလိုက်တာပါ။ ၂၀၀၆ ကမ္ဘာ့ဖလားမှာ ယူနိုက်တက်အသင်းဖော် ရွန်နီနဲ့ ပြဿနာဖြစ်ပြီး ရွန်နီက အနီကဒ်နဲ့ အထုတ်ခံရတယ်။ အဲဒီပွဲမှာပဲ အင်္ဂလန်က ပေါ်တူဂီကို ရှုံးပြီး ကမ္ဘာ့ဖလားက ထွက်လိုက်ရတယ်။ ဒီမှာတင် အင်္ဂလန်တစ်နိုင်ငံလုံးရဲ့ အမျက်ဒေါသက ရော်နယ်ဒိုဆီ ရောက်လာတယ်။ သစ္စာဖောက် ဆိုပြီး သုံးနှုန်းကြတယ်။ အသင်းကနေ ထွက်ရမလိုဖြစ်လာတယ်။
သို့သော် ဖာဂူဆန်ရဲ့ အထိန်းသိမ်းတော်မှု၊ ရွန်နီရဲ့ သဘောထားကြီးမှုတွေနဲ့အတူ ဆက်ကစားဖြစ်တယ်။ ကစားသမျှ ပွဲတိုင်းမှာ အလှောင်ပြောင်ခံရတယ်။ ဒါပေမယ့် တော်ရုံလူဆို နောက်တွန့်သွားမယ့် အဲဒီလှောင်ပြောင်မှုတွေက သူ့ကိုတော့ အောင်မြင်မှုဆီ တွန်းပို့ပေးခဲ့တယ်။ သူ့အသင်းဖော် ဖာဒီနန်က ခုလိုပြောခဲ့ပါတယ်၊ “လွန်ခဲ့တဲ့လအနည်းငယ်က သူ ဘောလုံးထိတိုင်းလှောင်ပြောင်ခဲ့ကြသူတွေဟာ ခုတော့ သူဘောလုံးထိတိုင်း မတ်တပ်ထ ကြည့်ရတဲ့အခြေအနေ ဖြစ်နေပါပြီ”
ဘဝမှာ ကိုယ့်ကို အထင်သေးတဲ့သူ၊ ကဲ့ရဲ့တဲ့သူ၊ ပြစ်တင်နေတဲ့သူတွေရဲ့ ပါးစပ်ကို ပိတ်ပစ်နိုင်တာ တစ်ခုတည်း ရှိပါတယ်။ အဲဒါကတော့ ကိုယ့်အောင်မြင်မှုပါပဲ။
တစ်ခုတော့ ရှိပါတယ်။ ကြောက်လန့်ပြီး ရင်မဆိုင်ချင်လို့ ထွက်ပြေးရုံနဲ့တော့ ပြဿနာတွေဟာ သူ့အလိုလို အခွင့်အလမ်း ဖြစ်မလာပါဘူး။ ကဲ့ရဲ့ပြစ်တင်နေသူတွေ ပါးစပ်ပိတ်မသွားပါဘူး။ အဲဒါကို တည့်တည့်ရင်ဆိုင်ပြီး သူတို့မှားကြောင်းကို သက်သေပြနိုင်ဖို့တော့ လိုပါတယ်။ ။
၂၀၁၆ World Economic Forum မှာ ကမ္ဘာ့ ထိပ်တန်းခေါင်းဆောင်တွေကို တွေ့ဆုံမေးမြန်းတဲ့အခါ ၂၀၂၀ မှာ အကြီးအကျယ် အရေးကြီးလာတော့မယ့် ကျွမ်းကျင်မှုအသစ် အဖြစ် Emotional Intelligence ကို ထည့်သွင်းလာကြပါတယ်။
အကြောင်းမဲ့ မဟုတ်ပါဘူး။ သိပ်အရေးကြီးလို့ပါ။ အောင်မြင်မှုတိုင်းမှာ လူသိပ်မသိတဲ့ တိမ်မြုပ်နေတဲ့အပိုင်း ရှိတတ်တယ်ဆိုရင် သေချာတာက အဲဒီအပိုင်းဟာ EQ ပါပဲ။
EQ မြင့်သူတိုင်း မအောင်မြင်နိုင်ပေမယ့် အောင်မြင်သူတိုင်းကတော့ EQ မြင့်ကြပါတယ်။
Credit – ဒေါက်တာ ဖြိုးသီဟ
Photo credit