အားလုံး ပြင်ဆင်ပြီးမှ မင်္ဂလာပွဲကို အသိပေးလိုတဲ့ လီယမ်ဟန်းစ်ဝေါ့တ်နဲ့ မိုင်လီဆိုင်းရပ်စ်
===========================================================
လော့စ်အိန်ဂျလိစ်၊ မတ် ၁၉
လွန်ခဲ့သော နှစ်နှစ်ခန့်က အချစ်ရေးကို တစ်ဖန်ပြန်လည်စတင်ခဲ့ကြသော စုံတွဲနှစ်ဦးဖြစ်သည့် မင်းသားလီယမ်ဟန်းစ်ဝေါ့တ်နှင့် အဆိုတော်မိုင်လီဆိုင်းရပ်စ်တို့သည် အပူတပြင်း လက်ထပ်လို ကြသော်လည်း ကိုယ့်လက်ကိုယ့်ခြေဖြင့် ကိစ္စအဝဝကို ပြင်ဆင်လိုပြီး အစစအရာရာ ပြင်ဆင်ပြီး စီးချိန်အထိ မိသားစုနှင့် သူငယ်ချင်းများထံ ပြောပြမည်မဟုတ်ကြောင်း သိရသည်။
သတင်းရင်းမြစ်တစ်ခုက ”သူတို့ချစ်နေကြတာ ကိုးနှစ်နီးပါးလောက်ရှိနေပါပြီ။ ဒါပေမဲ့ အချိန်ကိုက်ပြင်ဆင်မှုက အခုထိကိုမမှန်နိုင်သေးဘူး။ သူတို့ရဲ့ များပြားတဲ့လုပ်ငန်းတွေ၊ အသက်တွေနဲ့ မိသားစုရေးရာတွေကြောင့် လက်ထပ်ဖို့အခက်အခဲဖြစ်နေဆဲပါ”ဟု ‘Entertainment Tonight’ အစီအစဉ်ကို ပြောကြားခဲ့သည်။ ၎င်းကဆက်ပြီး ”မိုင်လီမှာ မတူညီတဲ့ လက်ထပ်ဖို့အစီအစဉ်တွေ ရှိပါတယ်။ သူဟာမတူညီတဲ့ အတွေ့အကြုံတွေရစေဖို့ အိုင်ဒီယာအသစ်တွေနဲ့ ဖန်တီးနိုင်မှုတွေကို အမြဲတမ်းလုပ်နေတာပါ။ သူက အရမ်းကို သိုဝှက်တတ်တဲ့သူဆိုတော့ ဘာကိုမှ ကြေညာမှာမဟုတ်ပါဘူး။ သူ့ သူငယ်ချင်းတွေသာ နောက်ဆုံးမှ သိရမှာပါ။ သူတို့စိတ်ကြိုက် ဒီအချိန်မှာတော့ ပြင်ဆင်နေကြပါ တယ်”ဟု ပြောကြားခဲ့သည်။
အသက် (၂၅)နှစ်အရွယ် အဆိုတော်မိုင်လီသည် သြစတေးလျမင်းသားချောနှင့် ၂ဝ၁ဝ ခုနှစ်တွင် ‘The Last Song’ ရုပ်ရှင်၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး နှစ်နှစ်အကြာတွင် စေ့စပ်လိုက် ကြောင်း ကြေညာခဲ့သည်။ မိုင်လီ၏မိဘများက အသက်(၂၈)နှစ်အရွယ် မင်းသားဖြစ်သူကို ချစ်ခင်သော်လည်း လီယမ် ၏မိသားစုက မိုင်လီအပေါ် လိုလိုလားလားမရှိပေ။ အတွင်းသတင်းတစ်ခု၏ အဆိုအရ လီယမ်၏ မိဘများသည် မိုင်လီအပေါ် အမြင်မကြည်လင်ဘဲ ဆတ်ဆတ်ထိမခံသည့် အကျင့်ကိုလည်း မကြိုက်နှစ်သက်ကြောင်း သိရသည်။
ဝိုင်နေ
Ref: contactmusic