ရာသီကုန်မှာကစားသမားဘ၀ကနေအနားယူတော့မယ့် မိုက်ကယ်ကားရစ်

ရာသီကုန်မှာကစားသမားဘ၀ကနေအနားယူတော့မယ့် မိုက်ကယ်ကားရစ်

=============================

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ၀ါရင့်ကွင်းလယ်ကစားသမား မိုက်ကယ်ကားရစ်ဟာ ကစားသမားဘ၀ကို (၁၉)နှစ်ကြာဖြတ်သန်းခဲ့အပြီး ယခုရာသီအကုန်မှာ ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ကနေ အနားယူတော့မှာဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

အသက်(၃၆)နှစ်ရှိပြီဖြစ်တဲ့ ကားရစ်ဟာ ၀က်စ်ဟမ်းအသင်းရဲ့ နာမည်ကျော် လူငယ်အကယ်ဒမီမှ ပေါ်ထွက်ခဲ့သူဖြစ်ပြီး ၁၉၉၉ ခုနှစ်မှာ ပထမဆုံးပွဲထွက်ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၀၄ ခုနှစ်မှာ လန်ဒန်ကလပ် စပါးစ်အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။

စပါးစ်အသင်းမှာ (၂)ရာသီဖြတ်သန်းပြီးနောက် ကားရစ်ဟာ ပြောင်းရွှေ့ကြေး ပေါင် (၁၄)သန်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကစားခဲ့ပါတယ်။ အဲဒီနောက် အသုံးပြုခဲ့ရတဲ့ ပြောင်းရွှေ့ ကြေးနဲ့ တကယ်ပဲထိုက်တန်တယ်ဆိုတာကို ပွဲစဉ်တွေအတွင်း လွှမ်းမိုးကစားနိုင်ခြင်း အားဖြင့် သက်သေပြခဲ့ပါတယ်။

ကားရစ်ဟာ မန်ချက်စတာယူနိုက်တက်ကစားသမားဘ၀မှာ ပရီးမီးယားလိဂ် ချန်ပီယံ(၅)ကြိမ် အပြင် ချန်ပီယံလိဂ် ၊ ယူရိုပါလိဂ် ၊ FA ဖလား ၊ EFL Cup ချန်ပီယံဆုတွေကိုပါ ဆွတ်ခူးရရှိထားပါတယ်။

ယခုရာသီတွင်းမှာတော့ ကားရစ်ဟာ နှလုံးခုံနှုန်းပုံမှန်မဟုတ်တဲ့ ဝေဒနာကြောင့် (၄)ပွဲသာ ပါဝင်ကစား ခွင့်ရရှိခဲ့ပြီး ကုသမှုတွေတောက်လျှောက်ပြုလုပ်ခဲ့ရပါတယ်။

ဆီဗီးလားအသင်းနဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ကားရစ်ကပြောကြားရာမှာတော့ – “ အားလုံး လက်မခံချင်တဲ့ အချိန်တစ်ခုကို ရောက်လာပါတော့မယ်။ ဒါကတော့ ဘောလုံးကစားသမားဘ၀ကနေ အနားယူဖို့ပါ။ ဒါဟာ ကျွန်တော့်နေရာတစ်ခုမှာတော့ လှပတဲ့ မှတ်တိုင်တစ်ခုပါ။ ကျွန်တော့်မှာ ဒဏ်ရာ ပြဿနာတွေရှိခဲ့ပါတယ်။ စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး တနင်္ဂနွေနေ့က အရင်ရောဂါ ပြန်ထလာပါတယ်။ ဒီတစ်ပတ်ထဲ ကုသမှုတွေလုပ်ရမယ်။ ခုတော့ ကောင်းနေသေးတယ်။ ပြန်ကောင်းလာဖို့ အချိန်ယူရပါ မယ်။ ပြီးခဲ့တဲ့ (၃)ရက်လောက်က ကျွန်တော်စဉ်းစားခဲ့သေးတယ်။ ကျွန်တော်ဆက်ကစားတာ အကျိုး ရှိသေးတယ်လို့။ ဒါပေမယ့် ဒါကလည်း ကျွန်တော် ကြံ့ခိုင်မှု ပြည့်ဝနေမှဖြစ်မှာပါ။ ကျွန်တော် ကစားသမားဘ၀ကနေ အဆုံးသတ်ချင်ခဲ့ပါတယ်။ ဒါမှ ကျွန်တော် ကြံ့ခိုင်မှုပြန်ပြည့်ဝလာမှာပါ။ ” လို့ ဆိုပါတယ်။
——————-
FOX SPORTS Asia


Leave a Reply

Your email address will not be published. Required fields are marked *

*